(006SV)
ချင်းပြည်ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေတွင် ချင်းပြည်နယ်မှာ မြို့နယ်နှင့် ဒေသများကို ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့် ပေးထားပြီး ဒေသန္တရအစိုးရများသည် အကြံပေးအဖွဲ့များ ထားရှိနိုင်ကြောင်း သိရသည်။
မြို့နယ်နှင့် ဒေသ၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို တော်လှန်ရေးကာလအတွင်း ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ယင်းဥပဒေကို မတ်လ ၁၃ ရက်က ချင်းလဲန်းကောင်စီ၊ ချင်းပြည်လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်ပြီး ဧပြီလ ၆ ရက်က အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြို့နယ်နှင့် ဒေသ အုပ်ချုပ်ရေးအဖွဲ့များသည် ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) နှင့် ချင်းပြည်လွှတ်တော်မှ ပြဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်သော နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ပြဌာန်းပိုင်ခွင့် ရှိသည်ဟု သိရသည်။
ချင်းပြည်အစိုးရနှင့် ပူးပေါင်း၍ မိမိတို့ နယ်မြေအတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ ဝန်ဆောင်မှုများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။
ဒေသန္တရအစိုးရများသည် လိုအပ်ပါက နာယကအဖွဲ့ သို့မဟုတ် အကြံပေးအဖွဲ့များ ထားရှိနိုင်ကြောင်း၊ မိမိတို့နယ်မြေ၏ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာသာယာ အေးချမ်းရေးအတွက် ချင်းပြည်အစိုးရ ဝန်ကြီးဌာနနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
အခွန်အခများကိုလည်း ချင်းပြည် အခွန်အကောက် ဥပဒေ (၂၀၂၅)၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကောက်ခံပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ကိုလည်း ဒေသန္တရအစိုးရများကို လုပ်ပိုင်ခွင့်ပေးထားသည်ဟု သိရသည်။
သက်တမ်း ၂ နှစ် ရှိမည့် ဒေသန္တရအစိုးရများသည် သက်ဆိုင်ရာ ဒေသန္တရအတွင်း အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်ရမှာဖြစ်ပြီး ၎င်းတို့ကို ရွေးကောက်ပွဲကော်မတီ ဖွဲ့စည်း၍ သက်ဆိုင်ရာမြို့နယ်နှင့် ဒေသဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ဒီမိုကရေစီနည်းကျ ရွေးချယ်ရမည်ဟု ပြဌာန်းထားသည်။
ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသည် မိမိမြို့နယ်နှင့် ဒေသအတွင်းမှာ ဖြစ်စေ၊ မြို့နယ်နှင့် ဒေသတခုနှင့် တခုအကြားမှာဖြစ်စေ ဖြစ်ပေါ်လာသည့် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှု ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်ရာတွင် ညှိနှိုင်း၍ မရသော အငြင်းပွားမှု ပဋိပက္ခများကို ချင်းပြည်အစိုးရနှင့် ပူးပေါင်းဖြေရှင်းခြင်း၊ ချင်းပြည်အစိုးရသို့ လွှဲပြောင်းခြင်းကို ဆောင်ရွက်နိုင်သည်ဟု ပြဌာန်းချက်တွင် ဖော်ပြထားသည်။
မြို့နယ် နှင့် ဒေသဖွဲ့စည်းမှုကို ပြင်ဆင်ရန် သို့မဟုတ် အသစ်ဖွဲ့စည်းရန် လိုအပ်ပါက ချင်းပြည်ကောင်စီမှ ရေးဆွဲထားသော သတ်မှတ်စံနှုန်းများနှင့်အညီ သက်ဆိုင်ရာ မြို့နယ်၊ ဒေသများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။
မြို့၊ တိုက်နယ်၊ ဧရိယာ နှင့် အုပ်စု အုပ်ချုပ်ရေးအဖွဲ့များကို ဥက္ကဌ၊ အတွင်း ရေးမှူးစနစ်ဖြင့် ဖွဲ့စည်းကြရမှာဖြစ်ပြီး အိမ်ခြေ အနည်းအများပေါ် မူတည်၍ အနည်းဆုံး ၅ ဦးမှ အများဆုံး ၁၁ ဦးဖြင့် ဖွဲ့စည်းခွင့်ပြုထားသည်။
ချင်းပြည် ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေကို ချင်းလဲန်းကောင်စီ၊ ချင်းပြည်လွှတ်တော်က ပြဌာန်းလိုက်ခြင်းဖြစ်ပြီး ချင်းပြည်အစိုးရနှင့် မြို့နယ်၊ ဒေသ ချင်းတော်လှန်ရေးအင်အားစုများသည် ယင်းနှင့်အညီ ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်မှုကို အကောင်အထည် ဖော်ကြမည်ဖြစ်သည်ဟု သိရသည်။
ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) နှင့် ချင်းညီနောင်အဖွဲ့တို့သည်လည်း ၎င်းတို့ထိန်းချုပ်နယ်မြေတွင် မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးယန္တရာများကို အကောင်အထည်ဖော်လျက်ရှိသည်။