Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»အိုင်ဇောလ်မြို့က ချင်းတော်လှန်ရေးအင်အားစု ၂ ဖွဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် ချင်းအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားအမြင်စုစည်းမှု

အိုင်ဇောလ်မြို့က ချင်းတော်လှန်ရေးအင်အားစု ၂ ဖွဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် ချင်းအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားအမြင်စုစည်းမှု

0
By Editor on September 26, 2024 Featured

(006SV/004SS)

အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zo Reunification Organization (ZORO) ရဲ့ ဦးဆောင်မှု ဖြင့် ချင်ပြည်အစိုးရ/CNF နဲ့ ICNCC/CB တို့ စက်တင်ဘာလ ၂၁ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကနဦး သဘောတူညီချက် ၅ ချက်ကို ရရှိခဲ့ကြပါတယ်။

ခုခံတောလှန်စစ်အားကောင်းတဲ့ ချင်းပြည်မှာ တော်လှန်ရေးကာလ ၃ နှစ်ကျော်လာတဲ့အချိန်မှာ ချင်းတော်လှန်ရေးအင်အားစုတွေကြား နိုင်ငံရေးသဘောထားကွဲလွဲမှုရှိလာပြီး ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့အဖွဲ့နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ထောက်ခံတဲ့အဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့တာဖြစ်ပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲမှာ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကြား အပြန်အလှန်ပစ်ခတ်မှုထိဖြစ်ပွားပြီး နှစ်ဖက်ရဲဘော်ကျဆုံးမှုအထိ ရှိခဲ့ပါတယ်။ ခုလို နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် အချင်းချင်းကြား ပစ်ခတ်မှုရှိလာတဲ့အပေါ် ZORO အဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ကြားဝင်ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။

ZORO အဖွဲ့ဟာ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စတဲ့ ၃ နိုင်ငံမှာ ကွဲပြားနေထိုင်ခဲ့ကြရတဲ့ ချင်း-ကူကီး-မီဇိုး (လူရှိုင်း) မျိုးနွယ်စုတွေကို အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်ပေါင်းစည်းနေထိုင်ရေးအတွက် ဦးဆောင်လှုပ်ရှားနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

ခုလို ညီအကိုချင်းလူမျိုးတွေအကြား နိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်နေတဲ့အပေါ် စည်လုံးညီညွတ်ရေးပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပြီး ချင်ပြည်အစိုးရ/CNF နဲ့ ICNCC/CB တို့ ယခင်က သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲကို ဦးဆောင်စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။

ZORO အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုတွေရဲ့ ပြန်လည်ပေါင်းစည်းရေးခြေလှမ်းကဘယ်လိုရှိလာနိုင်ပါလဲ? ချင်းတော်လှန်ရေး အင်အားစုတွေအကြား ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဘာတွေဆောင်ရွက်ဖို့ လိုအပ်သလဲ? ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းနိုင်ငံ ရေး၊ စစ်ရေးကိုလေ့လာစောင့်ကြည့်နေကြတဲ့ ချင်းအရပ်ဖက်အဖွဲ့အစည်း၊ တတ်သိပညာရှင်တွေရဲ့ အမြင်တစ်ချို့ကို စုစည်းတင်ဆက်ထားပါတယ်။

မရိုစလင်း ဇာဟောင် – (ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဘာသာရပ်အထူးကျွမ်းကျင်သူ)

“ပထမမေးခွန်းကို ဖြေကြည့်ဖို့ကြိုးစားရရင် CC နဲ့ CNF ပေါ့တဖက်ခြမ်းမှာ၊ တဖက်ခြမ်းမှာကျတော့ ICNCC နဲ့ CB ပေါ့နော်၊ သူတို့တွေ့ဆုံပြီးတော့ သဘောတူထားတဲ့အချက် ၅ ချက်ကိုတွေ့ရတော့ ဘာပဲဖြစ်ဖြစ် အကွဲအပြဲတွေ အချင်းချင်းတိုက်ခိုက်တဲ့ အခြေအနေကနေ ဒီလိုမျိုးတွေ့ဆုံကြပြီးတော့ သဘောတူညီချက်တွေထွက်လာတယ်ဆိုတာ ကြိုဆိုရမယ့်ခြေလှမ်းတွေပေါ့နော် ဘယ်သူ့တွက်မဆိုအကုန်လုံးက ဝမ်းသာကြမယ်ထင်ပါတယ်၊ ဒါပေမယ့် တဆက်တည်းမှာပဲ CC ကြားထဲမှာဖြစ်ဖြစ် ICNCC/CB ကြားထဲမှာဖြစ်ဖြစ်ပေါ့နော် အကြေအလည်ဆွေးနွေးပြီးတော့ နှစ်ဖက်စလုံးကအကုန်သဘောတူညီပြီးမှ ဒီတွေ့ဆုံပွဲမှာတက်လာ ကြတာဆိုလို့ ရှိရင်တော့ ကောင်းတာပေါ့နော် အဲလိုမဟုတ်ဘဲနဲ့ CC နဲ့ CNF ကြားထဲမှာလည်း ခေါင်းဆောင်ပိုင်းကဘဲ သူ့ဘာ သာသူ တက်လာပြီးတော့ CC ထဲပါတဲ့အဖွဲ့တွေအကုန်လုံးနဲ့ ကြေကြေလည်လည်အရင်ဆွေးနွေးပြီးမှ သူတို့ရဲ့ Mandate နဲ့ ဒါတွေဒါတွေတော့ပြောဖို့အဆင်ပြေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့တက်လာတယ်ဆိုရင်တော့ အဆင်ပြေမယ်လို့မြင်ပါတယ်၊ အဲလိုမဟုတ်ဘဲနဲ့ CC နဲ့ CNF ဘက်ကလည်း ခေါင်းဆောင်ပိုင်းတွေပဲအရင်ဆွေးနွေးပြီးတော့ သူတို့အပေါ်ပိုင်းကလူတွေ ဆွေးနွေးတာလောက်နဲ့ပဲ ဒီမီတင်ကိုတက်လာပြီးတော့ ဒီသဘောတူညီချက် ၅ ချက်ကိုထုတ်ပြန်တာမျိုး၊ အလားတူပဲ တဖက်ခြမ်းက ICNCC/CB အဖွဲ့တွေအကုန်လုံးကြားမှာ ကြေကြေလည်လည်ဆွေးနွေးပြီးတော့ ဒါတွေတော့ ပြောသင့်ပါ တယ် ဒါတွေတော့သဘောတူသင့်ပါတယ်ဆိုတဲ့ consensus တွေ ဒါမှမဟုတ် အများသဘောတူလား၊ ဒါမှမဟုတ် အားလုံးက လက်ခံနိုင်လောက်တဲ့ ဘုံသဘောထားတူညီချက်တွေနဲ့တက်လာတာမျိုးမဟုတ်ဘဲနဲ့ ဒီမီတင်မှာတက်လာတဲ့ လူတွေလောက်ပဲ အိုင်ဇောလ်တဝိုက်မှာနေနေလို့ မီတင်တက်လာဖို့အဆင်ပြေနေလို့ Logistic အရအဆင်ပြေနေလို့ အဲလိုတက်လာတဲ့လူတွေကပဲ ခဏတဖြုတ်အရင်တွေ့ကြပြီး လောလော လောလောနဲ့ တွေ့ဆုံကြပြီးတော့ Point တွေ သယ်လာပြီးတော့ ဒီမီတင်မှာတွေ့ဆုံကြ ပြီးတော့ အများရဲ့ရှေ့မှာ ZORO လည်းပါနေတော့လေ အများရဲ့ရှေ့မှာ အားလုံးရဲ့ ဖိအားတွေသက်သက်ကြောင့်ပဲ ဒီဘုံသဘော ထားတူညီချက် ၅ ချက်က ထွက်လာတာမျိုးဆိုလို့ရှိရင် ပိုပြီးလို့ တောင်မှသတိထားပြီးတော့ စောင့်ကြည့်ရမယ့် အချက် ၅ ချက် လို့မြင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြဿနာတွေ အကွဲအပြဲတွေထွက်လာတယ်ဆိုတာကလည်း အချင်းချင်းကြားထဲမှာ ကြေကြေလည်လည်ဆွေးနွေးတာမျိုးမရှိဘဲနဲ့ Implement လုပ်လိုက်တဲ့ Political step တွေ၊ Military step တွေကြောင့်မို့လို့ ကျမတို့ဒီအခြေအနေကိုရောက်လာ တာပေါ့နော် ဆိုတော့ အဲလို step မျိုးတွေထပ်မရှိလာဖို့အတွက် ဆိုလို့ရှိရင် ကြေကြေ လည်လည်အရင်ဆွေးနွေးပြီးမှ Stakeholder တွေအကုန်လုံးနဲ့ ဆွေးနွေးပြီးမှပဲ ဒီလိုမျိုးအများစုံညီတွေ့ ဆုံပွဲတွေမှာ သွားတာ စကားပြောတာ သဘောတူ ညီချက်တွေလုပ်တာ ကောင်းမယ်လို့ ထင်ပါတယ်”

“အခုအခြေအနေကိုကြည့်မယ်ဆိုလို့ရရှိင် အချင်းချင်းအပေါ်မှာသွေးထွက်သံယိုမှုဖြစ်သွားတဲ့အထိ ရောက်သွားကြပြီ ဆိုတော့ အဲဒီအခြေအနေကနေ ပြန်လှည့်လာပြီးတော့ ပြန်ပေါင်းစည်းဖို့ဆိုတာက နည်းနည်းအလှမ်းဝေးနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ချင်းလဲန်းကောင်စီကလည်း သူတို့ရေးထားပြီး Constitution တွေ Government ဆိုတဲ့ဟာတွေ ပယ်ချထားနိုင်ဖို့ ဒီဘက်က လည်း ICNCC ဆိုတဲ့နာမည်နဲ့မှ သွားမယ် Chin Brotherhood ဆိုတဲ့နာမည်နဲ့မှသွားမယ်ဆိုတဲ့ ဟာမျိုးမဟုတ်ဘဲနဲ့ နာမည်ကို လည်း ကျနော်တို့ထားခဲ့သင့်ရင် ထားခဲ့မယ် ရေးထားပြီးသား Document တွေကိုလည်း လှစ်လျှူရှုထားဖို့လို အပ်တယ်ဆိုလို့ရှိ ရင်လည်း လှစ်လျှူရှုထားဖို့ ကျနော်တို့ Ready ဖြစ်ပါတယ်ဆိုတဲ့ တကယ့် Open Mind နဲ့ ဘာဆိုဘာမှ Precondition မထား ဘဲနဲ့ တွေ့ဆုံနိုင်မယ့်တနေ့မှာမှ အဆင်ပြေမယ်လို့မြင်ပါတယ်၊ ခုနအပေါ်ပိုင်းကဟာနဲ့ ချိတ်ဆက်ပြီးတော့ပြန်ပြောရရင် Open Process တွေထွက်လာနိုင်ဖို့ဆိုတာကလည်း ရှိနေပြီးသား အစုအဖွဲ့တွေအသီးသီး ကြားထဲမှာ ပါဝင်တဲ့ Stakeholder အကုန်လုံး စုပြီးတော့ စကားပြောကြပြီးတော့ Common Ground ၊ Common Position တွေအရင်ယူဖို့လိုမယ်ထင်ပါတယ် ကြေကြေ လည်လည်နဲ့ အချင်းချင်းကြားထဲမှာဆွေးနွေး အဲဒါပြီးမှ Open Process နဲ့တွေ့မယ်ဆိုတဲ့ဟာမျိုးနဲ့ ကျနော်တို့ ကျမတို့ အစကနေ ပြန်စနိုင်မှ ပြန်လှည့်နိုင်မယ့်အခြေအနေမှာရှိမယ်လို့ထင်ပါတယ် တကယ် Open Process နဲ့ ပြန်စနိုင်မလားဆိုတာကတော့ ပါဝင်တဲ့ Stakeholder အကုန်လုံးပေါ်မှာမူတည်တယ်လို့မြင်ပါတယ်”

Edward Andrew – (Chin Civil Movement – CCM ပြောရေးဆိုခွင့်ရှိသူ)

“ဒီသတင်းကိုဖတ်မိတော့ အားရမိပါတယ်။ ကျနော်တို့ Chin Civil Movement – CCM လှုပ်ရှားမှုအနေနဲ့လဲပဲ ဒီလိုအခင်းကျင်း ဖြစ်ဖို့ တချိန်လုံးတိုက်တွန်းခဲ့တာ ဖြစ်တော့ ဒီအခင်အကျင်းကို မြင်ရတော့ ZORO အဖွဲ့ကို ကျေးဇူးတင်တယ်။ မီဇိုရမ်အစိုးရ ကိုလည်း ကျေးဇူးတင်တယ်။ တဖက်မှာ ကျနော်တို့ ဒီအချက် (၅) ချက်ကိုကြည့်တော့ နှစ်ပိုင်း ပြောစရာရှိတယ်ပေါ့။ နံပါတ် (၁) ဒီသဘောတူညီမှု လုပ်ပြီးနောက်ပိုင်း တခုခုဖြစ်လာခဲ့ရင် ဘယ်လိုအရေးယူမယ်၊ အခုလိုဆက်မဖြစ်ဖို့ တဖွဲ့နဲ့ တဖွဲ့ ယာယီခပ် ဝေးဝေးနေကြဖို့ ဆိုတာမျိုးကို မတွေ့ရဘူး။ နံပါတ် (၂) အချက်ကတော့ နံပါတ် (၅)မှာပေါ့နော် သူက action point ဖြစ်တယ် လို့မြင်တယ်။ သို့သော် ဘယ်လိုကာလမှာ ဘယ်လိုပြန်တွေ့မယ်ဆိုတဲ့ အချက်မတွေ့ရသေးဘူး။ ဒါကလဲ ကျနော် အရမ်းမျှော်လင့် လို့လည်း ဖြစ်မယ်ထင်တယ် ပေါ့နော် (ဆန္ဒစောတာပေါ့)။ ကျနော့်အကြံပြုချက်ကတော့ အခုတွေ့ဆုံမှုကို နှစ်ဖက် အစုအဖွဲ့များ အနေနဲ့ အလေးအနက်ထားပြီး၊ တန်ဖိုးထားပြီး ဆက်လက်သယ်သွားဖို့နဲ့ အကောင်အထည်ဖော်သွားဖို့ အကြံပြုချင်ပါတယ်”

ဆလိုင်းဒိုခါရ် – (India for Myanmar တည်ထောင်သူ)

“ဒီတွေဆုံဆွေးနွေးမှုအတွက် ဝမ်းသာတယ်၊ တစ်ဆက်တည်းမှာပဲ တစ်ဘက်မှာ စိုးရိမ်တာက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုင်းကလဲ အကုန်လုံး‌မအောင်မြင်တတ်တော့ ကျွန်တော်တို့ ချင်းအချင်းချင်းညှိနှိုင်းမှုအောင်မြင်အောင် စနစ်တကျ ချဉ်းကပ်နိုင်ဖို့ လိုတယ် ဆိုတဲ့ဟာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့အတွေ့အကြုံအရ ချင်းအတွင်းမှာ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းလာခဲ့ပေမဲ့ အမြဲတမ်းလိုလို မအောင်မြင်ခဲ့တဲ့အကြောင်းအရာက ကျွန်တော်တို့ ချင်းအရေး အဖြေရှာတဲ့ ချဉ်းကပ်မှု အားနည်းချက်ကြောင့်လို့ ကျွန်တော်ကတော့ ယူဆတယ်။

ဒီတစ်ခါ အခုလို ဆွေးနွေးညှိနှိုင်းမှုလဲပေါ်လာတယ်၊ ဆွေးနွေးမှုကိုလဲ ပိုပြီးစနစ်တကျ လုပ်လာတော့မယ်ဆိုရင် အဓိက ချဉ်းကပ် နည်းမမှားဖို့ပေါ့နော်၊ ချဉ်းကပ်မှုမှားရင် ချင်းပြည်ကတော့ ဆက်လက်ရှုံးအုံးမယ့်အနေအထားဖြစ်တာပေါ့၊ ဆိုတော့ ချဉ်းကပ်မှု မှန်မှန်ကန်ကန်နဲ့ သွားနိုင်ကြဖို့ကိုတော့ ‌ကျွန်တော်ကြိုဆိုရင်းနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

ကျွန်တော်တို့က လက်ရှိအချိန်မှာ သေချာတာတစ်ခုက မြို့သိမ်းတိုက်ပွဲလဲ စဆင်နွှဲနေကြပြီဆိုတော့ ၂၀၂၅ နှစ်ကုန်ပိုင်း လောက်မှာ လုံးဝရာနှုန်းပြည့်မဟုတ်ရင်တောင်မှ ၉၀ ရာခိုင်နှုန်းလောက်တော့ တော်လှန်ရေးအဖွဲ့က အပြည့်အဝ နေရာရ လာနိုင်ခြေရှိတယ်။ ဆိုတော့ ကျွန်တော်ကတော့ ချင်းအရေး အဖြေရှာတဲ့အချိန်မှာ တစ်ခါတည်းနဲ့ အဆင့်များစွာကိုလဲ ကျော်ပြီးတော့မှ တွေးကြည့်ဖို့ လိုတယ်လို့ ကျွန်တော်အကြံပြုချင်တယ်ပေါ့နော်။

ဘာဖြစ်လို့လဲဆိုတော့ အခုတော်လှန်ရေးကာလ ဖွဲ့စည်းပုံနဲ့ ချဉ်းကပ်တဲ့ဟာမျိုးဖြစ်တဲ့အတွက် အဖွဲ့အစည်းအသီးသီးရဲ့ Interests Base(အကျိုးစီးပွားကိုအခြေခံပြီး) နဲ့ ကျွန်တော်တို့ ဆွေးနွေးကြတဲ့အခါကျတော့ အလျှော့အတင်းလုပ်ရတာ တအားခက်တာပေါ့ နော်။ ဆိုတော့ အဲဒီဟာကို အဆင့်ကျော်ပြီးတော့မှ အသွင်ကူးပြောင်းရေးဖွဲ့စည်းပုံဟာလိုမျိုးကို ခေါင်းစဉ်တည်ပြီးတော့မှ ဆွေးနွေးတယ်ဆိုလို့ရှိရင် လက်ရှိ ICNCC ဘက်ကလဲ သူတို့ရဲ့ မိခင် အဖွဲ့အစည်းကိုထားခဲ့ စရာလဲမလိုဘူး၊ CC ချင်းလဲန်းကောင်စီ ကလဲ သူတို့ရဲ့အဖွဲ့အစည်းကို ဖျက်သိမ်းစရာလဲ မလိုဘူး။ ဒီအုပ်စုကနေ ကမကဌ ပြုပြီးတော့မှ လာမဲ့ ၂၀၂၅ လောက်ကို နောက်ဆုံး deadline ထားပြီးတော့မှ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံကာလ မူကြမ်း ဟာမျိုး ရေးဆွဲတယ်ဆိုရင်၊ ကျွန်တော်တို့ ချင်းပြည်အတွင်း ကျင့်သုံးလာဖို့ အထောက်အကူဖြစ်မဲ့ အသွင်ကူးပြောင်းရေး ကာလဆန်တဲ့ ဖွဲ့စည်းပုံမျိုးပေါ့နော် အဲဒါမျိုးကို ကြိုပြီးတော့မှ စဉ်းစားဆွေးနွေးတယ်၊ ချဉ်းကပ်တယ်ဆိုလို့ရှိရင်တော့ အဖြေရှာရ ပိုလွယ်ကူလိမ့်မယ်လို့တော့ ကျွန်တော်ထင် ပါတယ်”

ဆလိုင်း Van Sui San – (ချင်းရေးရာအဖွဲ့ချုပ် ICA လက်ထောက်ညွန်ကြားရေးမှူး)

“ဆွေးနွေးချက်မှာ ဘုံသဘောတူညီချက် ၅ ချက် ထွက်လာတဲ့အပေါ်မှာ ဒါဟာ ချင်းပြည် ပြန်လည်ထူထောင်ဖို့အတွက် ကနဦး ခြေလှမ်းအဖြစ် ကျနော်အနေနဲ့ သုံးသပ်ချင်ပါတယ်။ ဒီဟာက အင်မတန်အရေးကြီးတဲ့အရာနဲ့ ထိရောက်တဲ့အရာ ဖြစ်ဖို့ တော်တော်လိုအပ်ပါလိမ့်မယ်။ နောက်တချက်မှာ လက်တွေ့မှာ ဘယ်လိုအကောင်အထည်ဖော်လာမလဲဆိုတာ စောင့်ကြည့်ဖို့ လိုဦးမယ်လို့လည်း ထင်တယ်။ ဘာလို့လဲဆိုရင် ရှေ့မှာ သာဓကတွေလည်း ရှိခဲ့တယ်။ CJDC မှာဆိုရင် ချင်းပြည်နယ်မှာ ရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အကုန်လုံး ပူးပေါင်းပြီးမှ ဖွဲ့စည်းထားတာ ဖြစ်တယ်။ အဲမှာလည်း အရမ်းကောင်းတဲ့ မူဝါဒတွေ ချမှတ်ထားနိုင်ခဲ့တယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်တဲ့ အပိုင်းမှာ လိုအပ်ချက်တွေ အများကြီး ရှိလာတယ်။ လက်တွေ့ ဆွေးနွေး ညှိနှိုင်းတဲ့ နေရာမှာ၊ အကောင်အထည်ဖော်တဲ့ နေရာမှာ အများကြီး လိုအပ်ချက်တွေ ရှိလာတာ တွေ့ရတယ်ဆိုတော့ လက်တွေ့မှာ ဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတဲ့ အပိုင်းကိုတော့ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားလို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ ချင်းပြည်နယ်မှာ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ကြားမှာက စည်းလုံး ပူးပေါင်း မှုက ရှိပြီးသားပါ။ တကယ့် စည်းလုံးမှု လိုအပ်နေတာက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေမဟုတ်ပဲနဲ့ နိုင်ငံရေး ပလက်ဖောင်း မှာသာ စည်းလုံးမှုတွေက လိုအပ်ချက် ရှိနေတာ ဖြစ်တယ်။ ကျနော်အနေနဲ့က တော်လှန်ရေး အင်အားစုတွေ ဆိုတာထက် ချင်းပြည်နယ်မှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေကြားမှာ ဘယ်လို ရှေ့ဆက်ကြမလဲဆိုတဲ့ အပိုင်းကို ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားမှာပဲ ရှိသေးတယ်လို့ ပြောချင်ပါတယ်။ CJDC တုန်းကလည်း လက်နက်ကိုင်အဖွဲ့တွေ ကြားမှာ စည်းလုံးညီညွတ်မှု ရှိတယ်။ တသွေး၊ တသံထဲ ခြေလှမ်းလှမ်းနိုင်ခဲ့တယ်။ သို့သော် နိုင်ငံရေးပလက်ဖောင်းတွေရဲ့ မလိုအပ်ဘဲနဲ့ ပါဝင်မှုတွေ အရမ်းများ လာတဲ့အခါကြတော့ ပျက်စီးရခြင်းဖြစ်တယ်။ အဲလို သာဓကလေးတွေ ရှိတဲ့အတွက် နောက်ဆုံးအနေနဲ့ ပြောချင်တာက နိုင်ငံရေး ဦးဆောင်သူတွေက ဘယ်လို ခြေလှမ်းမျိုးနဲ့ လက်တွေ့ အကောင်အထည်ဖော်နိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.