#Interview
ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းမှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာပေါင်း ၁၄၀ ကျော်မှာ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသူကျောင်းသားပေါင်း ၈၀၀၀ ကျော်ကို ပညာသင်ကြားပေးနေသည်ဟု သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ CNO ၏ ပညာရေးဌာနမှ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ CNO ရဲ့ ဦးဆောင်မှုနဲ့ ဖလမ်းမြို့နယ်အတွင်းမှာ ကျောင်းများ ပြန်လည်ဖွင့်လင့်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရတယ်။ ခုလက်ရှိအနေအထားမှာ ကျေးရွာဘယ်နှစ်ရွာမှာ ကျောင်းပေါင်း ဘယ်လောက် ဖွင့်လှစ်နိုင်ခဲ့ပြီလဲ။
အဖြေ။ ။ ဟုတ်ပြီကျောင်းက ၁၄၀၊ နှစ်ကျောင်းထပ်ဖွင့်တယ်ဆိုတော့ ၁၄၂ ကျောင်းပေါ့။
အမေး။ ။ အဲဒီကျောင်းတွေက ဘယ်ချိန်တုန်းကစပြီး ဖွင့်လှစ်ခဲ့ကြပါလဲ။
အဖြေ။ ။ ကျောင်းဖွင့်တာကြတော့ တစ်ချို့ရွာတွေဆိုလိုရှိရင်တော့ ၂၀၂၂ ဇန်နဝါရီလကနေ စပြီးဖွင့်တဲ့ ကျောင်းတွေလည်းရှိတယ်၊ အများစုကကြတော့ ဇွန်လနဲ့ဇွန်လိုင်လမှာ ဖွင့်လှစ်ခဲ့ကြတယ်။
အမေး။ ။ ချင်းအမျိုးသားကာကွယ်ရေးတပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေတွင် ရွာပေါင်းဘယ်လောက်ရှိလဲ။
အဖြေ။ ။ အခုကျွန်မတို့ ကျောင်းလည်ပတ်နေတာ ဖလမ်းမြို့နယ်ထဲကပိုများတာပေါ့နော်။ ဒီ CNO/CNDF ကကျတော့ ကလေး-ကဘော်တွေလည်းပါတယ်ပေါ့နော်။ တစ်ချို့နေရာတွေလည်း ပါတယ်ဆိုတော့ အဲ့ဘက်ခြမ်းမှာ ကျွန်မတို့ အတိကျ စာရင်းမရသေးဘူးပေါ့နော်။ ခုလောလောဆယ် ဖလမ်းမြို့နယ်မှာဆိုလို့ရှိရင် ရွာပေါင်း ၁၇၉ ရွာရှိတယ်၊ အဲ့ဒီထဲမှာ ရွာတစ်ရွာ က ရွာပျက်ဆိုတော့ ၁၇၈ ရွာရှိတယ်ပေါ့နော်၊ အဲ့ဒီ ၁၇၈ ရွာမှာ ၁၆ ရွာကိုကြတော့ နယ်မြေမထိန်းချုပ်တဲ့ဒေသ (Non-dominion area) ထဲမှာ ကျွန်မတို့ ထည့်ထားတယ်။
အမေး။ ။ ကျောင်းတွေက ဘယ်နှစ်တန်းကနေ ဘယ်အတန်းထိဖွင့်လှစ်နိုင်ကြလဲ။
အဖြေ။ ။ အခုက သူငယ်တန်း KG ကနေစပြီးတော့ ဆယ်တန်းစနစ်ဟောင်းအထိပါတယ်။ ရွာတွေအားလုံးက သူငယ်တန်းကနေ အထက်တန်းထိဖွင့်တာမဟုတ်ဘူးပေါ့နော်။ အခုလောလောဆယ် အထက်တန်းကျောင်းဖွင့်နိုင်တဲ့ ရွာက ၁၃ ရွာရှိတယ်၊ ကျန်တဲ့ကျေးရွာတွေကကြတော့ ဒီ မူလတန်းနင့် တစ်ချို့က အလည်တန်းအထိပေါ့နော် မူလတန်းပဲရှိတဲ့ကျေးရွာတွေ ဆိုလို့ရှိရင် ကျန်တဲ့အလယ်တန်းပိုင်းကို တစ်ခြားရွာတွေမှာ ကျောင်းထားနိုင်တဲ့သူတွေက ထားကြတယ် ဒါပေမဲ့ မထားနိုင်တဲ့ ကလေးတွေတော့ ပညာသင်ယူခွင့်ကို ဆုံးရှုံးသွားတာပေ့ါနော်၊ ကျွန်မတို့ဘက်က ကြတော့ အတင်းသွားတက်ခိုင်းလို့တော့ မရဘူးပေါ့နော်။ မိဘတွေရဲ့သဘောတူညီချက်တွေလိုသေးတယ်ဆိုတော့။ အတတ်နိင်ဆုံးတော့ ကိုယ့်ဘေးနာမှာရှိတဲ့ ကျေးရွာတွေစီမှာတော့ သွားတက်ပါလို့တော့ ကျွန်မတို့ အားပေးတယ်။
အမေး။ ။ ယခုလက်ရှိအနေအထားမှာ ကျောင်းသူကျောင်းသားဦးရေ ဘယ်လောက်ရှိလဲ။ ကျောင်းဆရာ၊ ဆရာမ ဦးရေကကော ဘယ်လောက်ရှိလဲ။
အဖြေ။ ။ ကျောင်းသူ/သား ပေါင်းက ၈၀၀၀ ကျော်တယ်။ အခုလောလောဆယ် ဆရာ/မ ဦးရေကတော့ စာရင်းအရကတော့ ၆၀၀ ကျော်တယ်။ စာရင်းကတော့ အမြဲတမ်း မတည်မငြိမ်ဖြစ်တဲ့အခါကြတော့ ၆၀၀ ကျော် တခါတလေကျတော့ ၆၂၀ နီးပါးရှိတယ်။ ပြီးလို့ရှိရင် ထွက်လိုက် ပြန်ဝင်လိုက် အဲ့ဒီဟာလည်းရှိတယ်ပေါ့နော်။ စာရင်းကတော့ သိပ်မတည်ငြိမ်ဘူး။
မေး။ ။ ကျောင်းဆရာ၊မ တွေက CDM ကျောင်းဆရာမတွေပဲလား၊ ထောက်ပံ့ကြေးကကော် ဘယ်လိုပုံစုံပေးလဲ။
ဖြေ။ ။ ကျောင်းဆရာ/မ လေးပုံတစ်ပုံက CDM ဝန်ထမ်းတွေဖြစ်ကြတယ်။ လစာကိုကြတော့ ရွာနည်းစုက မပေးနိုင်ကြဘူး၊ အချို့ပေးနိုင်တဲ့ရွာတွေမှာဆိုလည်းတူညီမှုမရှိဘူး။ လစာဆိုတာထက် ဆုကြေးငွေပေါ့၊ ပေးနိုင်တဲ့ အချို့ရွာတွေက ကျပ် ၅၀,၀၀၀ ကနေ ကျပ် ၈၀,၀၀၀ အထိ အသီးသီးပေးကြပါတယ်။
အမေး။ ။ ကျောင်းနေရွယ် ကလေးငယ်ပမာဏနဲ့ ဆရာ၊ ဆရာမဦးရေကကော လုံလောက်မှုရှိလား။ ဘယ်လိုအခြေအနေရှိပါလဲ။
အဖြေ။ ။ ဆရာ/မ ဦးရေက ကျောင်းသား ၈၀၀၀ ကျော်အချိုးနင့်ပြန်တွက်မယ်ဆိုရင် ဆရာ/မ တစ်ယောက်က ကလေး ၁၅ ယောက်နှုန်းဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ တကယ်တမ်းကြတော့ ကျွန်မတို့ဖလမ်းမြိုနယ်က ရွာပေါင်းက များတဲ့အခါကြေ တာ့ ကျောင်းတွေကလည်းများတယ် အဲခါကြတော့ ဆရာ/မ အင်အားတွေ လုံးဝမလုံလောက်ဘူး။ ဆိုတော့ ရွာတစ်ရွာမှာ တစ်ချို့ ဆိုရင် ကလေးတွေက ၂၀ နဲ့ ၃၀ လောက်ပဲရှိတဲ့ရွာတွေလည်းရှိတယ်။ အဲဒီ ကလေး ၂၀-၃၀ တွေကလည်း အတန်းကစုံပြန် ရော ဆိုတော့ ဆရာ/မ ကလည်း အတန်းစုံလိုပြန်ရော အဲ့လိုမျိုးဆိုတော့ ကျောင်းဆရာ/မ လုံလောက်မှု မရှိဘူးပေါ့နော်။ ဆိုတော့ စေတနာ့ဝန်ထမ်း ကျောင်းဆရာ/မ တွေ ကျွန်မတို့ ခေါ်နေရတယ်၊ ရွာတွေမှာရှိတဲ့ ကျောင်း ကော်မတီကနေ ဦးဆောင်ပြီးတော့ သူတို့ကိုစောင့်ရှောက်ထားတယ်ပေါ့။ ကျောင်းဆရာ/မတွေရဲ့ စားသောက်ရေးမှာပဲဖြစ်ဖြစ် နေရေးထိုင်ရေးမှာပဲဖြစ်ဖြစ် ပြည်သူတွေကပဲတာဝန်ယူပေးတယ်။ နောက်ပြီးတော့ CNO/CNDF ကကြတော့အဓိက လုံခြုံရေးပိုင်းကို တာဝန်ယူပေးတာပေါ့နော်။ ပြီးလို့ရှိရင် သူတို့မှာ အဆင်မပြေတဲ့ အခက်ခဲမျိုးတွေရှိရင် ကူညီပေးနိုင်တဲ့ဘက်ကနေ ကူညီတယ်။
အမေး။ ။ ခုလို ပဋိပက္ခတွေကြား ကျောင်းများပြန်ဖွင့်တော့ ဘယ်လိုအခက်ခဲ စိန်ခေါ်မှုမျိုးတွေရှိခဲ့လဲ။
အဖြေ။ ။ အဓိကကျတော့ ဆရာ/မ အင်အားလည်းအခက်ခဲဖြစ်တယ်။ ပြီးတော့ ဆရာ/မ တွေရဲ့ လစာလို့ပြောရအောင် ထောက်ပံ့ကြေးတွေကို မပေးနိုင်ဘူး။ ဆိုတော့ ဆရာ/မ တွေက တကယ့် စေတနာနဲ့ပဲ သင်ပေးတဲ့လူတွေများတယ်။ အဲ့ခါကျတော့ ထောက်ပံ့ရေးဘက်မှာ ကျွန်မတို့အခက်အခဲတွေ့ရတယ်၊ ပြီးတော့ Text book ဖတ်စာအုပ် အခက်ခဲ လည်း ပဲရှိတယ်။ အခု Text book က လိုသလောက်မရဘူးပေါ့နော်၊ ဒီ Text book တွေ သယ်သွားတယ်ဆိုလို့ရှိရင် စစ်ကောင်စီ ဘက်ကနေဖြစ်ဖြစ် ဖမ်းတဲ့ဟာတွေရှိတယ် ဖတ်စာအုပ်ပိုင်းမှာ တော်တော်လေးလိုအပ်တယ်။ ပြီးတော့ တစ်ချို့ကျောင်း ဆောင်တွေဆိုလို့ရှိရင်လည်း စစ်တပ်အာဏာမသိမ်းခင် ပဋိပက္ခမဖြစ်ခင်တုန်းကကျောင်းတွေဆိုလို့ရှိရင် အချို့က အရမ်းဟောင်းနေတဲ့အခါကျတော့ ပျက်စီးယိုယွန်းနေပြီး ပြန်မဆောက်နိုင်တဲ့အခါကြတော့ ကလေးတွေ စာသင်တဲ့နေရာမှာလည်း တော်တော်လေး အခက်ခဲဖြစ်တယ်ပေါ့နော်။
အမေး။ ။ ကျောင်းတွေဖွင့်လှစ်ပြီဆိုတော့ နောင်ပိုင်း ဘယ်လိုမျိုးအခက်ခဲစိန်ခေါ်မှုတွေရှိလာနိုင်လဲ။
အဖြေ။ ။ အခုလောလောဆယ်အခက်ခဲက ကလေးတွေကျောင်းမတက်ခဲ့တာ နှစ်နှစ်ကျော်တဲ့အခါကြတော့ သူတို့ဘက်က စာလိုက်နိုင်မှုဘက်မှာ နည်းနည်းအားနည်းလာတယ်ပေါ့နော် ပြီးလို့ရှိရင် သူတို့က စာကိုသိပ်စိတ်မဝင်စားကြတော့တာ ကျွန်မတို့ တွေ့မြင်ရတယ်။ ပြီးတော့ ဒီကလေးတွေ စာဘက်ကို ပြန်စိတ်ဝင်စားအောင် ဆွဲခေါ်ရတဲ့အပိုင်းလည်းရှိတယ်။ ပြီးရင် သူတို့က တော်တော်လေးကို စိတ်ထိခိုက်ဒဏ်ရာတွေရတဲ့အခါကြတော့ သူတို့ရဲ့ စိတ်ထိခိုက်ဒဏ်ရာတွေကို ဘယ်လိုကုသပေးနိုင်မလဲဆိုတဲ့ အခက်ခဲတွေ ကျွန်မတို့အများကြီးရှိတယ်။ ပြီးလို့ရှိရင် ငွေကြေးအခက်ခဲက အဓိကဆုံးပါ။
အစားသောက်ပိုင်းဆိုလိုရှိရင်လည်း တော်တော်လေးအခက်ခဲ ဖြစ်တဲ့ အခါကြတော့ အဟာရမပြည့်တဲ့ကလေးတွေ ရှိလာနိုင်တယ်ပေါ့နော်။ ကျန်းမာရေးဘက်ကပဲဖြစ်ဖြစ် သူတို့က ကာကွယ် ဆေးထိုးရမည့်ဟာဆိုလို့ရှိရင်လည်း သူတို့ မထိုးလိုက်ရဘူးပေါ့နော်။ အဲ့တာတွေဖြစ်တဲ့အခါကြတော့ ကျန်းမာရေးဘက်ပိုင်းမှာ ကလေးတွေက အားနည်းလာတာ ပေါ့နော်။ ကျန်းမာရေးအားနည်းတဲ့ ကလေးတစ်ယောက်ဟာ စာသင်တဲ့အခါမှာလည်း သူ့အတွက် အခက်ခဲအများကြီးရှိ တယ်ပေါ့နော်။ ပြီးလို့ရှိရင် ပဋိပက္ခကာလက အရမ်းကြာလတဲ့အခါကြတော့ ဒီနောက်ပိုင်း ပြည်သူတွေဘက်ကနေ ကျွန်မတို့ဘယ်လောက်ထိတောင့်ခံနိုင်မလဲပေါ့ အဲ့တာတွေကလည်းရှိ သေးတယ်။ အဲဒီခါကြတော့ ကျွန်မတို့လည်း သူတို့ဘက်ကို အားပေးရင်း၊ ပြည်သူတွေကလည်း ကျွန်မတို့ကိုအားပေးဖို့လိုတယ် အချင်းချင်း ဒီထက်မက လက်တွဲပြီးတော့ လုပ်ဖို့လိုပါလိမ့်မယ်။
အမေး။ ။ ကျောင်းသူကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေအတွက် အဓိကလိုအပ်ချက် အခက်အခဲကဘာတွေပါလဲ။
အဖြေ။ ။ ကျောင်းသူကျောင်းသားတွေရဲ့အခက်ခဲက စာကို သိပ်စိတ်မဝင်စားတဲ့ကလေးတွေရှိတယ်။ ဒါက Mental ပိုင်းပေါ့နော် သူတို့က နှစ်နှစ်လုံးလုံး တောထဲတောင်ထဲမှာပဲ လျှောက်သွားနေတဲ့ကလေးတွေကို စာပြန်ခေါ် သင်နေရ တယ်ဆိုတော့ တော်တော်လေး ခက်ခဲတယ်။ ပြီးတော့ Text book မလုံလောက်ဘူး၊ ထောက်ပံ့နိုင်ခြင်းတို့၊ အခုဆို ခဲတံတစ်ချောင်းဆိုရင် အရင်တုန်းက တစ်ရာကျပ်နင့် ဝယ်တဲ့ဟာက အခုဆို နှစ်ရာ သုံးရာ ဖြစ်သွားပြီးပေါ့နော်။ ပြီးလို့ရှိရင် စာအုပ်တို့ဘာတို့ဆိုရင် ဟိုအရင်ကထက် ဆပေါင်းများစွာဈေးကြီးလာတဲ့အခါကျတော့ ကလေးအများကြီးရှိတဲ့ ကလေးမိဘ တွေအတွက် တော်တော်လေးခက်ခဲတယ် အဓိကပြောမယ်ဆိုရင် ငွေရေးကြေးရေးပေါ့နော် ပြီးရင် ဆရာ/မ တွေဆိုလို့ရှိရင် လည်း စာသင်ပေးတာတော့ ဟုတ်ပါပြီး ဒါပေမဲ့ ဝင်ငွေမရှိတော့တဲ့အခါကြတော့ သူတို့ ကိုယ်တိုင်ကလည်း တစ်ခြားဝင်ငွေ တွေရအောင် အလုပ်တစ်ဖက် ပြန်လုပ်ရင်းနဲ့ စာလည်းသင်ရင်း အဲ့လိုမျိုးဆိုတဲ့ အခါကြတော့ သူတို့အတွက်က တော်တော် လေးကို စိတ်ဖိစီးမှုလည်းဖြစ်တယ် တော်တော်လေးကို ခက်ခဲတယ်။
မေး။ ။ ခုနဆရာမပြောလိုက်တာ ကျောင်းပြန်ဖွင့်တော့လဲ ကလေးတွေက ကျောင်းစာ သိပ်စိတ်မဝင်စားတော့ဘူးလို့ ပြောတယ်၊ ဘာကြောင့်ဘာလဲ။
ဖြေ။ ။ ကျောင်းစာ စိတ်မဝင်စားတာက အလယ်တန်းနဲ့ အထက်တန်း ကျောင်းတက်အရွယ်တွေဖြစ်ကြတယ်၊ သူတို့က နှစ်နှစ်လုံးလုံး ကျောင်းမတက်ဘဲ တောထဲ၊ တောင်ယာလုပ်တယ်၊ ပိုက်ဆံရှာတဲ့ကျပန်းအလုပ်ဖြစ်ဖြစ်လုပ်လာကြတော့ စိတ်ထဲမှာ စာကို စိတ်ဝင်စားမှုမရှိတော့ဘူး။ ပြီးတော့ နိုင်ငံရေးပြသာနာကြား အကြောက်တရားတွေနဲ့ ကျောင်းစာကို စိတ်မဝင်စားကြတာများတယ်။
အမေး။ ။ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။
အဖြေ။ ။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedient Movement) ဆိုတဲ့အတိုင်းပေါ့နော် ဝန်ထမ်း တွေပဲ မဟုတ်ပဲ မိဘတွေကိုယ်တိုင်၊ ကျောင်းသူကျောင်းသားတွေ အားလုံး အယောက်စီတိုင်းက အကြမ်း မဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်မယ်ဆိုရင် ဒီထက်မက ကျွန်မတို့ ရှေ့ဆက်သွားနိုင်မယ်လို့ထင်ပါတယ်။ ကြားကာလမှာ လက်နက်ကိုင်ပြီးတော့ တော်လှန်တဲ့လူတွေရှိသလို ကျွန်မတို့ဒီပညာရေးဆိုရင်လည်း အရေးမကြီးဘူးလို့ ပြောလို့မရဘူးပေါ့နော်။ ဒါကြောင့် ကျွန်မတို့ အနာဂတ်ကလေးတွေ ပညာသင်ယူခွင့်တွေ ကောင်းကောင်းမွန်မွန်ရရှိနိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။