Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၁)

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၁)

0
By Editor on December 18, 2022 Featured

ရေး – ဆလိုင်းထွန်းလှကျော်

နိဒါန်း၊ နောက်ခံအကြောင်းရင်းနှင့် ရည်ရွယ်ချက်

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံး မြို့နယ်တစ်ခု ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအရလည်း သွားလာရခက်ခဲသော မြို့နယ်တစ်ခု ဖြစ်သည်။ အလားတူ ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်အတွင်းရှိ အခြားသော မြို့နယ်များနှင့်လည်း ဆက်သွယ်သွားလာနိုင်ရန် မလွယ်ကူသည့် ဒေသတစ်ခု ဖြစ်နေသောကြောင့် ပလက်ဝမြို့နယ်ကို ချင်းပြည်နယ်၏ သီးခြားဆန်သော ဒေသတစ်ခုဟု ပြောဆိုမှုများလည်း ရှိနေကြသည်။ ပလက်ဝမြို့နယ်သည် အိန္ဒိယ၏ ကုလားတန် စီမံကိန်း စတင်သော နေရာဖြစ်နေသည့်အပြင် အဆိုပါစီမံကိန်းကို အခြေခံ၍ နိုင်ငံတွင်း အဆင်းရဲဆုံး ပြည်နယ်ဖြစ် နေသော ချင်းပြည်နယ်အတွက် စီးပွားရေးတံခါးပေါက်တည်ရာ ဌာနတစ်ခုလည်း ဖြစ်နေသည်။ အလားတူ ပလက်ဝမြို့နယ်မှာ ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိကာ ချင်းပြည်နယ်အတွင်း မတူကွဲပြားသော လူမျိုးစုထွေပြားမှုများ အများဆုံးရှိနေသည့် မြို့နယ်တစ် ခုလည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်မှ စတင်ကာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ ချင်းပြည်နယ် ပလက်ဝမြို့နယ်အ တွင်း ပေါ်ပေါ်ထင်ထင် အခြေချလာခဲ့ကြပြီး စစ်ရေးလှုပ်ရှားမှုများကို ရံဖန်ရံခါ ပြုလုပ်လာခဲ့ကြသည်။ ထိုနောက်ပိုင်းများတွင် မြန်မာစစ်တပ်နှင့် AA တို့၏ ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများမှာ တစ်စတစ်စဖြင့် တိုးများလာခဲ့ရာ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ နှစ်များအတွင်း၌ တိုက်ပွဲများကို ကျယ်ကျယ်ပြန့် ပြန့်နှင့် ကြီးကြီးမားမား ဖော်ဆောင်လာခဲ့ကြသည်။ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့၏ ကြီးမား ပြင်းထန်သည့် တိုက်ပွဲများကြောင့် ပလက်ဝဒေသခံပြည်သူများမှာ သောင်းနှင့်ချီ၍ စစ်ဘေးဒုက္ခသည် များ ဖြစ်ကြသည့်အပြင် ထိခိုက်သေဆုံးမှုများ၊ ပျောက်ဆုံးမှုများ၊ အဖမ်းဆီးရိုက်နှက်ခံရမှုများ၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများ စသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ကြုံခဲ့ကြရကြောင်း ပြောဆိုမှုများရှိခဲ့သည်။

ထို့အတွက်ကြောင့် ဤသုတေသန စာတမ်းမှာ ပလက်ဝမြို့နယ်၏ အကြောင်းကို ယေဘုယျ အားဖြင့် သိရှိနားလည်နိုင်စေရန်နှင့် ရက္ခိုင့်တပ်တော် (AA) ပလက်ဝသို့ ဝင်ရောက်လာမှုနောက်ပိုင်း နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်/ဖြစ်ရပ်များ မည်သို့မည်ပုံ ရှိခဲ့သည်ဆိုသည်ကို သိရှိနားလည် သွားနိုင်စေရန် ရည်ရွယ်၍ လေ့လာပြုစုထားသော စာတမ်းတစ်စောင်မျှသာဖြစ်သည်။ ပြဿနာများကို ဖြေရှင်းသွားနိုင်ဖို့အတွက် ပထမဦးဆုံးအနေဖြင့် ပြဿနာများကို သိရှိနားလည်ဖို့နှင့် ထိုပြဿနာများကို လက်ခံဖို့လို အပ်ကြောင်း ယူဆမိသည်။ ထို့အတွက်ကြောင့် ယခုစာတမ်းမှာ ပလက်ဝမြို့နယ်အတွက် ဖြေရှင်း‌ပေးနိုင်မည့် နည်းလမ်းများ၊ အဖြေများကို ရှာဖွေဖော်ထုတ်သွားဖို့ထက် ၂၀၁၅ ခုနှစ်မှစ၍ စစ်အာဏာမသိမ်းခင် ကာလအထိ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များကို ရှာဖွေ ဖော်ထုတ် သွားနိုင်ဖို့ကိုသာ အဓိက ရည်ရွယ်ပါသည်။

အလားတူ ဤသုတေသနစာတမ်းတွင် ပလက်ဝမြို့နယ်အတွင်း အဓိကကျခဲ့သည့် စိန်ခေါ်မှုများ၊ ဖြစ်ရပ်များကို ရှာဖွေဖော်ထုတ်ထားပါသည်။ ထို့အတွက်ကြောင့် ဤသုတေသန စာတမ်းမှနေ၍ ပလက်ဝ မြို့နယ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်လုပ်ကိုင်နေသူများနှင့် ပါဝင်ပတ်သက်သူ သက်ဆိုင်ရာ အင်အားစုများအား ပလက်ဝမြို့နယ်နှင့် ၎င်း၏ဖြစ်စဉ်/ ဖြစ်ရပ်များကို သိရှိနားလည်ရေးတို့တွင် တစ်စုံတစ်ရာ အထောက် အကူပြုပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

———•———

ပလက်ဝမြို့နယ် ပလက်ဝအကြောင်း အကျဉ်း

ပလက်ဝသည် ချင်းပြည်နယ် တောင်ပိုင်း မတူပီခရိုင်၏ မြို့နယ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး မြို့နယ်များထဲမှ တစ်ခုဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၈ ကီလိုမီတာ အကွာ၌ တည်ရှိနေသည်။ မြို့နယ်၏ဧရီယာမှာ ၃၁၂၇.၀၄ စတုရန်းမိုင်‌ ကျယ်ဝန်းပြီး ထိုအထဲတွင်မှ အရှေ့မှ အနောက်သို့ ၅၉.၂ မိုင်နှင့် တောင်မှ မြောက်သို့ ၉၈.၄ မိုင်အထိ ကျယ်ဝန်းသည်။

အရှေ့ဘက်တွင် ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့နယ်၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ခရိုင်နှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့နှင့် နယ်နိမိတ် ချင်း ထိစပ်နေသည်။ မတ်စောက်သော တောင်ကုန်း၊ တောင်စွယ်များ ပေါများကာ မြေပြန့်လွင်ပြင်ငယ် များလည်း ကျယ်ပြန့်စွာရှိ‌နေသည့် မြို့နယ်တစ်ခု ဖြစ်ပါသည်။ ထင်ရှားသော တောင်များမှာ ကီမိုတောင် ခေါ် ကျောက်ပန်းတောင် (အဖိုတောင် ၃၇၇၃ ပေ၊ အမတောင် ၄၂၆၉ ပေ)နှင့် ကားတောင်ခေါ် တင်းလင်း‌ တောင် ၃၀၆၉ ပေမြင့်ပြီး မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိကြသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း မြစ်ချောင်းပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများမှာ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိကြသည်။ ထင်ရှားသော မြစ်များမှာ ကုလားတန် မြစ်နှင့် လေးမြို့မြစ်တို့ ဖြစ်ကြသည်။ ကုလားတန်မြစ်မှာ ချင်းပြည်နယ်၊ ဟားခါးမြို့၏ အနောက်မြောက် ဘက်တွင် မြစ်ဖျားခံ၍ တီးမြစ်၊ ဘွေနူးမြစ်အမည်ဖြင့် စီးဆင်းသွားသည်။ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံတွင် သီပီးအမည်ဖြင့် ဆက်၍စီးဆင်းကာ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဖြတ်ပြီး ကုလားတန်မြစ် အဖြစ် ဘင်္ဂလား ပင်လယ်ထဲသို့ စီးဝင်သွားသည်။ လေးမြို့မြစ်မှာ ချင်းပြည်နယ်၊ မတူပီမြို့ အရှေ့မြောက် ဘက်တွင် မြစ်ဖျားခံ၍ တောင်ဘက်သို့ စီးဆင်းပြီးနောက် ပလက်ဝမြို့နယ်မှတစ်ဆင့် ရခိုင်ပြည်နယ်၊ မြေပုံမြို့အနီး ဟန်တာ ပင်လယ်အော်ထဲသို့ စီးဝင်သွားသည်။ မြို့နယ်တွင်း အခြားထင်ရှားသော ချောင်းများမှာ ပီချောင်း ၊ ကုလက်ချောင်း၊ ရှင်းလက်ချောင်း၊ မီးချောင်းနှင့် ရူးချောင်းတို့ ဖြစ်ကြသည်။ ပလက်ဝရှိ ဒေသခံပြည်သူများမှာ အဆိုပါမြစ်ချောင်းများကို လမ်းပန်းဆက်သွယ်ရေးအဖြစ် အသုံးပြု ကြပြီး ၎င်းတို့ကိုပင်အမှီပြုကာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျှက် ရှိကြသည်။ ထို့အတူ ရေချို ဒေသများ ဖြစ်သောကြောင့် အချို့ဒေသများတွင် သောက်သုံးရေအဖြစ်ပါ အသုံးပြုလျက်ရှိကြသည်။

ပလက်ဝမြိုနယ်အတွင်း အလေ့ကျ ပေါက်ရောက်နေကြသည့် သဘာဝပေါက်ပင်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ ကညင်၊ ထောက်ကြံ့၊ ရေမနေ၊ သပြေ၊ သစ်ဆိမ့်၊ သစ်ကတိုး၊ လက်ပံ၊ စံကား၊ ကံ့ကော်၊ ပျဉ်းမ၊ သစ်မကြီး၊ ထောက်ရှာ၊ ကရဝေးနှင့် ဒီဒူးတို့ ဖြစ်ကြပြီး သစ်တောကြိုးဝိုင်းတော/ကြိုးပြင်တောများ (ဧက ၁၈၂၂၇၀.၄) ဖြင့် ထိန်းသိမ်းမှုများရှိနေကြောင်း တွေ့ရှိရသည်။ မြို့နယ်၏ ၂၅.၃%မှာ သစ်တော ဖုံးလွှမ်း လျက်ရှိပြီး ၎င်းအနက်မှ ၇.၇၃% မှာ ကြိုးဝိုင်းသစ်တော ဖုံးလွှမ်းမှုနှင့် ၈၄.၉၂%မှာ ကြိုးပြင်ကာကွယ်တော များဖြစ်ကြသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြသည့် လူမျိုးများစာရင်း

စဉ် လူမျိုး နေထိုင်သည့်လူဦးရေ မြို့နယ်လူဦးရေ မြို့နယ်လူဦးရေ၏ ရာခိုင်နှုန်း
၁။ ချင်း ၈၈၅၇၇ ၁၀၇၁၁၉ ၈၂.၆၉
၂။ ရခိုင် ၁၈၂၃၄ ၁၀၇၁၁၉ ၁၇.၀၂
၃။ ဗမာ ၁၄၉ ၁၀၇၁၁၉ ၀.၁၃
၄။ မွန် ၄ ၁၀၇၁၁၉ ၀.၀၀၃
၅။ ရှမ်း ၄ ၁၀၇၁၁၉ ၀.၀၀၃
၆။ အိန္ဒိယ ၄၃ ၁၀၇၁၁၉ ၀.၀၄
၇။ ဘင်္ဂလားဒေ့ရှ် ၁၀၃ ၁၀၇၁၁၉ ၀.၀၉
၈။ မာရမာကြီး ၅ ၁၀၇၁၁၉ ၀.၀၀၄
မြို့နယ်ချုပ် ၁၀၇,၁၁၉ ၁၀၇,၁၁၉ ၉၉.၉၉

၂၀၂၀ ပြည့်နှစ်၊ ပလက်ဝမြို့နယ်ထွေအုပ်ရုံး၏ ဒေသဆိုင်ရာအချက်အလက်မှ ကောက်နုတ်ချက်

၂၀၂၀ ပြည့်နှစ်၊ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၏ ဒေသဆိုင်ရာ အချက် အလက်များအရ ပလက်ဝမြို့နယ်အတွင်း မြို့နယ် ၁ ခု၊ မြို့ ၁ ခု၊ ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၉၅ အုပ်စု၊ ကျေးရွာပေါင်း ၃၈၈ ရွာနှင့် အိမ်ခြေပေါင်း ၂၀,၃၆၅ အိမ်ရှိပြီး လူဦးရေမှာ ၁၀၇,၁၁၉ ဦး နေထိုင်ကြ သည်ဟု သိရှိရသည်။ ချင်းမျိုးနွယ်စုများ ဖြစ်ကြသည့် ခူမီး၊ မရာ၊ ဒိုင်နှင့် လေးတူမျိုးနွယ်စုများ အများဆုံးနေထိုင်ကြပြီး အခြား ရခိုင်၊ ဗမာ၊ မွန်နှင့် ရှမ်းလူမျိုးများလည်း ရှိကြသည်။ အလားတူ အခြားသောအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မရာမာကြီး လူမျိုးများလည်း နေထိုင်လျက် ရှိကြသည်ကို တွေ့ရှိရ သည်။ ယုံကြည်ကိုးကွယ်မှုအားဖြင့် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ စသဖြင့် ဘာသာကြီး ၄ မျိုးစလုံးရှိ‌နေပြီး ခရစ်ယာန်ဘာသာမှာ မြို့နယ်တွင်း ပြည်သူများ အများစု ကိုးကွယ်ရာ ဘာသာတစ်ခုအဖြစ်လည်း တည်ရှိနေသည်။

စီးပွားရေးအားဖြင့်ဆိုလျှင် ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်အတွင်း အဆင်းရဲဆုံးမြို့နယ်တစ်ခု ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလေးလံသော ဒေသတစ်ခုလည်း ဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် ဆောင်ရွက်လျှက်ရှိကြပြီး အဓိက ထွက်ကုန်များမှာ နှမ်း၊ မြေပဲ၊ ဂမုန်းနှင့် ဂျင်းတို့ပင် ဖြစ်ကြသည်။ အဆိုပါ ထုတ်ကုန်များကို ရေကြောင်း ခရီးဖြင့် ရခိုင်ပြည်နယ်သို့ သယ်ယူကြရပြီး ထို့မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးသို့ အများဆုံး တင်ပို့ ရောင်းချကြကြောင်း လေ့လာတွေ့ရှိရသည်။

ရက္ခိုင့်တပ်တော် (AA) (တော်လှန်ရေးတပ် အစပြုမှုနှင့် ကြိုးပမ်းမှု)

ရက္ခိုင့်တပ်တော် (AA) ဟူ၍ ဖြစ်ပေါ်လာနိုင်ဖို့အတွက် ၁၉၉၇ ခုနှစ်များမှပင် အစပြုခဲ့ကြသည်ဟု ဆိုကြသည်။ ထိုကာလမှနေ၍ တော်လှန်ရေး ခံယူချက်များ တူညီခဲ့ကြသည့် ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသား၊ လူငယ်များ စုဆုံမှုများပြုလုပ်ခဲ့ကြပြီး စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း အစရှိသဖြင့် အသွင်သဏ္ဌာန်မျိုးစုံဖြင့် ရခိုင်အမျိုးသားရေး လှုပ်ရှားမှု‌များကို ဖော်ဆောင်ခဲ့ကြကာ ညီညွတ်မှုနှင့် စုစည်းမှုများကို အားကောင်းအောင် တည်ဆောက်ခဲ့ကြသည်။ “အဲ့ဒီလို လှုပ်ရှားမှု‌တွေကပဲ များမကြာမီ နှစ်အနည်းငယ်အတွင်း ရက္ခိုင့်တပ်‌တော် (AA) ဆိုပြီး ဖြစ်ပေါ်လာနိုင်ဖို့အတွက် ကနဦးပန္နက်တွေ ဖြစ်ခဲ့ဟန်တူပါတယ်” ဟူ၍ မောင်မောင်စိုးမှ သူ၏ မြောက်ဦးစစ်တမ်းတွင် သုံးသပ်ဖော်ပြထားခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ထူထောင်ဖို့ ကြိုးပမ်းကြသူများထဲတွင်မှ ရခိုင်လူထု၏ စိတ်ဝင်စားမှုကို အချိန်တိုအတွင်း၌ ရရှိလာနိုင်ခဲ့ကြသူနှစ်ဦးမှာ စစ်တွေမှ ကိုထွန်းမြတ်နိုင်နှင့် ကျောက်ဖြူမှ ဒေါက်တာ ညိုထွန်းအောင်တို့ ဖြစ်ကြသည်။ ထိုအချိန်ကာလ၌ သူတို့၏ ရခိုင်အမျိုးသားရေး မျှော်မှန်းချက်မှာ အဖွဲ့သစ်တစ်ခု ဖွဲ့စည်းတည်ထောင်သွားဖို့ထက် အကွဲကွဲအပြာပြား ဖြစ်နေကြသည့် ရခိုင့်တော်လှန်ရေး အင်အားစုများကို အလံတော် တစ်ခုတည်းအောက်မှာ ပြန်လည်စုစည်း နိုင်ကြဖို့ပင် ဖြစ်သည်။ သို့သော် သူတို့၏ အဆိုပါ မျှော်မှန်းချက်မှာ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် ၂၀၀၅ ခုနှစ်၊ နှစ်ကုန်ခါနီးအထိ အားရ‌ ကျေနပ်စရာအဖြစ် ရှိမလာခဲ့ပေ။ ထို့အတွက်ကြောင့် ရက္ခိုင့်တော်လှန်ရေးတပ် တည်ဆောက်ရေးအတွက် လမ်းသစ်တစ်ခုကို ထပ်မံ၍ဖောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြရပြန်သည်။

၂၀၀၆ ခုနှစ်၊ မေလ လယ်လောက်တွင် ထိုစဉ် ကိုထွန်းမြတ်နိုင်နှင့် ကချင်ကျောင်းသား လူငယ် ခေါင်းဆောင်တို့ ရန်ကုန်မြို့၌ အဆက်သွယ် ရရှိခဲ့ကြပြီး၊ များမကြာမီ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ထပ်မံ၍ တွေ့ဆုံခဲ့ကြသည်။ ထိုမှတဖန် ဇွန်လထဲမှာပင် KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့ရောက်ရှိခဲ့ပြီး ကချင်လူငယ် ခေါင်းဆောင်များနှင့်သာမက‌တော့ဘဲ ထိုစဉ် မဟာဗျူဟာနှင့် သုတေသနဌာနမှူး ဗိုလ်မှူး ကြီး ဆွန်လွတ်ဂွမ်မော် (ယခု KIO ဒု-ဥက္ကဌ)နှင့် တွေ့ဆုံညှိနှိုင်းလျက် ၂ နှစ်ခန့် အချိန်ယူကာ ယုံကြည်မှု တည်ဆောက်ယူခဲ့ရသည်ဟုလည်း သိရှိရသည်။ ၂၀၀၈ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းတွင် KIO ထံမှ ရခိုင်လူငယ်များအား စစ်သင်တန်းပေးနိုင်ဖို့ သဘောတူညီမှုကို စတင်ရရှိခဲ့သည်။

ပီပီပြင်ပြင် မွေးဖွားလာမှု

သို့ဖြင့် ၂၀၀၉ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ထိုစဉ် ကိုထွန်းမြတ်နိုင်နှင့် ဒေါက်တာ ညိုထွန်းအောင်တို့ အပါအဝင် ရခိုင်လူငယ် ၂၆ ဦးတို့သည် KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာ၌ပင် KIA ၏ သင်တန်းဆရာ၊ စားနပ်ရိက္ခာနှင့် တပ်နယ်မြေများကဲ့သို့သော အထောက်အပံ့များကိုယူကာ စစ်သင်တန်း အပတ်စဉ် (၁) ကို စတင်ခဲ့ကြသည်။ တစ်ဖက်တွင်လည်း ရက္ခိုင့်တော်လှန်ရေးတပ် ဖွဲ့စည်းနိုင်ရေးအတွက် ရခိုင်‌ပြည်နှင့် ရန်ကုန်တို့လို နေရာမျိုးတွင် စည်းရုံးရေးလုပ်ငန်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် စစ်သင်တန်း အပတ်စဉ် (၁) ပြီးဆုံးခဲ့ပြီး ထိုနေ့မှာပင် ရက္ခိုင့်တပ်တော် (AA)ကို လူငယ် ၂၆ ဦးဖြင့် ဖွဲ့စည်းထူထောင် ခဲ့ကြသည်။ ကိုထွန်းမြတ်နိုင်မှ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူပြီး ဒေါက်တာ ညိုထွန်းအောင်မှ ဒု-စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ အလားတူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဖြစ်သည့် United League for Arakan (ULA)တွင်လည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ဥက္ကဌ၊ ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်မှ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင် ရွက်နေကြသည်။

နိုင်ငံရေး ရည်မှန်းချက်

ULA/AA ၏ နိုင်ငံရေးရည်မှန်းချက်များမှာ “ရခိုင်အမျိုးသား လွတ်မြောက်ရေး၊ အမျိုးသား တန်း တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ရက္ခိုင့်ကံကြမ္မာနှင့် ရက္ခိုင့်သယံဇာတတို့ကို ရခိုင်လူမျိုးများ ကိုယ်တိုင် ဖန်တီးနိုင်ရေး”ဟူ၍ နားလည်ရသည်။ ဤသည်ကိုပင် ULA မှနေ၍ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြ ထားခဲ့သည်။ တစ်ဖက်တွင်လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် “ဝ” ထက် မညံ့သည့် ကွန်ဖက်ဒရေးရှင်းပုံစံမျိုး လိုချင်သည်ဟူ၍ အတိအလင်း ပြောဆိုခဲ့သည်။

အလားတူ ရခိုင်လူထု၏ နိုင်ငံရေးဆန္ဒနှင့် ရခိုင်လူထုကို နေထိုင်လို့မရအောင် ပြုမူသည့်အပေါ်တွင် မူတည်ပြီး လိုအပ်လျှင် “ရခိုင်နိုင်ငံ” အထိဖြစ်အောင် ကြိုးပမ်းသွားရလိမ့်မည်ဆိုသည်ကိုလည်း “နိုင်ငံဆိုတာ ကောလာဟာလ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရခိုင်ပြည်သူ‌တွေရဲ့ ရိုးသားတဲ့ အသံပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပကတိအနေအထားနဲ့ ကျွန်တော်တို့ လိုလားတဲ့ နိုင်ငံရေးဆန္ဒကို ကျွန်တော်တို့ ပြောတာ ဖြစ်ပါတယ်။ တကယ် ရခိုင်ပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရမှာက ရခိုင်လူထုပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ တစ်အိမ်တည်းမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ရင် အကောင်းဆုံးပဲ။ ဒါပေမယ့် ကျွန်တော်တို့ လုံးဝ နေထိုင်လို့မရအောင် နှိပ်စက်ရင်တော့ အိမ်နီးချင်းကောင်း ဖြစ်အောင် ကြိုးစားရလိမ့်မယ်။”ဟူ၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင် ဧရာဝတီသတင်းဌာန၏ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

(စစ်အာဏာသိမ်းမှု ‌နောက်ပိုင်းကာလများတွင်တော့ ULA သည် နိုင်ငံရေးအရ ကွန်ဖက်ဒရိက်အဆင့်ကို တွင်တွင်ကျယ်ကျယ် ပြောဆိုလာခဲ့ပြီး တစ်ဖက်တွင်လည်း အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ပေါက်ပေါက်လာခဲ့ကြသော တော်လှန်ရေး အင်အားစုအချို့ကို ‌စစ်ရေးအရ အကူအညီပေးခြင်းများ ရှိလာခဲ့သည်။ အလားတူ ကွန်ဖက်ဒရိက်ကို လက်ခံသည့် မည်သည့်လက်နက်ကိုင် အင်အားစုများနှင့်မဆို လက်တွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့သလို တစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ် ကဲ့သို့သော နိုင်ငံခြား ဆက်ဆံရေးကို ချည်းကပ်ခဲ့သည်များလည်း ရှိလာခဲ့သည်။ ကိုယ်ပိုင်နိုင်ငံရရှိနိုင်ရေး အိမ်မက်မှာ အောက်ခြေအဆင့် ရခိုင်ပြည်သူများကို လွှမ်းမိုးမှုအားကောင်းလျှက်ရှိသည်ဟုပင် ဆိုရမည်။)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.