ရေး – ဆလိုင်းထွန်းလှကျော်
မျိုးနွယ်စု ကိစ္စ
မျိုးနွယ်စုကိစ္စမှာ ရခိုင်နှင့် ချင်းလူမျိုးများအကြား သမိုင်းကြောင်းဆိုင်ရာ ရှုပ်ထွေးမှုတစ်ခုပင် ဖြစ်နေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ခမီးမျိုးနွယ်စုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်ထဲရှိ ခူမီး မျိုးနွယ်စုတို့ကို အခြေခံကာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ရခိုင်ပြည်နယ်ရှိ ခမီးများမှာ ရခိုင်မျိုးနွယ်စုဝင်အဖြစ် ပါဝင်နေပြီး ပလက်ဝရှိ ခူမီးများမှာ မိမိတို့ကိုယ်ကို ချင်းမျိုးနွယ်စုတစ်ခုအဖြစ် ခံယူကြသည်။
ရခိုင်ပြည်နယ်ရှိ ခမီး၊ မြိုများနှင့် ပလက်ဝရှိ ခူမီးများမှာ ဘာသာစကားနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ အခြေခံအားဖြင့် တူညီမှုများရှိနေကြကာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုများပင် ရှိနေကြသည်။ ဘာသာစကားနှင့် ယဉ်ကျေးမှုများမှာ ရခိုင်လူမျိုးနှင့် ကွဲပြားခြားနားစွာ ဖြစ်တည်နေပြီး ခူမီးချင်းမျိုးနွယ် စုများနှင့် ပိုမိုနီးစပ်မှုများ ရှိနေကြသည်။ (သို့သော် ဤကိစ္စမှာ သမိုင်းကြောင်းဆိုင်ရာ ကိစ္စတစ်ခု ဖြစ်နေ သောကြောင့် နောက်ထပ် သုတေသနပြု လေ့လာရအုံးမည့် ကိစ္စတစ်ခုဟု မှတ်ယူပါသည်။ ထို့အတွက် ကြောင့် ယခုစာပိုဒ်တွင် သမိုင်းကြောင်းဆိုင်ရာ ကိစ္စရပ်များကို လေ့လာထည့်သွင်းခြင်း မပြုတော့ဘဲ AA နှင့် ခူမီးချင်းမျိုးနွယ်စုတို့၏ သဘောထားတို့ကိုသာ အလေးပေး ဖော်ပြသွားမည် ဖြစ်သည်။) AA နှင့် ရခိုင်လူမျိုးအများစုမှာ အဆိုပါအုပ်စုကို တစ်ခုတည်းဟူ၍ မှတ်ယူကြပြီး ရခိုင်မျိုးနွယ်စုဝင်များဟူ၍ နားလည်ထားကြသည်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ULA/AA မှ ဦးဝှေ့တင်းအား ပြန်လွှက်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်ထဲ၌ ခူမီးချင်းမျိုးနွယ်စုကို ရခိုင်မျိုးနွယ်စုတစ်ခု ဖြစ်သယောင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါထုတ်ပြန်ချက်ထဲတွင် “ရခိုင်နှင့် ခူမီးတို့၏ သမိုင်းသည် ခွဲခြား၍မရနိုင်ဘဲ ရခိုင့်ဘိုးဘွား ပိုင်နယ်မြေအတွင်း ငြိမ်းချမ်းစွာ ချစ်ချစ်ခင်ခင် နေထိုင်လာခဲ့ကြသည်မှာ သမိုင်းသက်သေ အမှန်တရား တစ်ခုပင် ဖြစ်ပါသည်။ ခမီနှင့် ခူမီးဟူသည် စာလုံးပေါင်းကွဲပြားသော်လည်း တစ်မိတည်းဖွား ညီကိုသ ဖွယ်ပင် ဖြစ်ပါသည်။ ရခိုင်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲသည် ရခိုင်လူမျိုး တစ်မျိုးတည်းနှင့် သက်ဆိုင်ခြင်း မဟုတ်ဘဲ အဖရခိုင်ပြည်ဟုခေါ်သော အာရကန် (Arakan) ဒေသတွင် ရှေးယခင်ကတည်း ကပင် အတူနေထိုင်လာခဲ့ကြသော မျိုးနွယ်စုအားလုံးနှင့် သက်ဆိုင်သည်။ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ဆုံးဖြတ်ပိုင်ခွင့် ပြန်လည်ရရှိစေရေးအတွက် ULA/AA အနေဖြင့် တိုက်ပွဲဆင်နွှဲနေခြင်းသည် ရခိုင်တစ်မျိုးသားလုံးတည်းဟူသော ရခိုင်မျိုးနွယ်စုများ အားလုံးကို ရည်ညွှန်းပါသည်” ဟု ဖော်ပြခဲ့သည်။
အဆိုပါထုတ်ပြန်ချက်မှာ ခူမီးကို ရခိုင်မျိုးနွယ်စုအဖြစ် ပုံဖော်ရေးသားခြင်းဖြစ်ပြီး ပလက်ဝဒေသကိုပါ ရခိုင်ပြည်နယ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြခြင်းဖြစ်သောကြောင့် ခူမီးချင်းမျိုးနွယ်စုနှင့် ချင်းနိုင်ငံရေးပါတီတို့မှ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ရှိခဲ့သည်။
ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ၏ ကြေညာချက်ထဲတွင် “မိမိတို့ ခူမီးမျိုးနွယ်စုများသည် ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုနှင့် ဆက်သက်လာပုံ သမိုင်းကြောင်းအရ ချင်းမျိုးနွယ်စုသာ ဖြစ်ပြီး မည်သည့်အခါမှ အခြားသော မျိုးနွယ်စုအဖြစ်ခံယူခြင်း၊ ဆက်ခံခြင်း မရှိခဲ့ ကြပါကြောင်း၊ ယခုအခါ မိမိတို့နေထိုင်ရာ ဒေသအား ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သော နယ်မြေတစ်ခုအဖြစ် နည်းမျိုးမျိုးဖြင့် ပုံဖော်ပြောဆိုနေခြင်းနှင့် မိမိတို့ ခူမီးချင်းမျိုးနွယ်စုအား ရခိုင်မျိုးနွယ်စုဝင် အဖြစ် ရေးသားသုံးနှုန်းလာခြင်းတို့သည် နိုင်ငံရေး၊ လူမျိုးရေးအရ မိမိတို့ ခူမီးချင်းမျိုးနွယ်စုတို့၏ ဝိသေသနှင့် နေထိုင်ရာဒေသကို မှေးမှိန်ပျောက်ကွယ်စေရန် ဦးတည်ရည်ရွယ်သည့် အပြုအမူများအဖြစ် သုံးသပ်တွေ့မြင်စေကြောင်း၊ မိမိတို့ ခူမီး (ခမီး) လူမျိုးများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ် ရေးသားသုံး နှုန်းခြင်းမျိုးကို မည့်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အနေဖြင့် ပြောဆိုသုံးနှုန်းခြင်းမပြုရန် အသိပေး လိုက်ကြောင်း” ဟူ၍ ဖော်ပြထားသည်။
အလားတူ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD)မှ လည်း “ခူမီးမျိုးနွယ်စုသည် ဘာသာဗေဒ၊ ရိုးရာဓလေ့ထုံးတမ်းနှင့် ဆင်းသက်လာပုံအရ ချင်းလူမျိုးထဲ တွင်ပါဝင်ကြောင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မှာ ချင်းလူမျိုးနွယ် စုဝင်များဖြစ်သော ခူမီးချင်းမျိုးနွယ်စုအား ရခိုင်မျိုးနွယ်စုအဖြစ် ရေးသားဖော်ပြခြင်း၊ ပလက်ဝကို ရခိုင်ဘိုးဘွားပိုင်နယ်မြေတွင် ပါဝင်နေကြောင်း သွယ်ဝိုက်ဖော်ပြနေမှုများသည် အများထင်ယောင် ထင်မှား ဖြစ်စေနိုင်ခြင်း၊ ရခိုင်နှင့် ချင်းလူမျိုးများအကြား နားလည်မှု လွဲမှားပြီး ငြိမ်းချမ်းစွာ အတူနေထိုင်မှုများကို ထိခိုက်နိုင်စေခြင်း၊ နောက်နောက် ဤကဲ့သို့ ရေးသားသုံးနှုန်းမှုများ မပြုလုပ်ရန် အလေးအနက် တိုက်တွန်းကြောင်း” ဖော်ပြခဲ့သည်။
အဆိုပါဖြစ်ရပ်နောက်ပိုင်း ဧရာဝတီသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ခူမီးမျိုးနွယ်စုများကို ချင်းမျိုးနွယ်စုအဖြစ် မသုံးနှုန်းပဲ “ပလက်ဝမှာ ခူမီးက နံပါတ် ၁ ပေါ့။ ပြီးရင် ရခိုင်ပေါ့၊ ပြီးရင် ချင်းတွေရှိမယ်” ဟူ၍ ခူမီးကို သီးသန့်လူမျိုးတစ်ခုအနေဖြင့် သွေးခွဲသုံးနှုန်းမှုများ ရှိနေခဲ့သည်ကိုပါ တွေ့ရှိရသည်။
နယ်မြေဆိုင်ရာ စိုးရိမ်မှု
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ပထဝီအနေအထားအရ ရခိုင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ဗဟိုဆုံချက်တစ်ခု ဖြစ်နေသည်။ အလားတူ ကြီးမားကျယ်ပြန့်သည့် တောတောင် ထူထပ်မှုများ ရှိနေသည့်အပြင် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင် စသဖြင့် မြို့နယ်များ၊ အခြားတစ်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေရာ AA အတွက် စစ်ရေးအရ အရေးပါသည့် နယ်မြေဖြစ်နေသည်။ ထို့အတူ ကုလားတန်စီမံကိန်း စတင်သည့်နေရာ ဖြစ်သောကြောင့် အိန္ဒိယအတွက်လည်း ပင်လယ်ထွက်ပေါက် ရရှိစေဖို့နှင့် တရုတ်နှင့် အဏာချိန်ခွင်လျှာ ညှိယူနိုင်ဖို့ ပလက်ဝမှာ အရေးပါနေပြန်သည်။ မြန်မာနိုင်ငံအတွက်လည်း တရုတ်၏ လွှမ်းမိုးမှုကို လျှော့ချသွားကာ ဒီမိုကရေစီနိုင်ငံနှင့် ဆက်ဆံရေး ထူထောင်မှုပြုလုပ်သွားနိုင်ဖို့နဲ့ အကျိုး စီးပွားသစ် ရရှိလာနိုင်စေဖို့ ပလက်ဝမှာ အရေးပါလာခဲ့သည်။ နောက်ဆုံး ကုန်တွင်းပိတ် ပြည်နယ်ဖြစ်သော ချင်းပြည်နယ်အတွက်လည်း ပင်လယ်ထွက်ပေါက် ရရှိစေဖိုနှင့် စီးပွားရေး ဦးမော့လာ နိုင်စေဖို့တို့အတွက် ပလက်ဝမှာ အရေးပါနေပြန်သည်။ ထို့အတွက်ကြောင့် ချင်းပြည်နယ်၊ ပလက်ဝမှာ အကျိုးစီးပွားများ စုဆုံနေသည့် မြို့နယ်တစ်ခု ဖြစ်နေတော့သည်။
၂၀၁၅ မှစတင်၍ AA တပ်ဖွဲ့ဝင်များ ပလက်ဝသို့ ရောက်ရှိလာခဲ့ကြပြီး ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့သို့ အရောက်တွင် ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိင်ခဲ့ကာ မြန်မာစစ်တပ်နှင့် ထိတွေ့တိုက်ခိုက်မှုများမှာလည်း ကြီးမာပြင်းထန်လာခဲ့သည်။ အလားတူ ဒေသခံ ချင်းလူမျိုးများအား ဖမ်းဆီးခေါ်ဆောင်သွားမှု၊ အတင်းအဓမ္မခိုင်းစေမှု၊ ရိုက်နှက်မှု၊ ဆပ်ကြေး ကောက်ခံ မှုနှင့် စားနပ်ရိက္ခာများ လုယူသွားမှုများကြောင့် ဒေသခံချင်းလူမျိုးများမှာ AA အား ပလက်ဝနယ်မြေကို ကျူးကျော် ဝင်ရောက်လာသူအဖြစ် ရှုမြင်လာခဲ့ကြပြီး နယ်မြေအတွက် စိုးရိမ်ပူပန်ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းအစတွင် ချင်းတိုင်းရင်သားများပါတီမှ AA ကို ပလက်ဝမှ ဖယ်ပေးရန်နှင့် ငြိမ်းချမ်းရေး စကားဝိုင်းပေါ်သို့ အမြန်ဆုံးသွားနိုင်ဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုစဉ် KACC ဥက္ကဌ ဦးကျော်ငြိမ်းမှလည်း “ပလက်ဝက ချင်းပြည်နယ်လေ၊ ချင်းပြည်နယ်မှာမနေဘဲ သူတို့ (AA) ရခိုင်ပြည်မှာနေရင် ပိုကောင်းတာပေါ့။ ကျွန်တော်တို့ ပလက်ဝလာနေရင် ပြည်နယ်နဲ့ တိုင်းနဲ့လည်းတစ်ခြားစီ၊ ရခိုင် ပြည်နယ်လည်း မဟုတ်ဘူး။ ပလက်ဝက ဒေသခံက အင်မတန် စိုးရိမ်မှု ဖြစ်တာပေါ့ဗျာ” ဟု RFA ကို ပြောဆိုခဲ့သည်။
AA မှလည်း ပလက်ဝကို သမိုင်းကြောင်းအရ ရခိုင်ပိုင်နက် နယ်မြေအဖြစ်ရှုမြင်ခဲ့ပြီး AA တပ်သားများမှာလည်း ပလက်ဝဒေသရှိ ရခိုင်ရွာများ၌ စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပလက်ဝကို ရခိုင်မြေတွင် ပြန်လည် ထည့်သွင်းကြမည်ဟူ၍ ဟောပြော စည်းရုံးမှုများရှိခဲ့ကြာင်း ဒေသခံ ချင်းလူမျိုးများမှ ပြောဆိုခဲ့ကြသည်။
အလားတူ ဗိုလ်ချုပ်ထွန်းမြတ်နိုင် မှလည်း ဧရာဝတီ၏ အင်တာဗျူး တစ်ခုတွင် “ပလက်ဝဒေသကတော့ ကျွန်တော်တို့ ပထဝီအရ ပြောပြော၊ သမိုင်းအရပြောပြော၊ လက်ရှိ အခြေအနေတွက် ပြောပြော၊ အနာဂတ်အတွက်ပြောပြော ဘယ်လိုမှ ကျွန်တော်တို့ လှုပ်ရှားမှုနှင့် ခွဲခြားလို့မရတဲ့ ဒေသတစ်ခု ဖြစ်တယ်” ဟူ၍ ဆိုခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ နေ့တွင် ထုတ်ပြန်ခဲ့သည့် ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် “ခူမီးကို ရခိုင်မျိုး နွယ်စုဝင်နှင့် ပလက်ဝကို ရခိုင်ပိုက်နက် နယ်မြေ” ဟူ၍ အများထင်ယောင်ထင်မှားဖြစ်အောင် ဖော်ပြခဲ့သေးသည်။
အဆိုပါ ထုတ်ပြန်ချက်ကို CNLD နှင့် KACC တို့မှနေ၍ ကန့်ကွက်ကြောင်း သဘောထား များထုတ်ပြန်ခဲ့ကြကာ နောက်နောင် ထိုကဲ့သို့ ရေးသားပြောဆိုမှုမျိုး မပြုလုပ်ရန် သတိပေး တိုက်တွန်းခဲ့ ကြသည်။ ခူမီး (ခမီး) အမျိုးသားပါတီမှ ဆိုလျှင် “AA မှ ရခိုင်တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး လှုပ်ရှားမှုတွင် ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ပိုင်နက်ထဲ ထည့်သွင်းရန် AA ၏ နယ်မြေချဲ့ထွင်ရေးဝါဒကို လုံးဝဆန့်ကျင် ကန့်ကွက်ရှုတ်ချကြောင်း” သဘောထားထုတ်ပြန်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင်တော့ CNF မှ ၎င်း၏ ဗဟိုဌာနချုပ်၌ ၄ ရက်တာ ညီလာခံပြုလုပ်ခဲ့ပြီး ထိုညီလာခံအပြီးတွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ထဲတွင် “AA အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများ နေထိုင်ရာဒေသများတွင် စစ်ရေးအရ လှုပ်ရှားနေထိုင် ခြင်း လုံးဝမပြုလုပ်ရန် အလေးအနက် တောင်းဆိုသည်” ဟု ပါရှိသည်။ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ “ဒီဟာက သူတို့တွေးတာက ပြောင်းပြန်ဖြစ်နေတယ်လို့ ပြောချင်တယ်။ အဓိက တိုက်ပွဲဖြစ်နေတာက မြန်မာစစ်တပ်ကနေ တိုင်းရင်းသား ဒေသတွေကို ကျူးကျော်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်တာ။ ဒါကို ချင်းပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန်တော့ ကျွန်တော်တို့ မြင်စေချင်တယ်” ဟု တုန့်ပြန်ခဲ့သည်။
ထို့နောက် ဇူလိုင်လထဲတွင် CNF မှ ဒုတိယအကြိမ်အစည်းအဝေးကို ကျင်းပပြီး AA ကို ချင်းပြည်နယ်အတွင်းက ဆုတ်ခွာသွားရန် ထပ်မံသတိပေးခဲ့သည်။ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီမှ “အကြမ်းနည်းနဲ့ စစ်ရေးအရ ရှင်းမလား။ နိုင်ငံရေးအရ ဖြေရှင်းမလား။ ကျွန်တော်တို့တော့ ပြောလို့မရဘူး၊ သူတို့ ကျွန်တော်တို့ ပြည်နယ်မှာ မနေဖို့ တိုက်ထုတ်မယ်ဆိုတာ စစ်ရေးအရလည်း ဖြစ်နိုင် တယ်၊ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲအရလည်း ဖြစ်နိုင်တာပေါ့။ အမျိုးမျိုးပြောလို့ရပါတယ်” ဟု ပြောခဲ့သည်။
ပလက်ဝ မြို့နယ်အခြေစိုက် AA စစ်ဒေသအမှတ် ၂ ကွက်ကဲရေးရုံးမှ ဗိုလ်ကြီးရူဘီကမူ ပလက်ဝကို သိမ်းယူရန် အထက်က ညွှန်ကြားထားခြင်း မရှိသေးကြောင်း “အဲ့လိုမူဝါဒလမ်းညွှန်ချက်တွေ၊ မရှိသေးပါဘူးခင်ဗျ။ အခုအချိန်ထိပေါ့။ ပြီးတော့ ကျွန်တော်တို့က အမျိုးသားလွတ်မြောက်ဖို့ ကြိုးစား ရင်းနဲ့ တခြားဘာ လူမျိုးပဲ ဖြစ်ဖြစ်၊ ဘာမျိုးနွယ်စုမှာပဲ ဖြစ်ဖြစ် သူတို့ကို ထိခိုက်အောင် ကျွန်တော်တို့ရဲ့ မူဝါဒတွေက မလုပ်ဆောင်ဘူး”ဟူ၍ ဧရာဝတီ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားချက်ကို တွေ့ရှိ ရသည်။ အလားတူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှလည်း “ကျွန်တော်တို့ ပလက်ဝကို ဝင်လာကတည်းက သိမ်းပိုက်မယ်၊ လုယူမယ်ဆိုတဲ့ သဘောထားမျိုး တစ်ခါမှလည်း မရှိခဲ့ဘူး၊ ပလက်ဝဟာ ရခိုင်မြေဖြစ်ပါ တယ်လို့ ပြောဆိုတာလည်း တစ်ခါမှမရှိပါဘူး”ဟု CCN Channel ၏ အင်တာဗျူးတွင် ပြန်လည်ပြောကြားခဲ့သည်။
အနှစ်ချုပ်
၁။ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒေသတစ်ခု ဖြစ်သည့်အပြင် ချင်းပြည်နယ်အတွင်း မတူကွဲပြားသည့် လူမျိုးများ ရောထွေးစွာဖြင့် အတူယှဉ်တွဲနေထိုင်ကြသည့် မြို့နယ်တစ်ခု ဖြစ်သည်။ ချင်းပြည်နယ်အတွင်း မြစ်ချောင်း၊ အင်းအိုင်အပေါများဆုံး ဒေသတစ်ခုဖြစ်နေပြီး ကြီးမားကျယ်ပြန့်သည့် တောတောင်များ၊ မြေပြန့်လွင်ပြင်များ ပေါများသည့် ဒေသတစ်ခု ဖြစ်လည်း ဖြစ်သည်။
၂။ ၂၀၀၉ ခုနှစ်တွင် လိုင်ဇာ၌ လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော AA မှာ ရခိုင်အမျိုးသား လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ရက္ခိုင့်ကံကြမ္မာနှင့် ရက္ခိုင့်သယံ ဇာတကို ရခိုင်လူမျိုးများကိုယ်တိုင် ဖန်တီးနိုင်ရေးတို့ ရည်မှန်းခဲ့ကြသည်။ အလားတူ AA မှာ နိုင်ငံ ရေးအရ ကွန်ဖက်ဒရေးရှင်းအဆင့် လိုလားနေပြီး ၎င်းကိုပင် တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့သည်။ အခြားတစ်ဖက်တွင်တော့ ရခိုင်ပြည်သူများအား လွတ်လပ်သော အချုပ်ခြာအာဏာပိုင် ကိုယ်ပိုင် အမျိုးသားနိုင်ငံတော်ကို ထူထောင်သွားဖို့ ဆော်ဩကြသည်မျိုးလည်း ရှိနေသည်။
၃။ တရုတ်နှင့် အိန္ဒိယတို့မှာ ၁၉၃၈ ခုနှစ်များတွင် ဆက်ဆံရေး အားကောင်းခဲ့ကြသော်လည်း ၁၉၅၀ နှောင်းပိုင်းများတွင် နယ်စပ်ပြဿနာများကြောင့် နှစ်နိုင်ငံဆက်ဆံရေး မှေးမှိန်သွားခဲ့ရသည်။ ၁၉၈၀ နောက်ပိုင်း ဆက်ဆံရေး ပြန်လည်အားကောင်းလာခဲ့ကြသော်လည်း စီပွားရေးနှင့် လုံခြုံရေး ဆိုင်ရာ အားပြိုင်မှုများ ဆက်ရှိနေခဲ့သည်။ အဆိုပါ နှစ်နိုင်ငံစလုံးတွင် ဆင်းရဲပြီး ကုန်တွင်းပိတ်ဒေသများ ရှိနေကြသေးပြီး ထိုဒေသများအလယ်တွင် မြန်မာနိုင်ငံက ထွက်ပေါက်တစ်ခုပမာ တည်ရှိသည်။
၄။ အန္ဒိယသည် နိုင်ငံတွင်း အရှေ့မြောက်ပိုင်းဒေသကို ပင်လယ်ထွက်ပေါက် ရရှိစေဖို့၊ နိုင်ငံတွင်း အရှေ့ပိုင်း ပြည်နယ်များနှင့် ကုန်သွယ်မှုပြုနိုင်ဖို့၊ အရှေ့အာရှရှိ ချမ်းသာသော နိုင်ငံကြီးများနှင့် ဆက်ဆံရေးတည်ဆောက်ပြီး ဈေးကွက်သစ်ရှာဖွေနိုင်ဖို့နှင့် တရုတ်နှင့် အာဏာချိန်ခွင်လျှာ ညှိယူနိုင်ဖို့တို့အတွက် ကုလားတန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဖော်ဆောင်နိုင်ဖို့ ပလက်ဝမှာ ပထဝီအနေအထားအရ အရေးပါသည့် နေရာတစ်ခု ဖြစ်လာသည်။ သို့သော် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့၏ ပလက်ဝ – အိန္ဒိယ နယ်စပ်ဒေသ တစ်လျောက် တိုက်ပွဲဖော်ဆောင် မှုများကြောင့် စီမံကိန်း ပြီးဆုံးအောင် မဆောင်ရွက်နိုင်ကြသေးဘဲ စီမံကိန်းအတွက် နောက်ဆုံး ကျန်ရှိနေသည့် ပလက်ဝ – ဇိုရမ်ပူးရ် လမ်းဖောက်လုပ်မှုကို ရပ်တန့်ထားရသည်။
၅။ ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်အတွင်း အဆင်းရဲဆုံးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အခက်ခဲဆုံး ဒေသတစ်ခုဖြစ်သောကြောင့် ကုလားတန်စီမံကိန်းကို ဆင်းရဲတွင်း တံခါးထွက်ပေါက် တစ်ခု အဖြစ် ဒေသခံများမှ ယုံကြည်နေကြသည်။ အလားတူ ချင်းပြည်နယ်အစိုးရသည်လည်း ချင်းပြည်နယ်၏ စီးပွားရေးအတွက် ကုလားတန်စီမံကိန်းအပေါ် မျှော်လင့်ချက် ကြီးမားခဲ့သည်။
၆။ ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ပလက်ဝတွင် ၂၀၁၅ ခုနှစ်မှစ၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့ပြီး ထိုနောက်ပိုင်း တစ်စတစ်စဖြင့် စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လာခဲ့သည်။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ နှစ်များတွင် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများမှာ ကြီးကြီးမားမားနှင့် ကျယ် ကျယ် ပြန့်ပြန့်ဖြစ်လာခဲ့ကာ တိုက်ပွဲဖြစ်ပွားမှု အရေအတွက်လည်း သိသိသာသာ တိုးလာခဲ့သည်။
ပလက်ဝဒေသခံများမှာ မြန်မာစစ်တပ်၏ ရမ်းတမ်းပစ်ခတ်မှုများ၊ ပေါ်တာဆွဲမှုများ၊ သွားလာရေးနှင့် စားနပ်ရိက္ခာကန့်သတ်မှုများ၊ ကလေးစစ်သားအဖြစ် စုဆောင်းမှုများတို့ကို ရင်ဆိုင်ခဲ့ကြရ သည့်အပြင် ရက္ခိုင့်တပ်တော် (AA) ၏ ဖမ်းဆီးမှုများ၊ ရိုက်နှက်မှုများ၊ ဆပ်ကြေးကောက်ခံမှုများ၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုများနှင့် ခြိမ်းခြောက်မှုများတို့ကိုပါ ရင်ဆိုင်ခဲ့ကြရသည်။
၇။ AA နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ၂၀၁၈ ခုနှစ်အရောက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင့်တလိုင်ခရိုင်၌ ပလက်ဝ စစ်ဘေးဒုက္ခသည်ပေါင်း ၆၀၀၀ ခန့် ထွက်ပြေးရောက်ရှိနေကြပြီး ဖြစ်သည်။ ထိုမှတစ်စတစ်စဖြင့် တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်နှင့် ပြင်းပြင်း ထန်ထန် ဖြစ်ပွားလာခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းလောက်တွင် ပလက်ဝ၌ စစ်ဘေးဒုက္ခသည်ပေါး တစ်သောင်းကျော် ဖြစ်လာခဲ့သည်။ အလားတူ စစ်ဘေးသင့်ပြည်သူ ၆၀,၀၀၀ ကျော်အထိ ရှိခဲ့ရသည်။ အဆိုပါ စစ်ဘေးရှောင်/စစ်ဘေးသင့်ပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မှုများနှင့်လည်း မကြာခဏ ရင်ဆိုင်ခဲ့ကြရသည်။
၈။ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ၂၀၁၇ – ၂၀၁၈ မှ စတင်၍ ပလက်ဝဒေသအတွင်း စာသင်ကျောင်းပေါင်း ၄၃ ကျောင်း ပိတ်ထားခဲ့ရသည်။ အလားတူ ၂၀၁၉ ခုနှစ်တွင် ၁၈၁ ကျောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၁၉၁ ကျောင်းအထိ ပိတ်သွားခဲ့ရသည်။
၉။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အစိုးရမှ အင်တာနက် ပိတ်ပင်ခဲ့သည်။ ထို့အတူ မြန်မာစစ်တပ်နှင့် AA တို့မှလည်း ဆက်သွယ်သွားလာရေး လမ်းကြောင်းများကို ပိတ်ဆို့ကန့်သတ်မှုများ မကြာခဏဆိုသလို ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဖြစ်ရပ်များကြောင့် ပလက်ဝမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု အားနည်းသွားကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်မားသွားခဲ့ရသည်။
၁၀။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်မှ ခူမီချင်းမျိုးနွယ်စုများကို ရခိုင်မျိုးနွယ်စုဝင်အဖြစ် ပုံဖော်ရေးသားခြင်းတစ်ခုရှိခဲ့ပြီး ၎င်းကိုပင် ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) နှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) တို့မှ ကန့်ကွက်ပြီး နောက်နောင် ထိုကဲ့သို့ ရေးသားပြောဆိုခြင်း မပြုလုပ်ရန် သတိပေးခဲ့ကြသည်။
၁၁။ ပလက်ဝမြို့နယ်ရှိ ချင်းမျိုးနွယ်စုများမှာ AA ကို နယ်ချဲ့ကျူးကျော် ဝင်ရောက်လာသူများအဖြစ် ရှုမြင်သဘောထားခဲ့ကြသည်။ အလားတူ AA တပ်ဖွဲ့ဝင်များမှလည်း အောက်ခြေတွင် ပလက်ဝကို “ရခိုင်ပိုက်နက် နယ်မြေ” ဟု ပြောဆိုမှုများရှိနေခဲ့ပြီး ဒေသခံ ချင်းလူမျိုးများမှလည်း အဆိုပါပြောဆိုချက်များကြောင့် စိုးရိမ်မှုများ ရှိခဲ့ကြသည်။ ၂၀၂၀ တွင် CNF မှ AA ကို ပလက်ဝမှ ထွက်ခွာသွားဖို့ ၂ ကြိမ်တိုင်တိုင် သတိပေးခဲ့သည်။ သို့သော် AA မှ “ပလက်ဝဟာ သူတို့အတွက် စစ်ရေးအရ အရေးပါသည့် နယ်မြေဖြစ်သောကြောင့် ဆုတ်ခွာလို့မရ” ဟူ၍ ပြောဆိုမှုများရှိသည်။
နိဂုံး
ဤသုတေသန စာတမ်းတွင် လေ့လာတွေ့ရှိချက်များကို အပိုင်း ၄ ပိုင်းခွဲပြီး ဖော်ပြထားပါသည်။ ပထမပိုင်းတွင် ပလက်ဝမြို့နယ်အကြောင်း အကျဉ်းမျှဖော်ပြခဲ့ပြီး ထိုအထဲတွင် ပလက်ဝမြို့နယ်၏ ပထဝီအနေအထား၊ လူဦးရေ၊ လူမျိုးများတည်ရှိမှုနှင့် စီးပွားရေးလုပ်ငန်းများ မည်သို့မည်ပုံရှိပုံကို မိတ်ဆက်ပေးထားသည်။
ဒုတိယပိုင်းတွင် ရက္ခိုင့်တပ်တော် ပေါ်ပေါက်နိုင်ဖို့ အစပြုကြိုးပမ်းမှုများ၊ ရက္ခိုင့်တပ်တော် ပီပီပြင်ပြင်ပေါ်ပေါက်လာမှုနှင့် ရက္ခိုင်တပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များကို အကျဉ်းမျှဖော်ပြခဲ့သည်။
တတိယပိုင်းတွင်ကား တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေး၊ အိန္ဒိယ၏ အရှေ့မျှော်ဝါဒ တံခါးပေါက်တစ်ခုဖြစ်လာသည့် ပလက်ဝ၊ ကုလားတန်စီမံကိန်းအပေါ်ထားရှိသည့် ပလက်ဝဒေသခံများ၏ သဘောထားများကို ဆက်လက်ဖော်ပြခဲ့သည်။
နောက်ဆုံး စတုတ္ထအပိုင်းတွင် AA ပလက်ဝသို့ ဝင်ရောက်လာမှု နောက်ပိုင်း နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်/ဖြစ်ရပ်များကို အဓိကထားကာ ဖော်ပြထားခဲ့သည်။ ထိုသို့ ဖော်ပြမှုများတွင် တိုက်ပွဲဖော်ဆောင်မှုများ၊ ဒေသခံများ လူ့အခွင့်အရေးဆုံးရှုံးနစ်နာမှုများ၊ မျိုးနွယ်စုဆိုင်ရာ ပြဿနာပေါ်ပေါက်မှုနှင့် ဒေသခံများ၏ နယ်မြေဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အပိုဒ်ခွဲများဖြင့် ဆက်လက်ဖော်ပြထားခဲ့ပါသည်။
အလားတူ အဆိုပါတွေ့ရှိချက်တစ်ခုချင်းစီကို ပိုမိုနားလည်နိုင်ရန် အနှစ်ချုပ် ၁၁ ခုဖြင့် ပြန်လည်ဖော်ပြ ပေးထားပါသည်။ ထို့အတွက်ကြောင့် ဤသုတေသနစာတမ်းမှာ ရခိုင်နှင့် ပလက်ဝအကြောင်းကို စိတ်ဝင်စားကြသူများ၊ ပလက်ဝနှင့်ပါတ်သတ်ပြီး ဆုံးဖြတ်လုပ်ကိုင်နေသူများနှင့် ပါဝင်ပတ်သက်သူ သက်ဆိုင်ရာ အင်အားစုတို့အား ပလက်ဝဖြစ်စဉ်အကြောင်းကို လေ့လာရာတွင် တစ်ပိုင်းတစ်စအနေဖြင့် အထောက်အကူပြုပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ —-။
ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၁)
ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၂)