မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ကျော်လာချိန်တွင် ချင်းတော်လှန်ရေးအင်အားစုများအတွင်း စစ်ရေးအောင်မြင်မှုများ အတိုင်း အတာတစ်ခုအထိရရှိလာသော်လည်း နိုင်ငံရေးပိုင်းတွင် သဘောထားမတူညီမှု၊ အကွဲအပြဲအက်ကြောင်းများ ပိုမိုကြီးမာလာနေပြီး စစ်ရေးအရ ထိတွေ့မှုများ၊ သတိပေးထုတ်ပြန်မှုများအထိ ရှိလာနေပါသည်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တူမီးစွဲကိုင်ပြီး အစောဆုံးဆန့်ကျင့်တော်လှန်ခဲ့သော ချင်းအင်အားစုများသည် အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် ခုခံတော်လှန်ရေး ၃ နှစ်ရှိလာချိန်မှာ ချင်းလဲန်းကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အဖြစ် နှစ်ခြမ်းကွဲသွားခဲ့သည်။
ယခုအခြေအနေအတိုင်း ရှေ့ဆက်သွားကြမည်ဆိုပါက ချင်းပြည်သူများ မျှော်လင့်နေကြသော အနာဂတ်ချင်းပြည်ထောင် တည်ဆောက်ရေးက မည်ကဲ့သို့ရှိလာနိုင်သလဲ၊ လက်ရှိချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား အကွဲအပြဲ အက်ကြောင်းများ ပိုမိုကြီးထွား မလာစေရန် မည်ကဲ့သို့ ဆောင်ရွက်သင့်ပါသလဲ၊ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းလူငယ်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးလည်းဖြစ် India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်ကို ခိုနူမ်းသုန်သတင်းထောက် Salai Vakok က ဆက်သွယ်မေးမြန်းထားသည်။
မေး – လက်ရှိကာလဟာ ပြည်မအပါအဝင် ချင်းပြည်နယ်မှာ စစ်အာဏာရှင်ကို တော်လှန်မှု ၃ နှစ်ကျော်လာပါပြီ။ ၃ နှစ်တာကာလမှာ ချင်းတော်လှန်ရေးအင်အားစုတွေ ဘယ်လောက်အတိုင်းအတာအထိ ခရီးပေါက်လာပါပြီလဲ။
ဖြေ – ချင်းပြည်နိုင်ငံရေးကို ကြည့်မယ်ဆိုရင် ၃ နှစ်တာအတွင်း စစ်ရေးအောင်မြင်မှု အတိုင်းအတာ တစ်ခုထိ ရောက်တယ်။ ဒါပေမဲ့ နောက်ဆုံး နိုင်ငံရေးမှာ သဘောထား ကွဲလွဲမှုတွေ ရှိတဲ့အခါ၊ စစ်ရေးရလဒ်ကို စီမံခန့်ခွဲဖို့ လုပ်တဲ့အခါမှာ အုပ်ချုပ်ရေးကဏ္ဍ သဘောထား ကွဲလွဲမှုတွေ၊ နယ်မြေ လုမှုတွေကြောင့် အချင်းချင်း သဘောထား ကွဲလွဲမှု ရှိသလို အခုဆိုရင် တစ်စုတစ်စည်းထဲ ချင်းတော်လှန်ရေးရလဒ်ကို အတူတကွ လုပ်နိုင်တဲ့အဆင့် မဟုတ်တော့ ဘဲနဲ့ အကွဲအပြဲနဲ့ ဖြစ်သွားတယ်။ ဒီတော်လှန်ရေး ရလဒ်ကို ခြုံကြည့်မယ်ဆိုရင် စစ်ရေးရလဒ်က ရှေ့ရောက်နေပြီးမှ တကယ့်သွားချင်တဲ့ နိုင်ငံရေးရလဒ်က အဝေးကြီးမှာ ကျန်ခဲ့တယ်။ ဒါကို အလေးထားပြီး အခုချိန်ကတည်းက နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ အနည်းဆုံးဖြစ်အောင် ဘုံရည်မှန်းချက်တွေ ရှာထားဖို့ လိုပြီး။ အနည်းဆုံး အဋိပက္ခ မဖြစ်ပွားအောင်၊ နိုင်ငံရေးပွတ်တိုက်မှု အပြင်းအထန် မဖြစ်ပွားအောင် ဘုံနိုင်ငံရေး ရည်မှန်းချက်ကို စနစ်တကျ ပြင်ဆင်ထားဖို့ လိုနေပြီးလို့ ယူဆတယ်။ ဒီဟာကို ကြိုတင် မလုပ်ဘဲနဲ့ စစ်ရေးကိုပဲ ရှေ့တိုးနေရင် အချင်းချင်း ပွတ်တိုက်မှုကနေ ယုံကြည်မှု ပျက်သွားရင် စကစနဲ့ ကျနော်တို့ကြား နှစ်ပေါင်း ၇၀ ကျော်ကြား ပျက်ပြားသလို တော်လှန်ရေး အင်အားစုတွေကြားမှာ ယုံကြည်မှု ပျက်ပြားရင် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ များစွာထိခိုက်လိမ့်မယ်။
မေး – ဒီ ၃ နှစ်တာကာလအတွင်းမှာ တော်လှန်ရေးအပေါ် ချင်းပြည်သူတွေရဲ့ အားဖြည့်ပါဝင်မှုအပေါ် အားရကျေနပ်မှုရှိ ပါသလား။ ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ – ချင်းပြည်နယ်က ပြည်သူတွေအပါအဝင် မြန်မာတစ်နိုင်လုံးက ပြည်သူတွေက လက်ရှိ တော်လှန်ရေးမှာ ရာနှုန်းပြည့် နီးပါး ပူးပေါင်းပါဝင်ကြတယ်။ CDM လုပ်ပြီး စကစ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်အောင် လုပ်တဲ့ အပိုင်းမှာလည်း အင်မတန်မှ အားကောင်းတယ်။ အရင်တုန်းက ချင်းအခြေအနေဆိုရင် အခွန်ကို စနစ်တကျ ပေးတာ မရှိဘူး။ တစ်နိုင်လုံးမှာလည်း အခွန်ကို စနစ်တကျ ပေးတဲ့ဟာလည်း ရှားနေသေးတယ်။ လက်ရှိ တော်လှန်ရေးမှာ နေရာပေါင်းစုံမှာ အခွန်ခေါင်းစဉ်နဲ့ဖြစ်ဖြစ်၊ အလှူငွေ ခေါင်းစဉ်နဲ့ ဖြစ်ဖြစ် လုပ်ကြတယ်။ ပြည်သူတွေက ပူးပေါင်းပေးတယ်။ အခုက ပြည်သူတွေကို ပူးပေါင်းပေးပါဆိုတာထက် အောင်မြင်တဲ့ အတိုင်းအတာ တစ်ခုမှာ ဒါက တော်လှန်ရေး ရလဒ်ပါလို့ ပြည်သူတွေကို ချပြရမယ့် အနေအထားရောက်ပြီး။ ဒါကို ခေါင်းဆောင်တွေ စဉ်းစားဖို့ လိုတယ်။ အခုချိန်မှာ တော်လှန်ရေးခေါင်းဆောင်တွေက ပိုပြီးတော့ အားစိုက်ဖို့ လိုတယ်။ ပြည်သူ တွေက ခုချိန်မှာ စိုးရိမ်းစိတ်တွေနဲ့ ပြည့်နေပြီး။ စကစကိုလည်း လုံးဝ မပူးပေါင်းနိုင်ဘူး။ တော်လှန်ရေးအင်အားစုတွေဘက်ကို ကြည့်ရင်လည်း သူတို့ စိုးရိမ်တယ်။ အချင်းချင်း ပွတ်တိုက်မှုတွေလည်း များလာတဲ့အခါကြတော့။ ဒီစိုးရိမ်မှုတွေကို မစိုးရိမ်ကြပါနဲ့။ ကျနော်တို့ တော်လှန်ရေး လုပ်ခြင်းအားဖြင့် ထိန်းသိမ်းထားတဲ့ နယ်မြေမှာ စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံး တော်လှန်ရေး ရလဒ်ကို ထုတ်နိုင်ပါပြီးဆိုတဲ့ လက်ဆုပ်လက်ကိုင်ပြစရာ ရှိဖို့ လိုတယ်။ ကျနော်ကတော့ ပြည်သူတွေက ရာနှုန်းပြည့် တာဝန်ကျေတယ်လို့ ပြောချင်ပါတယ်။
မေး – လက်ရှိ ချင်းတော်လှန်ရေးအခင်းအကျင်းကို ကြည့်မယ်ဆိုရင် စစ်ရေးမှာတော့ အောင်မြင်မှု အတိုင်းအတာတစ်ခုထိရှိတယ်လို့ ပြောလို့ရပေမယ့် နိုင်ငံရေးပိုင်မှာ ဘာကြောင့် အကွဲအပြဲတွေဖြစ်နေတာလဲ။
ဖြေ – ပထမအဆင့် တော်လှန်ရေးအဓိပ္ပါယ်ကို နားလည်မှု မတူကြဘူး။ ပဋိပက္ခဖြစ်နေတဲ့ အကြောင်းအရာကို ကြည့်မယ်ဆိုရင် စစ်ရေးအောင်နိုင်ခြင်းကို တော်လှန်ရေးလို အဓိပ္ပါယ်ဖွင့်တဲ့ စစ်ရေးကိုသာ အာရုံစိုက်တဲ့ အုပ်စုက သပ်သပ်ရှိတယ်။ နောက်တစ်ခုက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ တွဲပြီးမှ တော်လှန်ရေးကို အဓိပ္ပါယ်ဖွင့်ဆိုသူ ရှိတယ်။ တော်လှန်ရေးဆိုတဲ့ အခင်းအကျင်းကို ဘယ်လိုမြင်ကြသလဲဆိုတာက ပထမပြသနာလို့ မြင်တယ်။ ဒီဟာကို ညှိဖို့ လိုတယ်။ တော်လှန်ရေးလို့ဆိုတဲ့ဟာက စနစ်ကောင်း မွန်ရေးအတွက် တော်လှန်းတာဖြစ်လို့ စနစ်ရေးရာနဲ့ ပတ်သက်ရင် အချင်းချင်း အတိုင်းအတာနဲ့ အပေးအယူ လုပ်ဖို့လိုတယ်။ အလျော့အတင်း လုပ်ဖို့ လိုတယ်။ ဒုတိယက တော်လှန်ရေးကို ပြည်သူ့တော်လှန်ရေးအသွင်နဲ့ သွေဖယ်တဲ့ လုပ်ဆောင်ချက်တွေက ချင်းအသိုင်းအဝိုင်းမှာ တော်တော်လေး ပြသနာဖြစ်တယ်လို့ ယူဆတယ်။ ပြည်သူ့တော်လှန်ရေးလို့ ပြောပြီဆိုကတည်းက ဘယ်အဖွဲ့ အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကမှ တော်လှန်ရေး အကျိုးရလဒ်ကို ရရှိရမှာ မဟုတ်ဘူး။ ပြည်သူတစ်ရပ်လုံးကသာ ရရှိရမှာ ဖြစ်တယ်။ ဒီဟာကိုတော့ အားလုံးက လက်ခံသလိုလိုတော့ဖြစ်ကြတယ်။ ဒါပေမဲ့ လက်တွေ့ ချဉ်းကပ်ချိန်မှာ ပြည်သူ့တော်လှန်ရေး ဆိုတဲ့ အဓိပ္ပွါယ်ကို ပြည့်ပြည့်ဝဝ ထင်ဟပ်တဲ့ ချဉ်းကပ်မှုက တော်တော်အားနည်းတယ်။ ဒါက ချင်းမှမဟုတ်ဘူး။ တစ်နိုင်လုံးအနေနဲ့ အားနည်းတယ်လို့ ဆိုရမှာပါ။ တတိယအချက်က လိုချင်တဲ့ ပန်းတိုင်ကို မညှိနှိုင်းကြဘူး။ တချို့က ကွန့်ဖက်ဒရိတ်သွားချင်တယ်။ တချို့က ဖက်ဒရယ်ကို သွားချင်တယ်။ တချို့က ခုချိန်မှာ ဆုံးဖြတ်ရ ခက်နေကြတယ်။ ကျနော်တို့က သွားချင်တဲ့ ပန်းတိုင်က မတူဘူး။ အားလုံးတူအောင် ညှိဖို့တော့ မလွယ်ဘူး။ ဘုံအားဖြင့် အတိုင်းအတာ တစ်ခုထိ လက်တွဲလို့ ရတယ်ဆိုတာမျိုး ဘုံတော်လှန်ရေးပန်းတိုင်းကို မရှာဖွေထားတာက ကျနော်တို့ ကြားက ပြသနာဖြစ်စေတဲ့ ဟာလို့ ယူဆတယ်။ နိုင်ငံရေး ဘုံရည်မှန်းချက်ရဲ့ နောက်ဆက်တွဲက မဟာမိတ်ပိုင်းဆိုင်ရာမှာ ပြသနာ ရှိလာတယ်။ ပူးပေါင်းဆောင်ရွက်ရေးမှာ ပြသနာရှိ လာတယ်။ နောက်ဆုံးအချက်က တော်လှန်ရေးကို ဦးဆောင်သူအနေနဲ့ နိုင်ငံရေး စိတ်စေတနာ သိပ်မရှိဘူး။ ဒါက တစ်ဦးချင်းစီးကို ပွင့်ပွင့်လင်းလင်း ဝေဖန်တာဖြစ်တယ်။ ပြောမယ်ဆိုရင် ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အစည်းအတွက် အဆင်ပြေတယ်ဆိုရင် အဆင်ပြေတယ်လို့ ခံယူချက် ရှိကတည်းက တိုင်းပြည်အပေါ်မှာ စေတနာ မရှိဘူးလို့ ပြောနိုင်တာဖြစ်တယ်။ ချင်းလဲန်းကောင်စီနဲ့ သွားတဲ့ ပုံစံအတိုင်း အဆင်ပြေတယ်ဆိုတဲ့ အုပ်စုဖြစ်ဖြစ် ၊ ICNCC နဲ့ဆိုရင် အဆင်ပြေတယ်ဆိုတဲ့ အုပ်စု ရှိနေသ၍ ဒါက တိုင်းပြည်အပေါ်မှာ စေတနာ မရှိခြင်းရဲ့ အုပ်မြစ်ဖြစ်တယ်။ ဒီလိုနှစ်ခြမ်းဖြစ်လာတဲ့ဟာက ခေါင်းဆောင်တစ်ဦးချင်းစီရဲ့ နိုင်ငံရေး စေတနာနဲ့ နိုင်ငံရေးအဖြေရှာမှုဆိုင်ရာ လုံးဝအားနည်းချက်လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ချင်တယ်။
မေး – ချင်းပြည်သူတွေက ဘယ်လိုနိုင်ငံရေးအခင်းအကျင်းမျိုးကို မျှော်လင့်နေကြတာပါလဲ။ ချင်းပြည်ကို ဘယ်လိုမြင်ချင်ကြပါလဲ။
ဖြေ – ကျနော်အနေနဲ့က ချင်းလဲန်းကောင်စီညီလာခံ မကျင်းပမှီ ချင်းပြည်သူတွေ အများအပြားနဲ့ ထိတွေ့ခဲ့တယ်။ ခရီးတွေ သွားခဲ့တယ်။ အဲဒီမှာ ပြည်သူတွေက စစ်အုပ်ချုပ်ရေး ယန္တရားကို အမြန်ဆုံး အစားထိုးနိုင်မယ့် ပြည်သူ့ဒုက္ခကို ဖြေရှင်းပေမယ့် တော်လှန်ရေးကာလအစိုးရ ပေါ်လာဖို့ သူတို့ရဲ့ စိတ်ဆန္ဒဖြစ်တယ်။ သူတို့ ဆန္ဒပြည့်မီဖို့က လက်ရှိအဖွဲ့အသီးသီးမှာ ဝင်နေတဲ့ ဝင်ငွေတွေ၊ အဖွဲ့အသီးသီးက အင်အားတွေ၊ နိုင်ငံတကာ အကူအညီတွေ ၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ရတဲ့ ဘဏ္ဍာတွေကို တစ်စုတစ်စည်းထဲ စီမံခန့်ခွဲမှု လုပ်ပြီးမှ ဖြေရှင်းပေးတယ်ဆိုရင် တော်လှန်ရေးကာလမှာ စနစ်တကျ စီမံခန့်ခွဲပေးနိုင်တဲ့ အနေအထားဖြစ်တယ်။ အချင်းချင်း ညှိညှိနှိုင်းနှိုင်းနဲ့ တချို့ကဏ္ဍတွေမှာ မူဝါဒအရ ပူးပေါင်းပြီး၊ တချို့ကို လူအင်အားအရ ပူးပေါင်းပြီးမှ၊ တချို့ကဏ္ဍတွေမှာ ဘဏ္ဍာငွေ အင်အားနဲ့ လက်တွဲပြီး လုပ်လိုက်ခြင်းအားဖြင့် ၇၀/ ၈၀ ရာခိုင်နှုန်းက ပြသနာပြီးမယ့်ကိစ္စဖြစ်တယ်။ ခုချိန်မှာ ချင်းပြည်သူတွေက သူတို့ အလိုချင်ဆုံးက စကစကို မောင်းထုတ်ပြီးမှ သူတို့လိုအပ်နေတဲ့အရာတွေကို စနစ်တကျ ဖော်ဆောင်ပေးဖို့ ဖြစ်တယ်။ ပြည်သူတွေရဲ့ လိုလားချက်ကိုပဲ အာရုံစိုက်မယ်ဆိုရင် ချင်းမှာ အခု အင်အားနဲ့ ပြည်သူ့ ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးလို့ ရပြီလို့ ပြောချင်ပါတယ်။ မြို့သိမ်းဖို့လား၊ တစ်စု တစ်စည်းထဲ သိမ်းမယ်ဆိုရင် အင်အားလုံလုံလောက်လောက်ရှိတယ်။ ခုက နှစ်ခြမ်းဖြစ်သွားတော့ လက်နက်ကလည်း မရှိသလိုဖြစ်တယ်။ တစ်ယောက်တစ်ပေါက်စီသွားရင်တော့ မအောင်မြင်တဲ့ ပုံစံဖြစ်တယ်။
မေး- CNA ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်တွေအနေနဲ့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲ လာမဖော်ဖို့နဲ့။ နိုင်ထက်စီးနင်းကျူးကျော် ဝင်ရောက်ပြီး လာဖော်ရင် ထိတွေ့တိုက်ပွဲတွေ ဖြစ်နိုင်တယ်လို့ PDF Zoland က သတိပေးထားပါတယ်။ ဒီလိုတဖွဲ့နဲ့တဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်ဘဲ သူ့နယ်ကိုယ့်နယ် မကျူးကျော်ရဆိုတဲ့ ပုံစံမျိုးက တော်လှန်ရေးအပေါ် ဘယ်လိုသက် ရောက်နိုင်ပါလဲ။
ဖြေ – အခုအခင်းအကျင်းက စာထုတ်တဲ့ သူကိုလည်း အပြစ်တင်လို့ မရတဲ့ အနေအထားဖြစ်သွားပြီ။ ထန်တလန်မီးရှို့ခံရမှုဖြစ်စဉ်နဲ့ ဥပမာတစ်ခုပေးချင်တယ်။ ထန်တလန်မြို့ထဲမှာ စစ်စခန်း မရှိဘူး။ ရဲစခန်းတစ်ခုပဲ ရှိတယ်။ အဲဒီမှာ မြို့ပေါ်မှာ ရှိတဲ့ ရဲစခန်းတွေကို သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အခါမှာ လုံလဲရ်စခန်းသိမ်း တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှာ စကစက ဟားခါးကနေ ထန်တလန်ကို စစ်ကြောင်းဝင်လာတယ်။ အဲလိုစစ်ကြောင်း ဝင်မလာအောင် ဘာလို့ မလုပ်ကြတာလဲလို့ အတွင်းက လူတွေကို မေးကြည့်တယ်။ ကျနော်တို့ နယ်မြေကို စစ်ကူ လာစရာ မလိုဘူး။ ကျနော်တို့ မခေါ်သ၍ စစ်ကူ မလာနဲ့လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့က ပြောခဲ့တယ်တဲ့။ အဲဒါ စစ်ကောင်စီက အင်အား ၇၀ နဲ့ စစ်ကြောင်း တစ်ခါထိုးတယ်။ နည်းနည်း တားလို့ရတယ်။ အင်အား ထပ်ဖြည့်တဲ့အခါ တားမရဘူး။ ထန်တလန်မြို့ ဝင်တဲ့အခါကြတော့ ထန်တလန်မြို့တွင်းမှာ ပစ်ခတ်မှုဖြစ်တာနဲ့ အဲဒီကနေ စပြီးတော့ ထန်တလန်မြို့ဟာ မီးလောင်ပြာကျမှု ဖြစ်ခဲ့တယ်။ ထန်တလန်မြို့ မီးလောင်ပြာကျမှုဟာ အချင်းချင်း လက်ညှိးထိုး စတမ်းဆိုရင် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပေါ့ဆမှု များစွာပါတယ်။ မီးရှို့တာက စကစ၊ ပေါ့ဆတာ ကျနော်တို့ဖြစ် တယ်။ စစ်ရေးဗျူဟာအရဖြစ်ဖြစ် နိုင်ငံရေးအရ ဖြစ်ဖြစ် ကျနော်တို့ဟာ လက်တွဲရမယ့် လူတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုအခင်း အကျင်းကြောင့် ထန်တလန်းမြို့ကို ဆုံးရှုံးခဲ့တယ်။ ထန်တလန်မြို့ မီးရှို့ခံရတာကို ထန်တလန် ဒေသခံတွေက မဟုတ်ပဲနဲ့ ကျန်တဲ့ လက်နက်ကိုင်တွေနဲ့ စကစနဲ့ကြားက မီးလောင်တယ်ဆိုရင် ထန်တလန်ပြည်သူတွေက ခုထိ လုံးဝသည်းခံမှာ မဟုတ်ဘူး။ သူတို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စကစရဲ့ တိုက်ပွဲကနေ နောက်ဆက်တွဲ မီးလောင်မှု ဖြစ်လို့ စိတ်ထဲမှာ လုံးဝ မကျေနပ်ပေမယ့် လက်ခံရတယ်။ အခုက မင်းတပ်တို့၊ တီးတိန်တို့၊ ကန်ပက်လက်တို့၊ ဖလမ်းတို့မှာ စစ်ရေးဖော်ဆောင်တဲ့အခါမှာ စစ်ရေးရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို ပြည်သူတွေ ခံနိုင်ရည်ရှိဖို့ ထည့်သွင်းစဉ်းစားရမယ်။ ဒီလိုမစဉ်းစားပဲနဲ့ လုပ်မယ်ဆိုရင် နောက်ဆက်တွဲ ပေါ်လာတဲ့ ပြသနာတွေကို ကိုင်တွယ်တဲ့ အခါမှာ ချင်းတွေကြားမှာ ရိုက်ခတ်မှု များလာနိုင်တယ်။ သူတို့စာကို ကြည့်ခြင်းအားဖြင့် CJDC ပျက်စီးမှုရဲ့နောက်ဆက်တွဲ ပထမ ရလဒ်၊ ဒုတိယက ICNCC နဲ့ CC ဆိုပြီး နိုင်ငံရေးအရ လုံးဝ နှစ်ခြမ်းဖြစ်သွားခြင်းရဲ့ နောက်ဆက်တွဲ၊ တတိယက နောက်ဆက်တွဲကိစ္စမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းမှာ ထန်တလန် ဥပမာကို ပြောခဲ့သလိုပဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မပါပဲနဲ့ လုပ်လိုက်လို့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ထွက်သွားရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ထိခိုက်မှု ရှိနိုင်တယ်။ ကိုင်တွယ်ပုံ မှန်ကန်ဖို့ လိုတယ်။ စစ်ရေးကိုပဲ သွားနေတယ်ဆိုပြီး နိုင်ငံရေးအရ သက်ရောက်မယ့် ဆိုးကျိုးကို မစဉ်းစားဘူးဆိုရင် ကျနော်တို့ အချင်းချင်းကြား ယုံကြည်မှု ပျက်ပြားမှုကနေ ချင်းအနာဂါတ်နိုင်ငံရေးကို အများအပြား ထိခိုက်နိုင်တယ်။
မေး – ချင်းတော်လှန်ရေးမှာ CC နဲ့ ICNCC တို့ နှစ်ခြမ်းကွဲမှုကနေ ဆုံမှတ်ရှာဖို့၊ ပြန်လည်ပေါင်းစည်းရေး အဖြေက ဘယ်လို လုပ်ရင် ဖြစ်မလဲ၊ ဘယ်လို စတင်ကြရင် ကောင်းမလဲ။
ဖြေ – လုံးဝ ယုံကြည်မှု ပျက်ပြားစေတဲ့ လုပ်ဆောင်မှု မှန်သမျှကို အခုချိန်မှာ စရှောင်သင့်ပြီ။ ယုံကြည်မှု ရှိစေမယ့် အခင်းအကျင်း မျိုးကို စတင်လုပ်ဆောင်သင့်ပြီ။ CJDC ပျက်ကတည်းက ချင်းနိုင်ငံရေး နှစ်ခြမ်းဖြစ်ကတည်းက ချင်းအခြေအနေက စိတ်အေးအေး နဲ့ထားလို့ မရတော့တဲ့ အခင်းအကျင်း ရောက်နေပြီလို့ ပြောချင်ပါတယ်။ ခုချိန်မှာ နိုင်ငံရေးက အရမ်းကြီး ရှေ့တန်း တင်လို့ မရဘူး လို့ ပြောရင် တော်လှန်ရေးရလဒ်က ကျနော်တို့ မျှော်လင့်ထားသလို ကောင်းမှာမဟုတ်ဘူး။ ကျနော်တို့ စစ်ရေးနဲ့ နိုင်ငံရေး ဟန်ချက်ညီနိုင်ဖို့ လိုတယ်။ တချို့မှာက စစ်ရေးက ပါတီတစ်ခု၊ နိုင်ငံရေးက ပါတီတစ်ခု၊ ဥပမာ ရခိုင်ပေါ့နော်။ ချင်းအခင်းအကျင်း ကတော့ ရခိုင်နဲ့ ကရင်နဲ့ သွားနှိုင်းလို့မရဘူး။ ချင်းအခင်းအကျင်းအရ လက်နက်ကိုင်အဖွဲ့တစ်ခုက သူ့နယ်မြေမှာ လူဦးရေ သောင်းချီ ကို ရှိတယ်။ နယ်မြေလည်း ရှိတယ်။ သူ့နောက်ခံ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံတမ်းကလည်း ရှိတယ်။ ဒီလိုအခြေအနေမှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုကို အတိုင်းအတာတစ်ခုထိ နေရာမပေးဘူး။ အသိအမှတ် မပြုဘူးဆိုရင် သူနဲ့ သူ့ပြည်သူတွေကို ဘေးဖယ်ထားရာ ရောက်တယ်။ ပြောချင်တာက စစ်ရေးအရ ဒီလိုသွားနေတယ်ဆိုရင် နိုင်ငံရေးအရ ပြန်လည်စုစည်းတဲ့အခါမှာ တချို့တွေက မူရင်းပြည်နယ်ကနေ ကျန်ခဲ့တာမျိုးက လွယ်ကူတယ်။ အဲတော့ ချင်းနိုင်ငံရေးမှာ စစ်ရေး ၊ နိုင်ငံရေး ဟန်ချက် မညီဘူးဆိုရင် မျိုးနွယ်စုတစ်စု ကျန်ခဲ့တာနဲ့ အပြောင်းအလဲက များစွာ ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ချင်းလဲန်းကောင်စီတို့၊ ICNCC တို့က ပထမဆုံး စုစည်းနိုင်ဖို့ လိုတယ်။ အဲလိုစုစည်းနိုင်ဖို့ဆိုရင် လောလောဆယ်က နိုင်ငံရေးလမ်းပြမြေပုံလိုတယ်လို့ ပြောချင်ပါတယ်။ ချင်းနိုင်ငံရေးအတွက် နိုင်ငံရေး ဘုံရည်မှန်းချက် အဖြေရှာဖို့အတွက် နိုင်ငံရေးလမ်းပြမြေပုံ သုံးပြီးတော့မှ အဲအထဲမှာ လိုအပ်ရင် ICNCC နဲ့ CC တို့ လတိုင်း တွေ့ဆုံမှုမျိုး ဖန်းတီးမလား၊၊ ကာကွယ်ရေးအင်အားစုတွေဘက်မှာလည်း စစ်ရေးကဏ္ဍနဲ့ ပတ်သက်လို့ နှီးနှောဖလှယ်ပွဲကို လတိုင်းလုပ်မလား၊၊ နိုင်ငံရေးလမ်းပြ မြေပုံနဲ့ အချင်းချင်းကြား ယုံကြည်မှုကို ဖြစ်ပေါ်စေမယ့် လမ်းကြောင်းကို နှစ်ဖက်က မသွေမတိမ်းလျှောက်ပြီးမှ နောက်ဆုံး ပြန်စုစည်းပေးနိုင်မယ့် ဖွဲ့စည်းပုံလိုဟာမျိုးပေါ့။ ဒီဟာမျိုးဖြစ်ဖို့ကလည်း တွေ့ဆုံမှုကနေပဲ ရမှာဖြစ်ပါတယ်။
မေး- ချင်းပြည် ပလက်ဝမှာ AA က အုပ်ချုပ်ရေးတွေဖော်ဆောင်နေတယ်။ ဒေသခံတွေ ပလက်ဝကနေ ဝင်ထွက်သွားလာမယ်ဆိုရင် AA ရဲ့ထောက်ခံချက်တွေယူရတယ် အဲဒါမပါရင်သွားမရဘူး ဒီလိုဖြစ်လာတဲ့အပေါ်မှာကော် ဘယ်မြင်ပါလဲ။
ဖြေ – ပလက်ဝအရေးအပါအဝင် ဘယ်ကဏ္ဍမဆို ကျနော်တို့ အားနည်းချက်များစွာ ပါတယ်။ ကျနော်တို့ ပေါ့ဆမှုတွေ ဖြစ်တယ်။ ဒုတိယက ပလက်ဝကိစ္စမှာ ကျနော်တို့ မစုစည်းနိုင်တဲ့ ကိစ္စကြောင့် AA နဲ့ တိုက်ရိုက်စကား မပြောနိုင်သေးတဲ့အခါမှာ AA က ရခိုင်ပြည်နယ်အဖြစ် သွက်သွင်းတဲ့ဟာမျိုး တရားဝင် မပြောသေးဘူး။ ပြောရင် လုံးဝလည်း ရမှာ မဟုတ်ဘူး။ မပြောသေးတဲ့ ကာလအထိ သူ အုပ်ချုပ်ရေး လုပ်နေတယ်ဆိုတာက တနေ့မှာ အဖြေရှာဖို့အတွက် ကျန်နေသေးတဲ့ အခင်းအကျင်းလို့ ဆိုရမှာပါ။ ပလက်ဝအခင်းအကျင်းက ရခိုင်ကလည်း ပြသနာ ရှောင်တတ်ဖို့ လိုတယ်။ ပလက်ဝမှာ ရခိုင်နဲ့ ချင်း ပြသနာဖြစ်ရင် AA ပဲ ပိုနစ်နာမယ်။ ချင်းသာ စည်းလုံးရင် အဖြေမှန် ထွက်မယ်လို့ ယုံကြည်တယ်။ တတိယအချက်က ပလက်ဝကိစ္စမှာ နှစ်ဖက် အင်အားစုတွေအနေနဲ့ ချင်း- ရခိုင် ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံဆော်မှု အခင်းအကျင်းအဖြစ် မသုံးသင့်ဘူးလို့ ယူဆတယ်။ အဲလိုဖြစ်ရင် အိန္ဒိယကလည်း ကြိုက်မှာ မဟုတ်ဘူး။ အိန္ဒိယတို့ တရုတ်တို့လို နိုင်ငံကြီးတွေကို ထည့်သွင်းမစဉ်းစားဘူးဆိုရင် ကျနော်တို့ ပိုနစ်နာနိုင်တယ်။ ပလက်ဝဟာ ရခိုင်ပြည်လွတ်မြောက်ဖို့ ဖြတ်လေး ဖြတ် ခုခံနိုင်ဖို့ လမ်းကြောင်းယာယီသုံးဖို့ လိုအပ်တယ်။ အဲဒါကို ကျနော်တို့ ဘဝတူ တော်လှန်ရေးအချင်းချင်း နားလည်ပေးတယ်။ အခုဆိုရင်လည်း အိန္ဒိယဘက်က ချင်းလောင်တလိုင်လူငယ်တွေက အဲဒီလမ်းမကြီး အသုံးပြုခွင့်ကို ပိတ်လိုက်တဲ့အခါမှာ နစ်နာမှာက ရခိုင်ပဲ။ ကျနော်ပြောချင်တာက ပလက်ဝကိစ္စနဲ့ ပတ်သက်ရင် ရခိုင်က ကြိုက်သလို လုပ်လို့ မရဘူး။ လုပ်ရင် နစ်နာလေလေပဲဖြစ်မယ်။ ဒီလိုအခင်းအကျင်းမှာ အချင်းချင်း စည်းလုံးပြီး လှလှပပ သမိုင်းဝင်အခမ်းအနားနဲ့ ရခိုင်နဲ့ ချင်းကြား အာဏာလွှဲပေးတာမျိုး ဦးတည်သင့်တယ်လို့ ပြောချင်တယ်။ ပလက်ဝကိစ္စနဲ့ ပတ်သက်ရင်တော့ ကျနော် မစိုးရိမ်ဘူး။ ကျနော်ပြောချင်တာက ချင်းတွေဟာ ဒီလိုဟာမျိုးက ပလက်ဝမှာပဲ ကြုံရမှာမဟုတ်ဘူး။ တခြားဒေသတွေမှာလည်း ကြုံရနိုင်တယ်။ ဒါကြောင့် စည်းလုံးဖို့ အဖြေအမြန်ရှာကြဖို့ ပြောချင်တယ်။
မေး- တခြားဘာများ ဖြည့်စွပ်ပြောချင်ပါသလဲခင်ဗျာ။
ဖြေ – ချင်းတွေ သတိထားရမယ့်ဟာ ရှိတယ်။ ကျနော်တို့ဟာ အချင်းချင်း ခံစားအောင် လုပ်လို့ မရဘူး။ ဝမ်းနည်းအောင် လုပ်လို့ မရဘူး။ ဘာလို့လည်းဆိုတော့ ကျနော်တို့မှာ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံတမ်း မတူမှုတွေ များစွာရှိတယ်။ ကျနော်တို့ တော်လှန်ရေး အခင်းအကျင်းမှာ လူမျိုးပေါင်းစုံနဲ့ လက်တွဲပြီးမှ အလုပ်လုပ်လာတာ ရှိတယ်။ ကျနော်တို့ အလိုချင်ဆုံးကတော့ သမိုင်းမှာ အစဉ်အဆက် ဖြစ်လာခဲ့တဲ့ဟာ ထပ်မံမဖြစ်ပွားဖို့၊ တန်းတူရည်တူ ဆိုတာမျိုး ဖြစ်တယ်။ လူသားချင်းအဆင့်အတန်းတူ ဆက်ဆံနိုင်စွမ်း ရှိစေချင်တယ်။ ဒါက ချင်းလူမျိုးတွေအတွက် စံနမူနာမူဖြစ်တယ်။ အဲဒီလို စံနမူနာ အခင်းအကျင်းကို မခင်းနိုင် ဘူးဆိုရင် စောစောက ကျနော်ပြောခဲ့တဲ့ လိုအပ်ရင် ချင်းမြေပုံဟာ အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ အနေအထားမျိုး ရောက်သွား နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး စနစ်သစ်မှာ လူမျိုးတစ်မျိုးက ပြည်နယ်တစ်ခုမှာပဲ ရှိရမယ်လို့ မဟုတ်တော့ဘူး။ ဆိုတော့ ဒီလိုစိတ်ခံစားချက် ဝင်အောင် အချင်းချင်း တွန်းပို့တဲ့ဟာမျိုး၊ နှိမ်တာမျိုး မလုပ်ကြဖို့ ပြည်တွင်းပြည်ပ ပြည်သူတွေရော၊ တော်လှန်ရေး ဦးဆောင်သူတွေကို တိုက်တွန်းချင်ပါတယ်။