Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းပြည်နယ်၊ မြို့နယ်များရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ စိန်ခေါ်သော ခရောင်းလမ်း

ချင်းပြည်နယ်၊ မြို့နယ်များရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ စိန်ခေါ်သော ခရောင်းလမ်း

0
By Editor on November 12, 2024 Featured

ရေး – သြသနီရယ်လ် တင်မ်ပို

(၁)

၁၊ ဖေဖော်ဝါရီ ၂၀၂၄ တွင် ချင်းပြည်ကောင်စီ (CC) သည် ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ချင်းပြည်အစိုးရ (Chinland Government) ကို ဖွဲ့စည်းခဲ့ပြီး၊ ယင်းထက်စော၍ ၂၇၊ ဇန်နဝါရီ ၂၀၂၄ တွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သည် NUCC ကထုတ်ပြန်သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် (Federal Democracy Charter) အစိတ်အပိုင်း (၂)၊ အခန်း (၈)၊ အပိုဒ် (၅၂) ပါ ပြဌာန်းချက်ကို ကိုးကား၍ ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး၊ ချင်းပဋိညာဥ် (Chin Charter) ပြင်ဆင်ပြီးစီးလျှင် ချင်းပြည်အစိုးရကိုဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုအခါ ချင်းပြည်နယ်အဆင့် ယင်းအုပ်ချုပ်မှုအဖွဲ့အစည်းနှစ်ခုစလုံးသည် ဖွဲ့စည်းတည်ရှိမှု ၁၀ လ တာကာလထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ICNCC ဘက်က ၎င်းတို့ထုတ်ပြန်ထားသည့်အတိုင်း ဆောင်ရွက်မှု မည်မျှပြီးစီးကြောင်း မသိရှိရသော်လည်း ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်ကမူ ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခုလအတွင်းပြဌာန်းမည်ဟုသိရသည်။

ဤဆောင်းပါးတွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များ၏ တော်လှန်ရေးကာလ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းဖြစ်ပေါ်မှုနှင့် စိန်ခေါ်မှုများကို အကျဥ်းတင်ပြသွားပါမည်။

(၂)

၂၂၊ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဥ်ကို ထုတ်ပြန်ခဲ့သည်။ ရည်ရွယ်ချက်မှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို အစားထိုးဆောင်ရွက်ဖို့ဖြစ်သည်။ ယင်းထုတ်ပြန်ချက်ကို ကိုးကား၍ ၂၀၂၁ ဖေဖော်ဝါရီ နှင့် မတ်လများအတွင်း ချင်းပြည်နယ် မြို့နယ် ၉ ခုစလုံးတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များကို ဖွဲ့စည်းကြောင်းထုတ်ပြန်ခဲ့ကြသည်။ ၁၉၄၈ ချင်းဝိသေသတိုင်းအက်ဥပဒေနှင့် ချင်းရိုးရာဓလေ့ ထုံးတမ်းများနှင့်အညီ အုပ်ချုပ်စီမံသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းက ဖော်ပြကြသည်။

၃၊ မတ် ၂၀၂၁ တွင် CRPH ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ကြားကာလ ပြည်သူ့အုပ်ချုပ် ရေးအစီအစဥ်နှင့်အညီဖွဲ့စည်းထားသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို တရားဝင် ဒေသန္တရ အုပ်ချုပ်ရေးအာဏာကျင့်သုံးခွင့်ရှိသောအဖွဲ့များအဖြစ် အတည်ပြုကြောင်းကြေညာသည်။ ဤသို့ဖြင့် မြို့နယ် ပအဖ များသည် ချင်းပြည်နယ်အတွင်း တရားဝင် ဒေသန္တရအုပ်ချုပ်ရေးအာဏာကို ကျင့်သုံး ခွင့်ရှိသောအဖွဲ့များဖြစ်လာသကဲ့သို့၊ ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားနှင့် အပြိုင် ပထမဦးဆုံးဖွဲ့စည်းသော တော်လှန်သည့်ယန္တရား (parallel mechanism) ဖြစ်သည်။

သို့ရာတွင် မြို့နယ် ပအဖ ၌ပါဝင်သူများကို CRPH ၏ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဥ်ပါ ဖွဲ့စည်းပုံကိုအခြေခံ၍ ထည့်သွင်းဖွဲ့စည်းခြင်းဖြစ်ပြီး၊ မြေအောက်လှုပ်ရှားမှုကဲ့သို့ဆောင်ရွက်ရခြင်း ဖြစ်ရာ တစ်မြို့နယ်လုံးကိုဦးဆောင်ရာ၌ မထင်မှတ်ထားသည့် အခက်အခဲများစွာရှိခဲ့ပါသည်။ ထို့ပြင် တာဝန်ရှိသူအချို့မှာ လုံခြုံရေးအရ လုံခြုံသည့်နယ်မြေဆီသို့ ထွက်ခွာတိမ်းရှောင်ရခြင်း၊ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိနေသည့်တိုင် စစ်ကောင်စီဒလန်များ၏အန္တရာယ်ကြောင့် ထိထိရောက်ရောက် မလုပ် ဆောင်နိုင်ခြင်း စသည်တို့ရှိခဲ့သည်။ ထို့ကြောင့် မြို့နယ်အတော်များများ၌ မြို့နယ် ပအဖ များသည် ဖွဲ့သာဖွဲ့ထားသော်လည်း အဝေးရောက် ယန္တရား (mechanism in exile) ကဲ့သို့သာဖြစ်နေခဲ့သည်။

၂၀၂၁ ဧပြီ၊ မေ၊ ဇွန်လများတွင် မြို့နယ်အသီးသီး၌ ချင်းကာကွယ်ရေးအဖွဲ့များ (CDFs) ဖွဲ့စည်းလာခဲ့ ပြီး၊ စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။ ထို့အတူ ၂၀၂၁ အတွင်းမှာ ပင် အချို့သောမြို့နယ်များ၌ CDFs များက သိမ်းပိုက်ရရှိသည့်နယ်မြေများပေါ်ပေါက်လာခဲ့သည်။ CDF တပ်ဖွဲ့များက ၎င်းတို့သိမ်းပိုက်ရရှိသည့်ကျေးရွာများ၊ စိုးမိုးနယ်မြေများတွင် ယခင်အစိုးရလက်ထက် ခန့်ထားသော သို့မဟုတ် စစ်ကောင်စီက ပြောင်းလဲခန့်ထားသော အုပ်ချုပ်ရေးမှူးများကို ဖယ်ရှားပြီး၊ CDF ကွပ်ကဲမှုဖြင့် ကျေးရွာနှင့်နယ်မြေအုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ ဤဖွဲ့စည်းမှုသည် မြေပြင်အခြေပြု (bottom-based) ဖွဲ့စည်းမှုဖြစ်ပြီး၊ လူထုကတိုက်ရိုက်ရွေးချယ်သည့်စနစ်ဖြစ်သည်။

၁၇၊ မေ ၂၀၂၂ တွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်အစိတ်အပိုင်း (၂)၊ အခန်း (၈)၊ အပိုဒ် (၅၂) ပါပြဌာန်းချက်ကိုကိုးကား၍ ချင်းပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးတွင် ယင်းနေ့အထိ ဖွဲ့စည်းထူထောင်ထားပြီးသော မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ဖွဲ့စည်းစီမံဆောင်ရွက်နေသော ပြည်သူ့ အုပ်ချုပ်ရေးလုပ်ငန်းများကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

(၃)

၂၀၂၁ နှစ်ကုန်ပိုင်းသို့ရောက်သောအခါ မြို့နယ်အချို့တွင် CRPH ၏အစီအမံကိုကိုးကား၍ အကောင် အထည်ဖော်ဆောင်ရွက်သော ပအဖ ယန္တရားနှင့် မြေပြင် CDF များကအကောင်အထည်ဖော်သော မြေပြင်အုပ်ချုပ်ရေးယန္တရားကြား ပွတ်တိုက်မှုများ ရှိလာခဲ့သည်။ အဓိကအကြောင်းရင်းမှာ ပအဖ ယန္တရားတွင် ပါဝင်သူအများစုမှာ မြေပြင်တွင် မရှိနေခြင်းနှင့် မြေပြင်ကျေးရွာများသည် မြို့နယ် ပအဖ ၏ဆောင်ရွက်ချက်များကို မသိရှိရခြင်းစသည့် အပေါ်-အောက်ဆက်သွယ်ချိတ်ဆက်မှု ပြတ်တောက် ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အချို့မြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဦးဆောင်၍ မြေပြင်အခြေပြုအုပ်ချုပ်ရေးအဖွဲ့ပြန်လည်ပြုပြင်ပြောင်းလဲဖွဲ့စည်းမှုများကို ဆောင်ရွက်ခဲ့ကြသည်။

၂၈၊ နိုဝင်ဘာ ၂၀၂၁ တွင် ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် bottom-up approach ဖြင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာတွင် အစောဆုံးဟု ပြောနိုင်သည်။ CDF Thantlang ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၅၁ ရွာ တွင် ကျေးရွာအုပ်ချုပ်ရေးမှုး (Khuabawi) များကို ရွေးကောက်ပွဲများဖြင့် စနစ်တကျ ရွေးချယ် တင်မြောက်ပြီး၊ ထိုမှတစ်ဆင့် ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပုံအသစ်ဖြင့် ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်။
၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ဟားခါးမြို့နယ်သည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပုံအစား CDF Hakha Council ဖြင့် အုပ်ချုပ်မှုပုံစံပြောင်းလဲခဲ့သည်။ ၉၊ စက်တင်ဘာ ၂၀၂၂ တွင် လူ ၃၀၀ ကျော် တက်ရောက်သော မြို့နယ်အဆင့် လူထုညီလာခံကျင်းပပြုလုပ်၍ CDF Hakha Council ကို President ဦးဆောင်မှုပုံစံသို့ပြောင်းလဲပြီး၊ မြို့နယ်၏ ကာကွယ်ရေး၊ လုံခြုံရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးကိစ္စအားလုံးကို CDF Hakha Council က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဖလမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းထားသော်လည်း ယင်းသည် မြို့နယ်၏ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းဖြစ်သော ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization-CNO) ၏ အုပ်ချုပ်ရေးဌာနတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်ခဲ့သည်။ တီးတိန်မြို့နယ်တွင် တီးတိန် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၂၇၊ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဖွဲ့စည်းခဲ့ပြီး၊ ဇိုမီးဖက်ဒရယ်အစည်း အရုံး (Zomi Federal Union-ZFU) ၏အုပ်ချုပ်ရေးဌာနတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်သည်။

ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၁၄၊ မတ် ၂၀၂၁ တွင် ဖွဲ့စည်းသည်။ သို့သော် ကြားကာလ ခူမီးချင်း မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (Interim Khumi Affairs Coordination Council- IKACC) ၏ အုပ်ချုပ်ရေးဌာနတစ်ခုအဖြစ်ရပ်တည်ခဲ့သည်။ ၁၀၊ မေလ ၂၀၂၃ တွင် IKACC/ CDF-Paletwa ၏ပထမအကြိမ်ညီလာခံတွင် မြို့နယ်အဆင့်မှ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင် (Autonomous District) အဖြစ်တိုးမြှင့်ဖွဲ့စည်းပြီး ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ ဖြင့် အုပ်ချုပ်မှုပြုလုပ်ခဲ့သည်။ ထို့နောက် ၅-၆၊ ဧပြီ ၂၀၂၄ ရက်များအတွင်း ကျင်းပသော မြို့နယ်စုံညီ အစည်းအဝေးတွင် ပလက်ဝ ကောင်စီ (Paletwa Council-PC) ဟူ၍ ထပ်မံအမည်ပြောင်းလဲခဲ့သည်။

စတင်ဖွဲ့စည်းစဥ်ကတည်းကပင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အမည်ဖြင့် အုပ်ချုပ်ရေးသာမက စစ်ရေးကိစ္စများကိုပါ စီမံဆောင်ရွက်ခဲ့သည့်မြို့နယ်မှာ မင်းတပ်မြို့နယ်ဖြစ်သည်။ ၂၃၊ ဖေဖော်ဝါရီ ၂၀၂၁ တွင် မင်းတပ်မြို့နယ် ပအဖ ကိုဖွဲ့စည်းခဲ့ပြီး၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုအနက် အုပ်ချုပ်မှုကိစ္စများကို ပီပြင်စွာဆောင်ရွက်နိုင်သည့်အဖွဲ့အဖြစ်ထင်ရှားသည်။ ၆၊ သြဂုတ် ၂၀၂၃ တွင် မြို့နယ်၏နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကိုဖွဲ့စည်းထူထောင်ခဲ့ပြီး၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ယင်းကောင်စီ၏လက်အောက်တွင် ထားရှိခဲ့ပါသည်။

မတူပီမြို့နယ်သည် ၂၀၂၂ အောက်တိုဘာတွင် ပထမအကြိမ်လူထုညီလာခံကျင်းပပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးဥပဒေကိုပြဌာန်းကာ လူထုရွေးကောက်မှုဖြင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဥပဒေအရ ၂၀၂၃ အောက်တိုဘာတွင် တစ်နှစ် သက်တမ်းပြည့်ပြီး၊ အသစ်တဖန် ရွေးချယ်တင်မြှောက်ရမည်ဖြစ်သော်လည်း အခြေအနေအရပ်ရပ် ကြောင့် မဆောင်ရွက်နိုင်ခဲ့ပါ။ ၂၀၊ ဇူလိုင် ၂၀၂၄ တွင် တပ်မဟာ-၁ နယ်မြေရှိ ဆီးနိုင်းတိုက်နယ်၊ အိုင်ဒါ့ပ်တိုက်နယ်နှင့် ထိုက်ဖုန်းပွီးတိုက်နယ်တို့ကိုအခြေခံကာ မြို့နယ် ပအဖ ကိုပြန်လည်ဖွဲ့စည်းမှု ပြုလုပ်ခဲ့ပါသည်။ ၂၀၂၂ အောက်တိုဘာတွင် ဖွဲ့စည်းထားသည့် မြို့နယ် ပအဖ ကဆက်လက်တည်ရှိ နေသေးသည်ဆိုလျှင် မတူပီမြို့နယ်အတွင်း ပအဖ အဖွဲ့နှစ်ဖွဲ့ရှိနေသည့်သဘောဖြစ်ပါသည်။

တွန်းဇန်မြို့နယ်တွင် ၂၀၂၁-၂၀၂၃ အတွင်း CDF-Tonzang မှဖွဲ့စည်းသော မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့နှင့် ZFU မှ ဖွဲ့စည်းသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟူ၍ နှစ်ဖွဲ့ရှိကြောင်းသိရှိရသည်။ ၂၀၂၄ ရောက်လျှင် CDF-Tonzang သည် တွန်းဇန်မြို့နယ်ကောင်စီကိုဖွဲ့စည်းပြီး၊ တွန်းဇန်မြို့နယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့ပေါ်ကောင်စီ ၁ ခုအပါအဝင် တိုက်နယ် ၆ ခုဖြင့် ဖွဲ့စည်းထားသည်။ ၂၃၊ မေလ ၂၀၂၄ တွင် တွန်းဇန်မြို့ကို ချင်းပြည်ကောင်စီတပ်ဖွဲ့က သိမ်းပိုက်ထားပြီးဖြစ်ရာ လက်ရှိတွင် ချင်းပြည်ကောင်စီ လက်အောက်ရှိ တွန်းဇန်မြို့နယ်ကောင်စီက အုပ်ချုပ်လျှက်ရှိကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်သည် ၂၀၂၁ မတ်လတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၁-၂၀၂၃ အတွင်း အုပ်ချုပ်ရေးကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကဆောင်ရွက်ပြီး၊ စစ်ရေးကိုမူ CDF- ကန်ပက်လက်ကဆောင်ရွက်သည်။ ၂၀၂၄ ရောက်လျှင် ချင်းပြည်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက် သည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ICNCC နှင့်ပူးပေါင်းဆောင်ရွက်သည့် အုပ်ချုပ်ရေးအဖွဲ့ဟူ၍တွေ့ရသည်။

(၄)

ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုအနက် ဖလမ်း၊ တီးတိန်၊ ပလက်ဝနှင့် ထန်တလန်မြို့နယ်များ တွင် မြို့နယ်နယ်နိမိတ်အတွင်း မျိုးနွယ်စုအခြေပြု CDF အဖွဲ့၏ အုပ်ချုပ်မှုယန္တရား ရှိနေပါသည်။ ဖလမ်းမြို့နယ်တွင် CDF-Hualngoram နှင့် CDF Zanniatram ၊ တီးတိန်မြို့နယ်တွင် CDM/CDF-Siyin ၊ ပလက်ဝမြို့နယ်တွင် CDF-Daai ၊ ထန်တလန်မြို့နယ်တွင် CDF Zophei နှင့် CDF-Lautu ၊ မတူပီ မြို့နယ်တွင် CDF Mara နှင့် CDF-Zotung စသည်ဖြင့်ရှိပြီး ၎င်းတို့၏ထိန်းချုပ်နယ်မြေနှင့် အုပ်ချုပ်ရေး အဖွဲ့များ အသီးသီးရှိနေပါသည်။ ဟားခါးမြို့နယ်တွင်လည်း CDF – Haka Council/ Central Council ဟူ၍ ဖွဲ့စည်းထားသော်လည်း CDF-Senthang ၏လှုပ်ရှားအုပ်ချုပ်မှုလည်း သူ့နယ်တွင်သူရှိနေသည်။

တစ်မြို့နယ်တည်းဖြစ်သော်လည်း အဖွဲ့နှစ်ခုက ဖွဲ့စည်းထားသောမြို့နယ်အဆင့် အပြိုင်အုပ်ချုပ်ရေး အဖွဲ့များရှိနေသည်ကိုလည်း တွေ့ရသည်။ ဥပမာအားဖြင့် တွန်းဇန်မြို့နယ်တွင် CDF-Tonzang နှင့် ZFU တို့ကဖွဲ့စည်းသည့် အုပ်ချုပ်ရေးအဖွဲ့များရှိခဲ့သည်။ တီးတိန်မြို့နယ်တွင် ZFU က ဖွဲ့စည်းသော တီးတိန်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ရှိပြီးဖြစ်သော်လည်း၊ ၇၊ အောက်တိုဘာ ၂၀၂၄ တွင် PDA အဖွဲ့က တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မြို့နယ်တစ်ခုတည်းအတွင်းမှာပင် ချင်းပြည်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့်အုပ်ချုပ်ရေးအဖွဲ့ နှင့် ICNCC နှင့် ပူးပေါင်းဆောင်ရွက်သည့်အုပ်ချုပ်ရေးအဖွဲ့ဟူ၍ နှစ်ဖွဲ့တည်ရှိနေသည်ကိုလည်း တွေ့ရ သည်။ ယင်းပုံစံကို ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ်တို့တွင်တွေ့ရှိရသည်။ မျိုးနွယ်စုတစ်ခု တည်းဖြစ်သော မရာနယ်တွင် CDF-Mara နှင့် MDF/MATC တို့က ဖွဲ့စည်းထားသော အပြိုင်အုပ်ချုပ် ရေးအဖွဲ့ (Parallel administration) ကိုတွေ့ရသည်။
ပလက်ဝမြို့နယ်တွင် IKACC ၏လက်အောက်ရှိ ပလက်ဝကောင်စီ၏အုပ်ချုပ်မှုယန္တရားရှိနေသကဲ့သို့ ULA/AA လက်အောက်ရှိ အာရက္ခပြည်သူ့အာဏာပိုင်အဖွဲ့ (Arakan People’s Authority-APA) ၏ အုပ်ချုပ်မှုယန္တရားကိုလည်း တွေ့ရသည်။ ULA/AA ၏ လက်အောက်ရှိ ပလက်ဝဒေသအုပ်ချုပ်ရေး နှင့် ချင်းပြည်ကောင်စီ၏ အုပ်ချုပ်ရေးတို့ မည်သို့ပေါင်းစပ်ညှိနှိုင်းဆက်စပ်မည်ဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ်ရာစောင့်ကြည့်ရမည့်ကိစ္စတစ်ခုဖြစ်သည်။

(၅)

အချုပ်အားဖြင့်ဆိုရသော် ၂၀၂၁ မှ ၂၀၂၄ နှစ်ကုန်ထိ ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်အတွင်းရှိ တော်လှန်သူအဖွဲ့အစည်းများ၏ ပြည်သူ့အုပ်ချုပ်ရေးဖြစ်စဥ်ကို လေ့လာသောအခါ (၁) CRPH ၏ ထုတ်ပြန်ညွန်ကြားမှုကိုကိုးကား၍ ဖွဲ့စည်းမှုပြုလုပ်သည့်ကာလ (၂၀၂၁)၊ (၂) သက်ဆိုင်ရာမြို့နယ် များက မိမိတို့မြို့နယ်အတွင်းထိန်းချုပ်နယ်မြေများရရှိမှုနှင့် မြေပြင်လိုအပ်ချက်များအပေါ်အခြေခံ၍ ပြင်ဆင်ဖွဲ့စည်းမှုပြုလုပ်သည့်ကာလ (၂၀၂၂-၂၀၂၃) နှင့် (၃) ပြည်နယ်အဆင့်ကောင်စီ၏ဦးဆောင်မှု အောက်တွင် လိုက်ပါညှိနှိုင်းဖွဲ့စည်းသည့်ကာလ (၂၀၂၄) ဟူ၍တွေ့ရှိရသည်။

တစ်ဖက်တွင်လည်း အခက်အခဲများ၊ စိန်ခေါ်မှုများ တင်းပြည့် ကျပ်ပြည့်ရှိနေပါသည်။ ၎င်းတို့အနက် ရန်ပုံငွေ၊ ကျွမ်းကျင်လုံလောက်သည့်ဝန်ထမ်းအင်အား၊ ပြည်သူများ၏ ယုံကြည်အားကိုးမှု ရရှိနိုင်ရေး စသည်တို့အပြင် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေများအဆက်ဆက်တွင် ဖော်ပြထားခဲ့သော ချင်းပြည်နယ်၏နယ်နိမိတ် တစ်ဆက်တစပ်ဆက်လက်တည်ရှိနိုင်မှု (Continuity of territorial integrity)၊ ပြည်နယ်အတွင်း အသစ်ဖွဲ့စည်းတည်ရှိလာသောအုပ်ချုပ်ရေးအဖွဲ့များ၏ အုပ်ချုပ်မှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး၊ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပြည်သူများ၏ လုံခြုံရေး၊ နိုင်ငံ တွင်းနှင့် နိုင်ငံတကာ နယ်စပ်ရေးရာစသည့်… စသည့်အရေးကိစ္စများစွာ ရင်ဆိုင်နေရသည်။

တော်လှန်ရေးကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်၏ ခရောင်းလမ်းတလျှောက် တာဝန်ယူ ဆောင်ရွက်နေကြသူများအား ချီးကျူးဂုဏ်ပြုပါသည်။ ထို့အတူ လက်ရှိပြည်နယ်အတွင်းရှိကောင်စီ နှစ်ခုအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို မည်သို့ကိုင်တွယ်ဖြေရှင်းကြမည်နည်းဆိုသည်မှာ ချင်းပြည်သူများ သိရှိလိုသောအကြောင်းအရာပင်ဖြစ်ပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.