ရေး – Salai Vakok
“အိန္ဒိယဘက်ကို ပို့တာ၊ ကုန်သည်တွေက ဒီကို လာဝယ်ကြတယ်”
ချင်းမြောက်ပိုင်း၊ ဘိန်းခင်းတွေမှ ဘိန်းဆီတွေကို ဝယ်သူတွေအကြောင်း တီးတိန်မြို့နယ်ထဲက ခိုနူမ်းသုန်းရဲ့ သတင်းရင်းမြစ်တဦးက ပြောပြပါတယ်။
၂၀၂၁ ခုနှစ်မှာ စတင်တဲ့ နွေဦးတော်လှန်ရေးရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်မှာ တွန်းဇံနဲ့တီးတိန်ကြား၊ ဘိန်းစိုက်ပျိုးမှု သိသိသာသာများလာပြီး တတိယနှစ်နဲ့ စတုတ္ထနှစ်တို့မှာ ဧကရာချီပြီး တရှိန်ထိုးမြှင့်တက်သွားပါတယ်။
အရင်က လူသူအရောက်အပေါက် နည်းတဲ့ ဒေသမှာ တနိုင်တပိုင်စိုက်ပျိုးကြပေမယ့် ခုချိန်မှာ ငွေကြေးတတ်နိုင်သူတွေက မြေယာငှားရမ်းပြီး အလုပ်သမားတွေနဲ့ပါ ဘိန်းစိုက်ကြတယ်လို့ ဒေသခံနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။
“အရင်တုန်းက မပေါ်, တပေါ်၊ ဘယ်မှာ ရှိသလဲဆိုတာ မသိရဘူး။ အခုက တနေရာကနေ ကြည့်ရင်တောင် တောင်ကြောနီးပါးတခုလုံးကို တောင်ယာခုတ်သလိုပဲ ခုတ်လာကြတာဆိုတော့ တော်တော်များတယ်” လို့ တီးတိန်မြို့ ဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
တွန်းဇံနဲ့ တီးတိန်ကြားက ဧကရာချီတဲ့ ဘိန်းခင်းတွေထဲ ဘိန်းခင်း ၃ ဧကကို CDF CDM စီယင်းတပ်ဖွဲ့က ၂၀၂၄ ဒီဇင်ဘာလက ဖျက်စီးခဲ့ပြီး ဘိန်းခင်းများကို တခင်းပြီးတခင်း ဖျက်သိမ်းသွားဖို့ စီစဉ်နေပါတယ်။
# ဧက ထောင်ချီရှိလာတဲ့ ချင်းပြည်က ဘိန်းခင်းများ
၂၀၂၄ မှာ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းမြင့်တက်သွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC)က ထုတ်ပြန်ထားပါတယ်။ ပြည်မထဲက မူးယစ်ဆေးဝါး တွေလည်း ချင်းပြည်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံထဲ ပုံစံမျိုးစုံနဲ့ စီးဝင်နေပါတယ်။
ဒါတွေက ချင်းတော်လှန်ရေး ၄ နှစ်ရှိလာချိန်၊ ချင်းပြည်မှာ မြို့ ၁၅ မြို့အပါအဝင် နယ်မြေ ၈၅ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်တဲ့ ချင်းခုခံတော်လှန်ရေးအဖွဲ့တွေအနေနဲ့ အရေးပေါ် ဖြေရှင်းကိုင်တွယ်ရမယ့် ကိစ္စဖြစ်လာနေပါတယ်။
၂၀၂၃ ခုနှစ်က ချင်းပြည်နယ်မှာ ဘိန်းစိုက်ခင်း ဟတ်တာပေါင်း ၅၉၀- ၈၂၀ ကြား (ဧက ၁၇,၀၀ ဝန်းကျင်) ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်မှာ ဟတ်တာပေါင်း ၈၀၆ – ၈၅၀ ကြား (ဧက ၂၀၀၀ ဝန်းကျင်) အထိ မြင့်တက်လာခဲ့ပြီး တနိုင်ငံလုံး ဘိန်းစိုက်ခင်းတွေ(ဟတ်တာ ပေါင်း ၄၅,၂၀၀ ကျော်)ရဲ့ ၁.၈ ရာခိုင်နှုန်း ရှိတယ်လို့ UNODC စာရင်းတွေအရ သိရပါတယ်။
ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတဲ့ မြန်မာနိုင်ငံမှာ တော်လှန်ရေးကာလအတွင်း ချင်းပြည်နယ်ထဲ ဘိန်းစိုက်ခင်းတွေ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
# ဘိန်းမှ ဘယ်သူတွေ အကျိုးစီးပွားရနေလဲ
ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်တဲ့ တွန်းဇံနဲ့ တီးတိန်က ဘိန်းစိုက်ခင်းတွေမှာ ကလေးနဲ့ ခမ်းပတ်အပါအဝင် ဒေသတွင်းကျေးရွာ တွေက ဒေသခံတွေဟာ စားရိတ်ငြိမ်းအနေနဲ့ တနေ့ကို လုပ်အားခ နှစ်သောင်းခွဲ နဲ့ လုပ်ကိုင်ကြပါတယ်။ တီးတိန်မှာ ပန်းရံသမားရဲ့ နေ့စားခဟာ ကျပ်ရှစ်ထောင်ပဲ ရရှိပါတယ်။
အလုပ်အကိုင်တွေ ရှားပါးနေတဲ့ ချင်းပြည်နယ်မှာ ပြည်မနဲ့ ပြည်ပနိုင်ငံကို မသွားနိုင်ကြတဲ့ လူငယ်လူလတ်တွေဟာ ဘိန်းခင်း တွေမှာ လုပ်ကိုင်လာပြီး တနှစ်ထက်တနှစ် ပိုမိုများပြားလာတယ်လို့ ခိုနူမ်းသုန်းရဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
တွန်းဇံနဲ့ တီးတိန်ကြားမှာ ဒီနှစ် ဘိန်းစိုက်ခင်းတွေ ဧက ၅၀၀ ကနေ ၇၀၀ အထိ ရှိနိုင်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းက ဘိန်းအသစ်မပေါ်ခင် ဘိန်းတပိသာဟာ သိန်း ၁၃၀- ၁၃၅ အထိ ပေါက်ဈေးရှိပါတယ်။ စိုက်ပျိုးနိုင်တဲ့ ဘိန်းစေ့ နို့ဆီဗူး ၁ ဗူးရဲ့တန်ဖိုးဟာ ကျပ် ၃ သိန်းကနေ ၅ သိန်းကျော်အထိသာ ဈေးရှိပါတယ်။
ဒေသခံဘိန်းစိုက်ပျိုးသူတွေဟာ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုကို အခွင့်ကောင်း ယူပြီး ဘိန်းကုန်သည်နဲ့ စီးပွားသမားတချို့ရဲ့ ထောက်ပံ့ကူညီမှုနဲ့ အလုံးအရင်းစိုက်ပျိုးလာကြပါတယ်။
“ဘိန်းကနေ ငွေဖြစ်လွယ်တာရယ် လက်တွေ့မြေပြင်မှာ ပြည်သူတွေက ခက်ခဲကြတော့ ပြည်သူတချို့ကပါ သူတို့ဘက် ပါတာတွေ ရှိလာတယ်။ ကျနော်တို့ လက်နက်ကိုင်တွေလိုပဲ သူတို့မှာ လက်နက်ကောင်းကောင်း ရှိကြောင်း ချိန်းခြောက်မှုတွေလည်း ကြုံနေရတယ်” လို့ CDF – CDM စီယင်းတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။
တီးတိန်း၊ တွန်းဇံ၊ ကျီခါး နဲ့ စစ်ကိုင်းတိုင်းအစပ် ကလေးမြို့နယ်ထဲမှာလည်း စိုက်ဘိန်းခင်းတွေ ရှိကြတယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဘိန်းဆီတွေကို ဘိန်းကုန်သည်တွေက စိုက်ခင်းတွေဆီ ဆင်းဝယ်ကြတာရှိသလို ဘိန်းစိုက်ခင်း ပိုင်ရှင်တွေက ဘိန်းကုန်သည်တွေဆီ သွားရောင်းကြတာလည်း ရှိပါတယ်။ ဘိန်းကုန်သည်ထံ သွားရောင်းချနိုင်ရင် ဈေးပိုရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဘိန်းကုန်ကူးသူတွေထဲမှာ ချင်းပြည်နယ်ထဲက ဒေသခံတွေနဲ့ အိန္ဒိယဘက်က ချင်းမျိုးနွယ်စုတွေလည်း ပါဝင်နေပြီး မီဇိုးရမ်မှတဆင့် အိန္ဒိယပြည်မဘက်ကို တင်ပို့ကြတယ်လို့ သိရပါတယ်။
ချင်းပြည်မြောက်ပိုင်းက တချို့ဘိန်းခင်းတွေမှာ မဏိပူရ်ပြည်နယ်အခြေစိုက် လက်နက်ကိုင် အဖွဲ့တချို့ လည်း ပါဝင်ပတ်သက်မှုရှိနေတယ်လို့ နယ်ခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
တွန်းဇံ နဲ့ တီးတိန်မြို့နယ်က ဘိန်းစိုက်ခင်းတွေကို ဒေသအခြေစိုက် တော်လှန် ရေးတပ်ဖွဲ့တွေက ဖျက်ဆီးမှုတွေရှိနေ သော်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေ လက်လှမ်းမမီတဲ့နေရာလည်း အများအပြားရှိနေသးတယ်လို့လည်း သတင်းရင်းမြစ်ကဆိုပါတယ်။
တွန်းဇံမြို့မှ အိန္ဒိယဘက်ကို ပို့မယ့် ဘိန်းဖြူဆပ်ပြာခွက် ဗူး ၁၀၀၀ ကျော်သယ်ဆောင်လာတဲ့ ကား ၁စီးနဲ့ သံသယ တရားခံ ၂ဦးကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်က ၂၀၂၄ ဇွန်လ ၁၃ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါဟာ ချင်းတော် လှန်ရေးအင်အားစုက ဖမ်းဆီးရမိမှု အများအပြားထဲက ဖြစ်စဉ်တခုသာဖြစ်ပါတယ်။
တဖက်နိုင်ငံကို ချင်းပြည်နယ်ထဲက ဘိန်းအပြင် ရှမ်းပြည်ဘက်က ဘိန်းတွေလည်း ပုံစံမျိုးစုံနဲ့ စီးဝင်နေပါတယ်။ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေကို မိတ္တူကူးစက်အဟောင်းတွေထဲ ထည့်ဝှက်ပြီး သယ်ဆောင်တာ၊ ခရီးသည်ကားတွေနဲ့ သယ်ဆောင်တာတွေလည်း ပါဝင်ပါတယ်။
# ချင်းပြည်ကို ဖြတ်ကျော် စီးဆင်းနေတဲ့ မူးယစ်းဆေးဝါး
ဘိန်းကုန်တွေသာမက တခြားမူးယစ်ဆေးဝါးတွေနဲ့ ကုန်ကြမ်းတွေကို ချင်းပြည် နယ်ကို ဖြတ်ပြီး အိန္ဒိယဘက်နဲ့ မြန်မာပြည်ထဲ အပြန်အလှန် တင်ပို့နေပါတယ်။
မန္တလေးနဲ့ စစ်ကိုင်းက မူးယစ်မှောင်ခိုဂိုဏ်းကို ဖြိုခွင်းတဲ့ ဖြစ်စဉ်ထဲ ကလေးမြို့မှာ သိုလှောင်ထားတဲ့ ငွေကျပ် ၂၇ ဘီလျံကျော်တန်းဖိုးရှိတဲ့ မူးယစ်းဆေးဝါးတွေကို တဖက်နိုင်ငံက သယ်ယူသူတွေဆီ မပို့ဆောင်မှီ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်မှောင်ခိုဂိုဏ်း ကွန်ရက်ထဲမှာ အဖွဲ့ဝင် ၂၀ကျော် ပါဝင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းက လာတဲ့ အဲဒီမူးယစ်ဆေးဝါးတွေကို မန္တလေး မှ ကလေး၊ ယင်းမှတဆင့် တမူး၊ မိုးရေးနဲ့ ရိခေါဒါရ်မြို့တွေကိုဆီ ပို့ဆောင်ပြီး တဖက်နိုင်ငံက ကုန်သည်တွေဆီ ရောက်ရှိတယ်လို့ဆိုပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်က ကုန်သွယ်ရေးအချက်အချာကျတဲ့ ရိခေါဒါရ် အပါ အဝင် CDF- ဟွာလ်ငိုရမ် ထိန်းချုပ်ဒေသထဲကို မူးယစ်ဆေးဝါးတွေဟာ တောလမ်းပေါင်စုံကနေ စိမ့်ဝင်လာကြသလို ကားလမ်းမတွေကနေလည်း သယ်ကြတယ်လို့ CDF – ဟွာလ်ငိုရမ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ဝယ်ယူသူတွေကလည်း အင်မတန်မှ သူတို့ ဒီလိုက်ရှာဖွေပြီးမှ မှာကြတယ်။ ဝယ်ကြတယ်။ အဲလိုမျိုး လူတွေကလည်း ပြည်ပမှာ များတယ်လို့ သုံးသပ်လို့ ရတယ်။ နေရာဒေသအစုံကနေ ဝင်လာတာပါပဲ” လို့ သူက ပြောပါတယ်။
တော်လှန်ရေး ၄ နှစ်တာမှာ CDF – ဟွာလ်ငိုရမ်းဒေသထဲမှာ မူးယစ်ဆေးဝါးအမှုပေါင်း ၂၃ မှုအထိ ဖမ်းဆီးရမိပြီး ၁၂ မှုကို စီရင်ချက်ချထားကာ ကျန်တဲ့အမှုတွေက စိစစ်ဆဲ၊ ဆောင်ရွက်ဆဲဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ အမှုကြီး ၆ မှုထဲမှာ ဘိန်ဖြူဆပ်ပြားဗူး ၅၀၀ နဲ့အထက် ရှိပြီး အဲဒီထဲက တကြိမ်ဟာဆိုရင် ဗူးပေါင်း ၅၀၀၀ ကျော်ကို ဖမ်းမိခဲ့ပါတယ်။ ကျန်အမှုတွေက ဘိန်းဖြူဆပ်ပြာဗူးပေါင်း ၅၀ အောက်တွေ ဖြစ်ပါတယ်။
# စီးဆင်းဖို့ လွယ်ကူတဲ့ လမ်းကြောင်းများ
ရိခေါဒါရ်ကို ကားလမ်းက ဝင်လာမှုတွေမှာ ကလေး – ရိခေါဒါရ် တိုက်ရိုက်ကားလမ်းရှိသလို၊ ကလေး – တီးတိန် – ရိခေါဒါရ်ကားလမ်း၊ ကလေး – တွန်းဇံ၊ ကျီးခါး -ရိခေါဒါရ်လမ်း၊ ကလေး – ဖလမ်း- ရိခေါဒါရ်လမ်း စတဲ့ လမ်းခွဲတွေ အများအပြားရှိပါတယ်။
ဖလမ်းမြို့နယ်ထဲကို ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ ရိခေါဒါရ်အထိ သယ်ယူစရာ မလိုပဲ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို စိမ့်ဝင်နိုင်တဲ့ လမ်းကြောင်းတွေလည်း အများအပြား ရှိနေပါတယ်။
ဖမ်းဆီးရမိတဲ့ အချက်အလက်တွေအရ ဟွာလ်ငိုရမ်းဒေသမှာ မူးယစ်ဆေးဝါးအမှုတွေ တနှစ်ထက် တနှစ် တိုးလာနေပြီး ဘယ်လောက်အထိ ဖြစ်ပွားနေတယ်ဆိုတာ မှန်းဆရခက်တယ်လို့ ယင်းဒေသတာဝန်ရှိသူက ပြောပါတယ်။
ချင်းလဲန်းကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း ချင်းပြည်နယ်ထဲကို ဖြတ်သန်းစီးဆင်းလာတဲ့ မူးယစ်ဆေးဝါးတွေဟာ အာဏာသိမ်း ၄ နှစ်တာအတွင်း ပိုများပြားလာတယ်လို့ ဆိုပါတယ်။
“အဓိကက မြေပြန့် ကလေး – ကဘော်ကနေ အဓိက ဝင်လာတာမျိုး။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ချင်းတောင်ကနေ နယ်ချင်းစပ်တဲ့ အားလုံးကနေ ဝင်လာတယ်လို့ သိရတယ်။ အရင်ဆိုရင် ချင်းပြည်ရဲ့ မကွေးတိုင်း တောင်ပိုင်းဘက်ဆိုရင် အဲဒါတွေက မရှိသလောက်ပဲ၊ အခုကတော့ အဲလိုလမ်းကြောင်းပေါင်းစုံကနေ ဝင်လာတာ။ အဲဒီကနေ ချင်းတောင်ကို ဖြတ်ပြီးတော့ မီဇိုရမ်ကို သွားတယ်” လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။
ရှမ်းအပါအဝင် ပြည်မဘက်နေ လာတဲ့ မူးယစ်ဆေးဝါးတွေဟာ စစ်ကောင်စီ ဂိတ်တွေ၊ PDF နဲ့ CDF ဂိတ်တွေကို နည်းမျိုးစုံ ဖြတ်ကျော်ဝင်လာနေပြီး ရိခေါဒါရ်ရောက်မှ ဖမ်းဆီးရမိတာလည်း ရှိပါတယ်။ မီဇိုရမ်ပြည်နယ်ထဲရောက်မှ အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီးရမိမှုလည်း ရှိပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေဟာ စစ်ကောင်စီယန္တရားနဲ့ စစ်တပ်ကို ချေးမှုန်းဖို့ ချထားတဲ့ ဂိတ်တွေဖြစ်ပြီး မူးယစ်ဆေးဝါးကို နှိမ်နှင်းဖို့ ချထားတဲ့ ဂိတ်တွေ မဟုတ်တဲ့အတွက် မူးယစ်ဆေးဝါးကိုပဲ အာရုံစိုက် ဖမ်းဆီးဖို့ရန် စိန်ခေါ်မှုတွေ ရှိနေပါတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတချို့က ပြောပါတယ်။
“အဲဒီဂိတ်တွေက မူးယစ်ဆေးဝါးကိုပဲ အာရုံစိုက်ပြီးမှ တာဝန်ချတာ မဟုတ်တဲ့အခါမှာ တော်တော်လေး တာဝန်မယူနိုင်ဘူး။ ကျနော်တို့ သတင်းရတယ်။ သံသယံရှိတယ်ဆိုရင် စစ်ဆေး ဖမ်းဆီးတာလောက်ပဲ ရှိတယ်။ တော်တော်များများက မူယစ်ဆေးဝါး သယ်တဲ့ လူတွေက ပြည်သူတွေပါပဲ။ သူတို့က အကြောင်းအမျိုးမျိုးပြပြီး ဖြတ်ကျော်နိုင်မယ့် လူတွေ များမယ်လို့ ယူဆရတယ်” လို့ CDF – ဟွာလ်ငိုရမ်မှ တာဝန်ရှိသူက ပြောပါတယ်။
# မူးယစ်းဆေးဝါးမှ ဘယ်သူတွေ အကျိုးစီးပွားရနေလဲ
ဟွာလ်ငိုရမ်းဒေသမှာ မူးယစ်အမှုနဲ့ ဖမ်းဆီးရမိသူတွေဟာ စီးပွားရေးသမားတွေ၊ ကုန်သည်တွေ ပါဝင်နေပါတယ်။ ဆင်းရဲတဲ့ ပြည်သူတွေ၊ အိမ်ထောင် သည် စားဝတ်နေရေးခက်ခဲတဲ့ ဒေသခံတွေ အပါအဝင် လူနေမှု အလွန်ချွတ်ခြုံ ကျလာတဲ့အတွက် သယ်ဆောင်ရောင်းချမှု လုပ်လာကြတယ်လို့ သိရပါတယ်။
တော်လှန်ရေးကာလမှာ စစ်ကောင်စီဟာ ချင်းပြည်သူတွေရဲ့ အသက်မွေးဝမ် းကျောင်းအလုပ်တွေကို ဖျက်ဆီးမှုနဲ့ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် ဝမ်းရေး ပူပင်လာရတဲ့ ဒေသခံပြည်သူတချို့ကို အသုံးချပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးတာတွေ အရင်ထက် များပြားလာတယ်လို့ ချင်းအင်အားစုတချို့က ပြောပါတယ်။
အိန္ဒိယဘက်ကို သယ်ဆောင်နေတဲ့ မူးယစ်မှောင်ခိုသမားတွေဟာ စစ်ဘေးရှောင်အနေအထားနဲ့ လာကြတာတွေ ရှိသလို ဖမ်းဆီးခံရရင်လည်း ၎င်းတို့ဟာ အမှုလျော့ပေါ့နိုင်ရေးအတွက် စစ်ဘေးရှောင်တွေအဖြစ် ခုခံကာကွယ်ကြတယ်လို့ သိရပါတယ်။
“ကျနော်သိရသလောက် စစ်ဘေးရှောင်တွေကတော့ မလုပ်ဘူးလို့ တစ်ရာမှာ ကိုးဆယ်ကတော့ ပြောရဲပါတယ်” လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။
မီဇိုရမ်ပြည်နယ်ထဲ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုတွေဟာ စစ်ဘေးရှောင် ချင်းပြည်သူ ထောင်ချီကို သက်ရောက်မှုတွေ ဖြစ်ပွားနေပါတယ်။
“မူးယစ်ဆေးဝါးက စစ်ရှောင်တွေက မလုပ်မှန်းလည်း အာဏပိုင်တွေက သိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အတွက် တချို့က စစ်ရှောင်တွေကို ငါတို့က ကောင်းကောင်းပြုစုတယ်။ ပြီးရင် သူတို့က ငါတို့လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ပြန်သတ်တယ်ဆိုတဲ့ အမြင်က ရှိတယ်။ အဲဒါကြောင့် လူတွေက အရင်တုန်းက ဆယ်ဦးက ကူညီရင် အခုက ငါးဦးတောင် မကူညီချင်တော့ဘူး” လို့ အိန္ဒိယအခြေစိုက် စစ်ဘေးရှောင် ကူညီရေး အဖွဲ့တခုက ကိုစိုးဝါက ပြောပါတယ်။
အိန္ဒိယဘက်က ချင်းစစ်ဘေးရှောင်တွေကို ၂၀၂၁ မှ ၂၀၂၂ နှစ်ဦးပိုင်းအထိ ဒေသခံလူထုရဲ့ အားပေးကူညီမှု လွန်စွာကောင်းမွန်ခဲ့ပြီး ၂၀၂၂ ခုနှစ် ၃ လပိုင်းခန့်မှာ မူးယစ်းဆေးဝါးမှုများ တိုးလာမှုကြောင့် အကူအညီတွေ တဟုန်းထိုးလျော့ကျသွားပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းအထိ မီဇိုရမ်က ချင်းစစ်ဘေးရှောင်တွေအပေါ် ဒေသခံတွေရဲ့ ကူညီပေးမှုက လျော့ကျနေဆဲလို့ စစ်ဘေးရှောင်ကူညီသူနဲ့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ မူးယစ်ဆေးဝါးအမှုတွေမှာ ချင်းစစ်ဘေးရှောင်တွေ မပါတ်သက်မှုကို အိန္ဒိယအာဏာပိုင်နဲ့ မီဇိုရမ်က အရပ်ဖက်အဖွဲ့တွေက အတည်ပြုပြောဆိုလာမှုကြောင့် အကူအညီတွေ ပြန်လည်ရရှိလာတယ်လို့ သိရပါတယ်။
အိန္ဒိယဗဟိုအစိုရဟာ နှစ်ပေါင်း ၄၀ ကျော် ကျင်းသုံးလာတဲ့ Free Movement Regime လို့ခေါ်တဲ့ နှစ်နိုင်ငံပြည်သူတွေကြား လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းကာ ၂၀၂၅ ဇန်နဝါရီလက စတင်ပြီး အဝင်/အထွက်ကို တင်းကြပ်လိုက်ပါတယ်။ အဲဒီမူဝါဒကို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ မူးယစ်ဆေးဝါး တားဆီးနိုင်ရေးလည်း ပါဝင်ပါတယ်။
ချင်းပြည်အတွင်းနဲ့ အိန္ဒိယနယ်စပ်တလျှောက်က မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ၊ စိုက်ပျိုးသူတွေကို ချင်းပြည်အစိုးရနဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက စုံစမ်းပြီး အရေးယူမယ်လို့ ချင်းပြည်ကောင်စီက ယင်းကောင်စီဖွဲ့စည်းပြီး ၃ လကျော်အကြာမှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ဒေသခံလူထုနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပြီး၊ ချင်းတော်လှန်ရေးအင်အားစုတွေဟာ လမ်းကြောင်းပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် ထွက်ပေါက်တွေ အများကြီး ရှိနေတဲ့အတွက် လူထုရဲ့ သတင်းပေးမှုက အင်မတန် အရေးကြီးတယ်လို့ ချင်းအင်အားစုတွေက ပြောပါတယ်။
“သတင်းထိန်ချန်မှု မရှိဘဲနဲ့ ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အားလုံးကို ဖိတ်ခေါ်ချင်တယ်” လို့ ချင်းပြည်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဆလိုင်းထက်နီက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
စီယင်းဒေသက ဘိန်းခင်းတွေ ပပျောက်ရေး ၃ နှစ်တာ စီမံကိန်းမှာ အစားထိုးလုပ်ငန်းတွေ စီစဉ်ပေးနိုင်ဖို့ ပြည်တွင်းပြည်ပ ဘိန်းတိုက်ဖျက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ CDF CDM စီးယင်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီကနေ့မှာ ချင်းအင်အားစုတွေဟာ ချင်းပြည်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ထူထောင်လာနိုင်ပြီး နယ်မြေအများစုကို သိမ်းပိုက်ထားနိုင်တဲ့အတွက် ဘိန်းခင်းနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဖိဖိစီးစီးလုပ်လာကြဖို့ ချင်းဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့က မျှော်လင့်နေကြပါတယ်။