(004SS)
“ဒီမှာ ဆန်တွေကလဲဈေးကြီးတယ်၊ စားဝတ်နေရေးကလဲ ခက်ခဲတယ်၊ အမျိုးသားကလဲ လစာမရှိတော့ သားနဲ့သမီးကိုတော့ ထမင်းကျွေးဖြစ်တယ်၊ ကျွန်မတို့ကတော့ အရင်ကလို ပြောင်းဖူးပြုတ်စားတယ်”
ခတ်တိုးတိုးအသံဖြင့် အခုလိုပြောဆိုလိုက်သည့် သူကတော့ ခပ်ပိန်ပိန် အသားဖွေးဖွေး အသက် ၂၂ နှစ်အရွယ် ကလေး ၂ ယောက်၏ မိခင် ဒေါ်ချင်းချင်း (အမည်လွှဲ) ပဲဖြစ်ပါသည်။
သူမသည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းဘေးရန်ကနေ အသီလေး လွတ်မြောက်လာခဲ့သည့် စစ်ကောင်စီစစ်သား၏ အမျိုးသမီး (မိန်းမ) လည်း ဖြစ်သည်။
လက်ရှိတွင် ကျန်းမားရေးချူချာနေသည့် ၃ နှစ်အရွယ် သမီးနှင့် ၁၁ လအရွယ် သားတစ်ယောက်တို့နှင့်အတူ အိမ်ခြေ ၅၀ ခန့်သာရှိသည့် ချင်းပြည်နယ် (မြောက်ပိုင်း) ဖလမ်းမြို့နယ်ရှိ ဇာတိရွာတွင် မိဘနှစ်ပါးဆီ မှီခိုနေထိုင်နေသည်။
၂၀၂၁ ခုနှစ်မတိုင်မီ
ဒေါ်ချင်းချင်း၏ အမျိုးသား (ယောကျ်ား) သည် လုပ်သက် ၁၃ နှစ်အထိ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၃၄ နှစ်အရွယ် ဦးလျန်းလျန်း (အမည်လွှဲ) ဖြစ်ပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ခလရ ၂၆၈ တပ်စခန်းကုန်းတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားတစ်ဦး၏ မိန်းမ ဖြစ်သည့် ဒေါ်ချင်းချင်းသည်လည်း အမျိုးသား စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဖလမ်းမြို့ ခလရ ၂၆၈ တပ်စခန်းကုန်းတွင် နေထိုင်ပြီး စစ်သားအမျိုးသမီးများ၏ နေ့စဉ်တာဝန်ဝတ္တရားများကို လုပ်ရင်း ရဲမေသင်တန်း၊ သေနတ်ပစ်သင်တန်းများ တက်ရောက်ခဲ့ရသည်။
“ကျွန်မအမျိုးသား CDM မဝင်ခင်ကတော့ သူ့လစာက ၃ သိန်းလောက်ပေါ့နော်၊ အဲတုန်းက ချင်းပြည်နယ် မှာ စားဝတ် နေရေးက အဆင်ပြေလွန်းတယ်လို့မဟုတ်ပေမဲ့ ဖူလုံသေးတယ်လေ။ ဆန်ဆိုရင်လဲ ၃၀၀၀၀ လောက်ပဲဆိုတော့ ကျွန်မတို့ အဆင်ပြေတယ်၊ အိမ်က အဖေအမေကိုတောင် ထောက်ပံ့နိုင်သေးတယ်” ဟု ဒေါ်ချင်းချင်းက ပြောပါတယ်။
အမျိုးသားဖြစ်သူမှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်တွင် ဖလမ်းမြို့ ၂၆၈ စစ်တပ်ကုန်းမှ ဟားခါးမြို့ ခလရ ၂၆၆ စစ်တပ်ကုန်းသို့ပြောင်းရွှေ့ခဲ့ရပြီးနောက် ရွေးကောက်ပွဲအတွင်း အလုပ်များခဲ့ရခြင်းကြောင့် ကိုယ်ဝန်အစောပိုင်းကာလ သာရှိသေးသော ဒေါ်ချင်းချင်းတစ်ယောက် အမျိုးသားနှင့်အတူ ဟားခါးမြို့သို့ မလိုက်လာတော့ဘဲ ယောက္ခမရှိရာ ရွာသို့ ပြန်နေခဲ့ရသည်။
“ကျွန်မအမျိုးသားက ဖလမ်းကနေ ဟားခါးကိုပြောင်းတော့ ကျွန်မ မလိုက်ဖြစ်တော့ဘူး၊ ဖလမ်းမှာတုန်းကလဲ သူက အလုပ်အရမ်းများတယ်၊ ရုံးဘက်က အရေး ၃၊ အရေး ၄ တေရော သူလုပ်ရတယ်၊ ညနှက်မှ အိမ်ပြန်ရောက်ဖြစ်တယ်လေ၊ ဆိုတော့ ဟားခါးရောက်တော့ ပိုဆိုးမှာပေါ့နော်၊ ရွေးကောက်ပွဲမှာလဲ အလုပ်ရှုပ်နေမှာဆိုတော့ သူနဲ့မလိုက်ဖြစ်တော့ဘူး၊ ဖလမ်းမှာလဲ ကိုယ်ဝန်နဲ့ တစ်ယောက်တည်းအဆင်မပြေတော့ ရွာမှာပဲ ယောက္ခမဆီမှာ ပြန်နေဖြစ်တယ်” ဟု အမျိုးသားနှင့်အတူ ဟားခါးမြို့သို့ မလိုက်ဖြစ်တဲ့အကြောင်း ဒေါ်ချင်းချင်းက ပြန်လည် ပြောပြသည်။
၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီး
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဩဂုတ်လ ၂၃ ရက်နေ့တွင် ဒေါ်ချင်းချင်းတစ်ယောက် အမျိုးသားမရှိဘဲ သားဖွားသင်တန်းဆင်း ဆရာမ ၂ ဦးဖြင့် ကလေးကို ပုံမှန်မွေးဖွားခဲ့ရသည်။
ကလေးမွေးပြီး နှစ်လအကြာတွင် အမျိုးသားဖြစ်သူမှာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး စစ်တပ်ကုန်းမှ ထွက်ပြေးခဲ့သည့်အပြင် လက်နက်ကိုင်တော်လှန်ရေးတွင် ဆက်လက်ပါဝင်ခဲ့ခြင်းကြောင့် ကလေး (ဒေါ်ချင်းချင်းသမီး) နှင့် ဖခင်ဟာ တစ်နှစ်အကြာမှ ပြန်လည် ဆုံတွေ့ကြရသည်ဟု ဒေါ်ချင်းချင်းက ပြောသည်။
ယောကျ်ားဖြစ်သူ တပ်ကြပ်ကြီးဦးလျန်းလျန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် CDM မဝင်နိုင်သေးခင် ကာလ ကတည်းက စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသေးပေမဲ့ မတရားလုပ်ရပ်များအတွက် စိတ်မသန့်ဘူးဟု ဆိုသည်။ ထို့ကြောင့် CDM လှုပ်ရှားမှုမှာပါဝင်နိုင်ရေး လင်မယားနှစ်ယောက် အကြိမ်ကြိမ်ဆွေးနွေးခဲ့ရပြီး ဒေါ်ချင်းချင်းအနေဖြင့်လည်း အမျိုးသား၏ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံခဲ့သည်။
“အမျိုးသား CDM ဝင်ဖို့ ဖုန်းနဲ့ အကြိမ်ကြိမ်ဆွေးနွေးဖြစ်တယ်၊ ဒီလို အများပြည်သူက မတရားတာကို တရားအောင် လုပ်နိုင်မှာဖြစ်လို့ ကျွန်မလဲ အားပေးပါတယ်။ ဒါပေမဲ့ သူဘယ်ချိန်ဝင်မလဲ ဆိုတာတော့ အခြေအနေကြည့်ရသေးတော့ သူဝင်ချင်တဲ့ချိန် ချက်ချင်းမရဘူးပေါ့နော်။ စစ်တပ်ရဲ့ မတရားလုပ်ရပ်တွေ သူကိုယ်တိုင်ကြုံနေရတဲ့အခါ ကျတော့ အထက်ကခိုင်းလို့သာ လုပ်နေရပေမဲ့ စိတ်ကမသန့်တော့ဘူးလို့ ပြောတယ်၊ ဆိုတော့ သူကိုယ်တိုင် ထွက်ချင်တဲ့ စိတ်ဆန္ဒရှိလို့ အခွင့်သာတဲ့ချိန် ထွက်လာလိုက်တာဖြစ်ပါတယ်”
လင်မယားနှစ်ယောက်စလုံး သဘောတူညီပေမယ့် လုံခြုံရေး အခြေအနေတွေကြောင့် အာဏာသိမ်းပြီး ၉ လကျော်အကြာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှသာ တပ်ကြပ်ကြီးဦးလျန်းလျန်းသည် စစ်ကောင်စီ၏ လုပ်ရပ်တွေကို မထောက်ခံနိုင်တော့ဘဲ Civial Disobedience Movement လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
ပါရမီဖြည့်ဘက်ရဲ့ ခရီးကြမ်းစတင်
တပ်ကြပ်ကြီးဦးလျန်းလျန်း စစ်ကောင်စီအောက်မှ ရုန်းထွက်ပြီး CDM ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်တွင် မိန်းမဖြစ်သည့် ဒေါ်ချင်းချင်းအတွက် ခက်ခဲကြမ်းတမ်းသည့် အပြောင်းအလဲက စတင်လာခဲ့ပါပြီ။
“ကျွန်မအမျိုးသားက ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မနက်အစောကြီးမှာ CDM ဝင်တာ၊ နောက်နေ့ နေ့လယ်လောက်မှာ ကျွန်မတို့နဲ့ ဖုန်းအဆက်အသွယ်ရတာပေါ့၊ ကျွန်တော် CDM ဝင်လိုက်ပြီ အမြန်ထွက်ဖို့လိုတယ်ဆိုပြီးပြောတော့ အဲချိန်မှာ လန့်လဲလန့် ကြောက်လဲကြောက် စိတ်ထဲ ဘာမှမတွေးနိုင်ဘူး။ ထွက်ပြေးဖို့၊ အဖမ်းမခံရဖို့ပေါ့။ အဲဒါပဲတွေးနိုင်တယ်၊ ဒါနဲ့ ကမန်းကတန်း အထုတ်ပြင်၊ ညနေပိုင်းလောက်မှာ အကိုက ကျွန်မတို့ဇာတိရွာကို ခေါ်သွားတာပေါ့။ အဲချိန်မှာ ကျွန်မ ကလေးမွေးပြီး တစ်လနဲ့ နှစ်ပါတ်ပဲရှိသေးတယ်”
ဒေါ်ချင်းချင်းသည် တစ်လခွဲအရွယ် သမီးငယ်ကို ပိုက်ကာ ယောကျ်ားဖြစ်သူ၏ညီ အကူအညီဖြင့် လက်ရှိနေထိုင်သည့် ယောကျ်ားဖြစ်သူ၏ မိဘများနေအိမ်မှ သူမ၏ဇာတိရွာကို ထွက်ပြေးခဲ့ရသည်။
သူတို့ ထွက်လာပြီး နာရီဝက်ခန့်အကြာတွင် ကလေးမြို့ကတက်လာသော စစ်ကား အစီး ၄၀ ပါ စစ်ကောင်စီယာဉ်တန်းသည် သူမ၏ အမျိုးသားရွာကို ရောက်ရှိလာပြီး အိမ်တွင်ကျန်ရစ်ခဲ့သော နေမကောင်းသဖြင့် အိပ်ယာပေါ်လဲနေသည့် အသက် ၇၂ နှစ်အရွယ် ဆီးချိုရောဂါသည် အမျိုးသား၏ အမေ (ယောက္ခမ)၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်သူ အစ်မ ၂ ယောက်၊ အသက် ၂၄ နှစ်နဲ့ ၁၂ နှစ်အရွယ် တူမနှစ်ယောက် စုစုပေါင်း အမျိုးသမီး ၅ ယောက်ကို အဲဒီယာဉ်တန်းတွင်ပါလာသည့် စစ်သားများက ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ ဖလမ်းမြို့ ခလရ စစ်တပ်ကုန်းတွင် နှစ်ပတ်ကြာ ဘယ်သူ့နှင့်မျှ ဆက်သွယ်ခွင့်မပေးဘဲ ထိန်းသိမ်းခဲ့ကြောင်း သူမက ဆက်ပြောပြသည်။
“အကိုက အချိန်မီလေး ခေါ်သွားပေးလို့ပေါ့နော် ကျွန်မတို့ အသီလေးလွတ်လာတာ။ နေမကောင်းလို့လှဲနေတဲ့ အမေ့ကို (ယောက္ခမ) အိပ်ရာကနေ ဆွဲခေါ်၊ စိတ်ပိုင်းဆိုင်ရာမသန်စွမ်း အမ ၂ ယောက်ရော တူမ ၂ ယောက် တစ်ယောက်က ၁၂ နှစ်ပဲရှိသေးတာ အကုန်ဖမ်းသွားကြတာ။ နောက် CDM ဝင်ပြီးတော့လဲ အိမ်ပါ မီးရှိုခံရတယ် အခုထိ အိမ်လဲမရှိ နေစရာလဲမရှိ၊ ဒီလိုနဲ့ပဲ ဆွေမျိုးတွေအိမ်မှာပဲ ဝင်ခိုနေရတာပေါ့နော်” ဟု ဒေါ်ချင်းချင်းက သူတို့ လက်မတင်လေး လွတ်မြောက်ခဲ့ရတာကို ပြန်လည်ပြောပြသည်။
၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့မှာ ကလေး-ဖလမ်း လမ်းမရှိ ရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့တပ်ဖွဲ့မှ သေဆုံးသွားသည့် စစ်သားအလောင်းများနှင့်အတူ ဒေသခံနေအိမ်များ မီးရှို့ခဲ့ရာ ဒေါ်ချင်းချင်းတို့အိမ်အပါအဝင် နေအိမ် ၆ လုံး မီးလောင်ပြာကျခဲ့ရသည်။
အိန္ဒိယ-မြန်မာနယ်စပ်ကို တိမ်းရှောင်ခြင်း
ထို့သို့ ယောက္ခမ မိသားစုဝင်များအားလုံး ဖမ်းဆီးခံရသည့်အပြင် နေအိမ်ပါ မီးရှိုခံရသည့်သတင်းကြားကြားချင်း ဒေါ်ချင်းချင်းတို့ဟာ ဇာတိရွာတွင် မလုံခြုံတော့ဘူးဟု ယူဆသည့်အတွက် အိန္ဒိယ-မြန်မာနယ်စပ်ကို ထပ်မံတိမ်းရှောင်ဖို့ ဖြစ်လာခဲ့သည်။
ထို့သို့ တိမ်းရှောင်ရန် သွားသည့်လမ်းတွင် စစ်တပ်ဂိတ်များရှောင်ရှားရခြင်း၊ မိုးတွင်းကာလ လမ်းပျက်စီးခြင်းများကြောင့် ၆ နာရီခန့် သွားရသည့်ခရီးကို ၃ ရက်ကြာသွားခဲ့ရကြောင်း ဒေါ်ချင်းချင်းက ပြောပြသည်။
“အမျိုးသားနဲ့ အဆက်အသွယ်ရတော့ ရွာမှာ မလုံခြုံတော့ဘူး။ အိမ်ကလူတွေ အဖမ်းခံရတယ်ပြောတော့ နယ်စပ်ကိုသွား တီဘွာလ်ရောက်ခါနီးမှာ စစ်သားတွေက သူတို့စခန်းကို ဖြတ်ခွင့်မပေးတော့ဘူးတဲ့ ဒါနဲ့ ပြန်လှည့်၊ သူတို့ကိုရှောင်နိုင်ဖို့ ကွေ့ပတ်ပြီးသွားရတာ၊ ကျွန်မတို့လဲ အဲလမ်းကလွဲပြီး တခြားလမ်းမသွားဖူးတော့၊ တစ်ရွာမှာ ဝင်မေးလိုက်၊ ကလေးနဲ့ဆိုတော့ နားလိုက်၊ မိုးကလဲရွာတော့ မိုးခိုလိုက်နဲ့ ခရီးက မြန်မြန်မရောက်နိုင်ဘူးပေါ့နော်၊ ပုံမှန်ဆိုရင် ၆ နာရီလောက်သွားရတဲ့ခရီးပေါ့၊ ဒါပေမဲ့ ကျွန်မတို့ ၃ ရက်လောက်သွားခဲ့ရတယ်” ဟု နယ်စပ်ကို တိမ်းရှောင်စဉ်အဖြစ်အပျက်ကို ပြန်လည် ပြောပြသည်။
ချင်းတောင်၏ မိုးနှောင်းကာလ မိုးအေးလေအေးနှင့် ရွံ့ဘွတ်ကြားထဲ တိမ်းရှောင်ထွက်ပြေးနေခဲ့ရာ မီးဖွားပြီးစ တစ်လခွဲ (တစ်လနဲ့ နှစ်ပါတ်) သာရှိသေးသည့် သားအမိနှစ်ယောက်အတွက်တော့ မလွယ်လှပေ။
“ကျွန်မတို့က ဆိုင်ကယ်တစ်စီးနဲ့ပေါ့ အကိုက ရှေ့ကမောင်း၊ ကျွန်မက ၂ ပါတ်ရွယ်သမီးလေးကို ရှေ့မှာချီလိုက် ပွေ့လိုက်နဲ့ လမ်းကလဲ တောလမ်း မိုးကလဲရွာ လမ်းကလဲကြမ်း ဆိုင်ကယ်ခုန်လိုက် ကလေး လန့်ပြီးငိုလိုက်နဲ့ သမီးလေးက သေးခံကလဲ ခဏဏ လဲဖို့အဆင်မပြေတော့ ပေါင်ကြားက နီပြီး အကုန်ပွန်းကုန်တယ်။ မိုးမကုန်သေးတော့ တောနက်ထဲရောက်တော့လဲ မျှော့တေတွယ်တာပေါ့နော်။ သမီးကလဲ တစ်လမ်းလုံး ငိုတာမတိတ်တော့ သရဲများကိုက်တာလားပေါ့ တစ်လမ်းလုံး ဆုတောင်းနေခဲ့ရတယ်။ တစ်နေရာရောက်တော့ သမီးလေးခြေထောက်မှာ မျှော့ကြီးကသူ့ သွေးစုပ်နေခဲ့တာ။ လွယ်တော့မလွယ်ဘူးပေါ့နော်” ဟု ဖြတ်သန်းခဲ့စဉ် ခက်ခဲမှုများကို ပြောပြသည်။
အိုင်ဇောလ်အထိ တိမ်းရှောင်ရခြင်း
ထိုသို့ လေအေး၊ မိုးအေးကြား အသက်လွတ်အောင် ထွက်ပြေးနေရချိန်တွင် ဒေါ်ချင်းချင်းတစ်ယောက်သည် မီးယပ် ဖျားရောဂါဖြစ်ပြီး သမီးတွင် အဆုတ်အအေးမိကာ ကျန်းမာရေးထိခိုက်ခဲ့ကြသည်။
ထို့ပြင် သမီးဖြစ်သူမှာ မျက်ရည်လမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါကြောင့် နယ်စပ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အထိ ရောက်ရှိလာပြီး အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်အထိ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်လာခဲ့ရသည်။
“သမီးလေးကတော့ သူ့ရဲ့ မျက်ရည်လမ်းကြောင်းပြသနာရှိလို့တဲ့၊ နယ်စပ်မှာ ကုလို့မရဘူးလို့ပြောတော့ ကျွန်မတို့ အိုင်ဇောလ်ကိုသွားတယ်၊ ဆရာဝန်တွေက ခွဲစိတ်ရမယ်တဲ့ ဖြစ်နိုင်ရင် ဒေလီမှာ သွားစေချင်တာ၊ ရူပီ သိန်းချီ ကုန်မှာဆိုတော့ ကျွန်မတို့မတတ်နိုင်ဘူးလေ၊ နောက်ဆုံးသူတို့ကကြိုးစားပေးမယ်တဲ့၊ ဘုရားကျေးဇူတော် ကြောင့် ခွဲစိတ်မှုအောင်မြင်ခဲ့တယ်။ ဆရာဝန်က ဒါမျိုးပထမဦးဆုံးခွဲစိတ်တာဖြစ်လို့ဆိုပြီး ခွဲစိတ်ခတောင် မယူရှာဘူး၊ မဟုတ်ရင်အများကြီးကုန်မှာ။ ကျွန်မကလဲ ရေအေးလေအေးထိလို့မရ၊ တစ်ချိန်လုံးချွေးထွက်နဲ့ အားကုန်တာပေါ့” သမီးဖြစ်သူ၏ ခွဲစိတ်ခဲ့ရမှုကို ပြန်လည်ပြောပြသည်။
စစ်ဘေးရှောင်ရလို့ ခက်ခဲနေသည့်အပြင် ကျန်းမာရေးပြသာနာရင်ဆိုင်နေရချိန်တွင် ပြည်ပရောက် အလှူရှင်များဆီကရသည့်ငွေဖြင့် သမီး၏ရောဂါကို ခွဲစိတ်နိုင်ခြင်းဖြစ်ပြီး ဆေးရုံစရိတ်၊ စားစရိတ်အပါအဝင် ရူပီး ခုနှစ်သောင်းလောက်ကုန်ခဲ့ကြောင်း သိရသည်။
ဒေါ်ချင်းချင်းတို့သားအမိ အိုင်ဇောလ်မြို့တွင် စစ်ဘေးရှောင်အဖြစ် နေထိုင်နေစဉ်အတွင်း အမျိုးသားဖြစ်သူနှင့် တယ်လီဖုန်းဖြင့် တစ်လတစ်ခါ၊ ဖုန်းလိုင်းရရင်ရသလို ဆက်သွယ်ဖြစ်သည့်အကြောင်း၊ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင် အမျိုးသားဖြစ်သူမှ ၎င်းတို့ရှိရာ အိုင်ဇောလ်မြို့သို့ ခေတ္တပြန်လာနိုင်ခဲ့တာကြောင့် စစ်ဘေးတိမ်းရှောင်းပြီးနောက် ပထမဦးဆုံး မိသားစု ပြန်လည်ဆုံတွေ့ဖြစ်သည့်အကြောင်း သူမက ဆက်ပြောပြသည်။
အိုင်ဇောလ်မြို့တွင် နှစ်နှစ်နီးပါးစစ်ရှောင်အဖြစ်နေထိုင်လာခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် သူမတို့မိသားစုအတွက် ဝမ်းသာစရာအကြောင်း ဖြစ်ပေါ်လာခဲ့သည်။ ဒါကတော့ ဒေါ်ချင်းချင်းတို့မျှော်လင့်တောင်းတခဲ့သည့် သားကောင်းရတနာလေး မွေးဖွားလာခြင်းပင်ဖြစ်သည်။
ထိုနောက် သူများနိုင်ငံ၌ စစ်ဘေးတိမ်းရှောင်နေရချိန်တွင် ဘာသာစကား နားမလည်ခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းအပြင် သမီးဖြစ်သူ၏ ကျန်းမာရေးအခြေအနေသည် ပြန်လည်သက်သာလာပြီဖြစ်ခြင်းကြောင့် ၂၀၂၄ နှစ် နှစ်ဆန်းပိုင်းတွင် ပြည်တွင်းကို ပြန်လည်ရောက်ရှိလာခဲ့သည်။
“ကျွန်မတို့အတွက်က အိုင်ဇောလ်မှာ ပိုပြီးလုံခြုံတယ်၊ ဒါပေမဲ့ သူများနိုင်ငံမှာ ဘာသာစကားလဲမတတ်၊ ကိုယ်က ကလေးနဲ့ကျန်းမာရေးလဲ သိပ်မကောင်းတော့ ဘာအလုပ်မှလဲ မလုပ်တတ်၊ စားဝတ်နေရေးအတွက် အကိုဖြစ်သူ (အမျိုးသားရဲ့ညီ) က ရရာအလုပ်ရှာလုပ် အဲလိုနဲ့သူကပဲ လုပ်ကျွေးဖြစ်တာပေါ့နော်။ ကလေးကျန်းမာရေးက ချူချာတဲ့အခါကျတော့ အိုင်ဇောလ်မှာမနေရင် သွားလာရေးကလဲ ခက်ခဲတယ်၊ ငွေကုန်ကြေးကျလဲများတော့ အိုင်ဇောလ်မြို့စွန်လေးမှာ အိမ်ငှားနေခဲ့ရတာပေါ့နော်၊ ဘုရားကျေးဇူးတော်ကြောင့် သမီးလေးခွဲစိတ်တာ အောင်မြင်တယ်ပေါ့နော၊ ကျန်းမာရေးလဲ ပြန်ကောင်းလာပြီဆိုတော့ ရွာမှာပဲ ပြန်နေဖို့ စီစဉ်လိုက်တာပေါ့နော်” ဟု ဒေါ်ချင်းချင်းက ပြည်တွင်းကို ပြန်လည်ရောက်ရှိလာခဲ့ရတဲ့အကြောင်း ရှင်းပြသည်။
ဇာတိရွာကို ပြန်ရောက်
ဖလမ်းမြို့ရှိ ဇာတိကျေးရွာတွင် မိဘများနှင့် အတူနေထိုင်နေရပေမယ့် သားသမီး ၂ ယောက်နှင့် ပုံမှန်ဝင်ငွေမရှိခြင်းကြောင့် အခက်အခဲများက ဆက်လက်ရှိနေဆဲဖြစ်သည်။
“အခုကရွာမှာပေါ့နော်၊ အဖေ အမေဆီမှာ ခိုကပ်နေတာ၊ အမျိုးသားကလဲ CDM ဝင်တယ်ဆိုတော့ ဘာဝင်ငွေမှ လဲမရှိတော့ ဘူး၊ ဒီမှာ အဖေအမေနဲ့ ကျွန်မတို့ သားအမိနဲ့ ရှိတာအတူစား၊ အမေနဲ့ တောင်ယာသွား အာလူးတေစိုက်၊ ပြောင်းဖူးတွေစိုက် ပေါ့။ အဲလိုပဲ စားဝတ်နေရေးကို ဖြေရှင်းနေရတာပေါ့နော်”ဟု လက်ရှိအခြေအနေကို ပြောပြသည်။
ဒေါ်ချင်းချင်းသည် တောင်ယာအလုပ်လုပ်နေရသော်လည်း ကျန်းမာရေးအခြေအနေကြောင့် မိသားစု စားသောက်ရေး ဖူလုံလောက်တဲ့အထိ မတတ်နိုင်ကြောင်း၊ တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်း အဆမတန်မြင့် တက်လာခြင်းကြောင့် ပိုပြီးအခက်ကြုံနေရတယ်ဟု ပြောသည်။
“ကျွန်မကတော့ ထွက်ပြေးရတဲ့နောက်ပိုင်း မီးယပ်ကင်းရောဂါရသွားတော့ အစတုန်းကတော့ ရေးအေးလဲထိမရ လေအေး ရင်လဲ ဖျားလိုက် တစ်ချိန်လုံးချွေးပြန်ပြီး အားကုန်တာပေါ့။ ဒါပေမဲ့ အခုက ဘုရားကျေးဇူတော်ကြောင့် ဆိုးဆိုးရွားရွားတော့ မဖြစ်တော့ဘူးပေါ့နော်။ တောင်ယာလုပ်ပေမဲ့လဲ ကိုယ်စားဖို့လောက်လေးပါပဲ၊ သိပ်ပြီး မလုပ်နိုင်ပါဘူး။ အခုက ဆန်ဈေး ကလဲကြီးတော့ အမေ့ ဝက်ရောင်းလို့ရတဲ့ ပိုက်ဆံလေးနဲ့ ဆန်ဝယ်၊ ဆီ ကြိုဝယ်ပေါ့အဲလိုမျိုး။ ဒါပေမဲ့ အဲဒီပိုက်ဆံလေးနဲ့ ဆန် တစ်အိတ် နှစ်အိတ် အပြင် ဘာမှ မကျန်တော့ ဘူးလေနော်၊ ဆီတောင်မှ မစားနိုင်တဲ့ချိန်ပိုများပါတယ်။ ဈေးကြီးလို့ မဝယ်စားနိုင်ပါဘူး” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
ထိုသို့သော အခြေအနေများကြောင့် ဒေါ်ချင်းချင်းတို့ သားအမိ ၃ ယောက်၊ သူမ၏ မိဘ နှစ်ပါးအပါအဝင် မိသားစုဝင် ၅ ယောက်အတွက် နေ့တိုင်းဆန် ချက်စားနိုင်ရန် မလွယ်ကူလှသည့်အခြေအနေကို ရောက်ရှိနေသည်။
“လူကြီးတွေကတော့ ပြောင်းဖူးပြုတ်ကိုပဲ အဓိက စားတာပေါ့၊ သားနဲ့သမီးအတွက် ထမင်းနဲ့ ဆားနယ်ပြီးကျွေးတဲ့ ချိန်၊ ဆီနဲနဲနဲ့ ဆမ်းကျွေးတဲ့ချိန်၊ တခါတလေ အသင်းတော်က အလှူငွေ ငါးထောင် တစ်သောင်းရတဲ့အချိန်တွေမှာ သားနဲ့သမီးအတွက် ကြက်ဉကျွေးဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ဒေါ်ချင်းချင်းတို့ ဇာတိရွာတွင် အလတ်စားဆန်တစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၈၀,၀၀၀ ကျပ်၊ ဆီတစ်ပိဿာ ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကျပ်၊ ကြက်ဉ တစ်လုံး ၅၀၀ ကနေ ၇၀၀ ကျပ် စသဖြင့် ကုန်ဈေးနှုန်း မြင့်တက်သည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် လိုအပ်တဲ့အချိန် ကုန်ပစ္စည်းများကို ဝယ်စရာပင်မရှိဟု သိရသည်။
ဇာတိရွာက အခက်အခဲ
စစ်တပ်အာဏာမသိမ်းခင်က အဲဒီရွာရှိ ဒေသခံများသည် စားဝတ်နေရေးအတွက် တောင်ယာလုပ် ပြောင်း၊ အာလူး၊ ကောက်ပဲသီးနှံအမျိုးမျိုးစိုက်ပျိုးကာ အခြားမြို့များတွင် ပြန်လည်ရောင်းချပေးနိုင်သည့်အထိ လုပ်ကိုင်ခဲ့ကြပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားဖြစ်နိုင်လောက်တဲ့အထိ လုပ်ကိုင်နိုင်ခြင်း မရှိကြတော့ကြောင်း သိရသည်။
“အခုနိုင်ငံရေးအခြေအနေနဲ့ ခရီးသွားဖို့ ခက်ခဲလာတယ်၊ ခရီးသွားမယ်ဆို စကစကို ကြောက်ရတာနဲ့ ကျွန်မတို့ရွာက လမ်းကလဲမကောင်း၊ မြို့နဲ့လဲတော်တော်ဝေးတယ်။ ဖလမ်းမြို့သွားမယ်ဆိုရင်တောင် အရင်က ဆိုင်ကယ်နဲ့ ၄ နာရီလောက်သွားရတဲ့ဟာ အခု တစ်နေကုန်သွားရတယ်၊ အခုကုန်ဈေးနှုန်းနဲ့ဆို ဆိုင်ကယ်ဆီဖိုးနဲ့ ကိုယ်ရောင်းမယ့်ဟာနဲ့ ကာမိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ခြေလျင်နဲ့သွားမယ်ဆိုပြန်တော့လဲ ပစ္စည်းသယ်ဖို့ကမလွယ်ပြန်ဘူး။ ကျွန်မတို့ရွာမှာ အိမ်ခြေ ၅၀ လောက်ရှိတယ် နေ့တိုင်းဆန်ချက်စားနိုင်တဲ့သူ မရှိသလောက်နည်းတယ်၊ နှစ်အိမ်လောက်ရှိမယ်၊ အများစုကတော့ ပြောင်းဖူးပြုတ်ပဲ စားကြတော့တယ်” လက်ရှိရွာ၏ အခြေအနေကို ဒေါ်ရှင်းရှင်းက ရှင်းပြသည်။
မယိုင်လဲသည့် စိတ်ဓါတ်
ယောက်ျားဖြစ်သူ တပ်ကြပ်ကြီး ဦးလျန်းလျန်းတစ်ယေက် စစ်ကောင်စီတပ်ကို စွှန့်ခွါကာ CDM ဝင်ပြီးနောက်ပိုင်း မိသားစုစားဝတ်နေရေးအတွက် ဒေါ်ချင်းချင်းတစ်ယောက် ရုန်းကန်နေရတဲ့အပြင် ကျန်းမာရေးစိန်ခေါ်မှုတွေပါ ရင်ဆိုင်ကြုံတွေ့နေသည်။
“CDM ဝင်လိုက်တော့ လစာမရတဲ့အပြင် မိသားစု ကွဲကွဲပြားပြားပေါ့နော်၊ ကျန်းမာရေးလဲ ထိခိုက်သွားတယ်၊ ပိုက်ဆံမရှိတော့ ကုသလို့လဲမရဘူး၊ ပြီးတော့ စားဝတ်နေရေးကလဲ ခက်ခဲ၊ သူများလို ကိုယ်တိုင်ရင်ဆိုင်ပြီး အလုပ်လုပ်မယ်ဆိုရင်လဲပဲ ကျန်းမာရေးထိခိုက်ပြန်ရော၊ ဆိုတော့ စိတ်ဖိစီးမှုတော့ ရင်ဆိုင်ရတာပေါ့” လက်ရှိအခြေအနေကို ဒေါ်ချင်းချင်းက ရှင်းပြသည်။
CDM မှာပါဝင်ရခြင်းကြောင့် အခက်အခဲမျိုးစုံကြုံတွေ့ရပေမယ့် အမှန်တရားအတွက် ရပ်တည်ခွင့်ရလို့ ဒေါ်ချင်းချင်းအနေဖြင့် နောင်တရတာမျိုးမရှိဘူးဟု ဆိုသည်။
မျှော်လင့်ချက်
“CDM မဝင်ခင်ထက် ဝင်ပြီးနောက်ပိုင်းတော့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတာပေါ့၊ တစ်ခါတစ်လေ မဝင်ခဲ့ရင် အခုချိန်ဒီလောက် ခက်ခဲမှုမကြုံရလောက်ဘူးလို့တောင် တွေးမိတဲ့ချိန် ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ ကျွန်မလိုပဲ လူတိုင်းက ခက်ခဲတယ်၊ အိမ်ပါမီးရှို့ခံရတယ်၊ ဖမ်းခံရတယ်၊ အသတ်ခံရတယ် ဆိုတာတေ ကြားနေရတာနဲ့ စဉ်းစားရင် ကျွန်မနောင်တရတယ် ဆိုတာမရှိပါဘူး။ ပိုပြီးတော့ ခွန်အားရတဲ့အချိန်တောင်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခက်အခဲတွေကို ကျော်လွှားမယ့်တစ်နေ့ တော်လှန်ရေးအောင်မယ့်တစ်နေမှာ ဒီအခက်အခဲတွေဟာ အမှတ်တရတစ်ခုဖြစ်မယ် လို့တွေးမိတယ်ပေါ့နော်” ဟု လက်ရှိခံစားချက်ကို ပြောပြသည်။
လက်ရှိအချိန်တွင် ဒေါ်ချင်းချင်းအမျိုးသားသည် ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုတွင် တိုင်းပြည်နှင့်လူမျိုးအတွက် တပ်မဟာမှူးအဖြစ် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြောင်း သိရသည်။
ဒေါ်ချင်းချင်းသာ ကျန်းမာသန်စွမ်းသူတစ်ယောက်ဖြစ်ခဲ့ပါက ရှေ့ဆက် သူမကိုယ်တိုင် အမျိုးသားနှင့်အတူ တော်လှန်ရေးတွင် ပါဝင်ပြီး စေတနာ့ဝန်ထမ်း ကျောင်းဆရာမ လုပ်ချင်သည်ဟု ပြောသည်။
သို့သော်လည်း သူမ၏ ကျန်းမာရေးအခြေအနေကြောင့် အမျိုးသားနှင့်အတူ ပါဝင်နိုင်ခြင်းမရှိပေမဲ့ ချစ်မြတ်နိုးရတဲ့ သူမတို့ ၏ မျိုးဆက်သစ်များဖြစ်သည့် ၁၁ လအရွယ် သားလေးရယ်၊ ၃ နှစ်အရွယ် သမီးလေး ပိုင်ဆိုင်ထားပြီဖြစ်ခြင်းကြောင့် အမျိုးသားက ရှေ့တန်းတွင် အမှန်တရားအတွက် တိုက်ပွဲဝင်နေချိန် သူမအနေဖြင့် သားနှင့်သမီးကို အတတ်နိုင်ဆုံး ပြုစုစောင့်လျှောက်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောသည်။
“စစ်သားအမျိုးသမီးတိုင်း သိမှာပါ၊ ကိုယ့်အမျိုးသား စစ်သားဆိုကတည်းက သူ ဘယ်ချိန် ဘယ်မှာ ဘယ်လိုဖြစ်မလဲ ဘယ်ချိန်သေမှာလဲ၊ ဘယ်ချိန်အသက်ရှင်ပြီး ပြန်လာမလဲဆိုတဲ့ စိုးရိမ်စိတ်ကရှိတာပေါ့၊ သူ့အဖေ ရှေ့တန်းရောက်ပြီဆို အမြဲတမ်း စိတ်ပူပန်ရတယ်။ အဲလိုအချိန်မှာ ကျွန်မ အမျိူးသား ကျန်းကျန်းမာမာနဲ့ ပြန်လာနိုင်တဲ့ တစ်နေ့ မိသားစု စုံစုံလင်လင်ပြန်တွေ့မယ်၊ လောလောဆယ် ဘာပဲဖြစ်နေဖြစ်နေ ကျွန်မ သားနဲ့သမီးလေးရဲ့ အနာဂါတ်အတွက် ရပ်တည် ပေးရမယ်ဆိုတဲ့ စိတ်နဲ့ ခွန်အားယူဖြစ်တယ်၊ အဝေးကနေ အမျိုးသားအတွက် နဲ့ တော်လှန်ရေးအမြန်ဆုံးအောင်နိုင်ဖို့ နေ့တိုင်းဆုတောင်းပေးနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
အသက်ငယ်ငယ် စိတ်ဓါတ်ခိုင်ခိုင် ဒေါ်ချင်းချင်းတစ်ယောက် တော်လှန်ရေးအောင်ပွဲခံမည့်တစ်နေ့ မိသားစု စုံစုံလင်လင်ရှိနေနိုင်ဖို့ကို မျှော်လင့်ရင်း လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံ ဖြတ်ကျော်နေသည်။