ရေး – ဆလိုင်းရောဘတ်
နိုင်ငံတကာနယ်နိမိတ် (International Boundary) က ထက်ခြမ်းပိုင်းခြားထားသော်လည်း မြန်မာဘက်က ချင်းပြည်နယ် နှင့် အိန္ဒိယဘက်ခြမ်းက မီဇိုရမ်ပြည်နယ်တို့သည် အိမ်ဦးနှင့် ကြမ်းပြင်ကဲ့သို့ အပြန်အလှန်ကူးလူးဆက်ဆံ မှုရှိသည့် လူမှုအသိုက်အဝန်းဖြစ်သည်။
ရှည်လျားသော သမိုင်းအထောက်အထားများအရ ချင်းနှင့်မီဇိုးလူမျိုးများသည် တအူတုံဆင်းညီအကို မျိုးနွယ်စုတူများ အဖြစ်ခံယူထားကြသူများဖြစ်ကြသည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသပြည်နယ် ၇ ခုထဲက မီဇိုရမ်ပြည်နယ်သည် “ဇိုး (ချင်း) မျိုးနွယ်စုများ၏ ဂျေရုစလင်” ဟုပင် ခေါ်ဆိုကြပြီး အိမ်နီးချင်းနိုင်ငံများတွင်ပြန့်နှံ့နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အရေးကြုံလျှင် ဝင်ရောက်ခိုလုံလေ့ရှိသည့် နေရာဖြစ်သည်။
ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့အပြင် အခြားသောမြို့ကြီးအတော်များများတွင်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းမှုမဖြစ်ပွားခင်ကတည်းက ချင်းလူမျိုးများ ၅ သောင်းမှ တစ်သိန်းခန့်အထိ အခြေချနေထိုင်ကြပြီး ယခု စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းမှာလည်း ချင်းလူမျိုးများ အဓိက ခိုလုံကြရသည့်နေရာဖြစ်သည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်လာပြီဖြစ်သော်လည်း မြန်မာ့နိုင်ငံရေးအခြေအနေမှာ တည်ငြိမ်အေးချမ်း မှုထက် ပို၍ ဆိုးရွားသည့် အခြေအနေဘက်သို့ဦးတည်လျှက်ရှိပြီး အိမ်နီးချင်းနိုင်ငံများသို့ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်မှုကလည်း ဒုနှင့်ဒေးရှိနေဆဲဖြစ်သည်။
မြန်မာ့နိုင်ငံရေး၏ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသော စစ်ရေးပဋိပက္ခကြီးထွားလာမှုသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအတွက်လည်း ဝန်ထုတ်ဝန်ပိုးတစ်ခုလိုဖြစ်စေခဲ့သည်။ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီ၏ လူ့ အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံက သိန်းနှင့်ချီသောပြည်သူများသည် အိမ်နီးချင်း ထိုင်း နှင့် အိန္ဒိယ နိုင်ငံကို ထွက်ပြေးခိုလုံနေကြရသည်။
မြန်မာအနောက်ဘက်ဒေသ ချင်းပြည်နယ်၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသက ပြည်သူများသည် အိန္ဒိယနိုင်ငံအရှေ့ မြောက်ဒေသ မီဇိုရမ်ပြည်နယ် နှင့် မဏိပူရ်ပြည်နယ်တို့တွင် အများစုဝင်ရောက်ခို လုံနေကြရပြီး မြန်မာနိုင်ငံမှာ နိုင်ငံ ရေးအခြေအနေတည်ငြိမ်အေးချမ်းမှုမရှိမချင်း စစ်ဘေးရှောင်များလည်း တိုးလာမည့်အခြေအနေတွင်ရှိနေသည်။
နှစ်နိုင်ငံနယ်စပ်တလျှောက်ကနေ ထားဆီးပိတ်ပင်၍မရဘဲ မြန်မာဘက်က စစ်ဘေးရှောင်များ အလျှိုလျှို ဝင်ရောက် လာနေသောအခြေအနေမျိုးတွင် အိန္ဒိယ ဗဟိုအစိုးရက မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန်နှင့် နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် FMR ကိုဖျက်သိမ်းရန် စီစဉ်လာခဲ့သည်။
|| အိန္ဒိယက ဘာကြောင့် ခုလိုစီစဉ်ရတာလဲ
အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က အမျိုးသားလုံခြုံရေးကိုအကြောင်းပြ၍ အိန္ဒိယ-မြန်မာနယ်စပ်ကိုခြံစည်းရိုး ခတ်ရန်နှင့် နှစ်နိုင်ငံကြား လွတ်လပ်စွာြဖတ် သန်းသွားလာခွင့် FMR စနစ်တို့ကို ဖျက်သိမ်းရန် ယခုနှစ်ဆန်းပိုင်းက စတင် ထုတ်ဖော်ပြောဆိုလာခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ နှင့် ဘဂ်လားဒေရှ့်နိုင်ငံကြား ခြံစည်းရိုးခတ်သကဲ့သို့ ကီလိုမီတာ ၁၆၀၀ ကျော်( မိုင်၁၀၀၀နီးပါး) ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ်ကို ခြံစည်းရိုးခတ်သွားမည့်အပြင် အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်သည့်ပြည်သူများ ဗီဇာ မလို ဘဲ ဟိုဘက် ဒီဘက်နယ်မြေအတွင်း ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာခွင့်စနစ်ကိုလည်း ဖျက်သိမ်းမည်ဟု Amit Shah ပြောဆိုခဲ့ သည်။
Free Movement Regime ဆိုသည်မှာ ၁၉၆၈ ခုနှစ်ကတည်းက ပြဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေကို ထောက်ရှုခြင်းအားဖြင့် စစ်ရေးပဋိပက္ခများ ပို၍ပြင်းထန်လာမည့် အရိပ် အယောင်ရှိနေပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို ပိတ်ပင်ဟန့်ထားနိုင်ရန်ထိုကဲ့သို့စီစဉ်ခြင်းဖြစ်နိုင် သည်ဟုလေ့လာသူများကသုံးသပ်ကြသည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar ကလည်း အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်း သည် အိန္ဒိယနိုင်ငံလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရန်ဖြစ်သည်ဟု ပြီးခဲ့သည့်ဧပြီလ ၁၁ ရက်နေ့က မီဇိုရမ်ပြည် နယ်ထဲ လာရောက်စဉ်မှာ ပြောဆိုသွားခဲ့သည်။
“ အိမ်နီးချင်းနိုင်ငံကနေ မကောင်းမှုဒုစရိုက်တွေ၊ မူးယစ်ဆေးဝါးတွေအမြောက်အများဝင်လာတယ် ဒါဟာ အိမ်နီးချင်း နိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ တရားဉပဒေစိုးမိုးရေးထိထိရောက်ရောက်မလုပ်နိုင်တော့တာကြောင့်ဖြစ်တယ်၊ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ မိမိကိုယ်ကိုကြိုတင်ကာကွယ်ဖို့ကအရမ်းအရေးကြီးပါတယ်” ဟု အိန္ဒိယပြည်ပ ရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar ကပြောဆိုခဲ့သည်။
အထက်ပါ ပြောစကားများကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိတော့ဘူး၊ မူးယစ်ဆေးဝါး များနယ်စပ်ကတဆင့် အလုံးအရင်းဖြင့်ဝင်ရောက်လာမှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုတိုးလာခြင်းတို့ ကြောင့်ဟု နားလည်ရသည်။
ထို့အပြင် ယခုကဲ့သို့ နယ်စပ်ခြံစည်းရိုးခတ်ရန်ဖြစ်လာရခြင်းမှာ ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့က မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သည့် ကသည်းလူမျိုး နှင့် လူနည်းစုတောင်တန်းသားများ ကူကီး-ဇိုမျိုးနွယ်စုများအကြားဖြစ်ပွားသော လူမျိုးရေး အဓိကရုန်းကြောင်းလည်း ပါဝင်မည်ဟု လေ့လာသူများကယူဆကြသည်။
ယင်းအဓိကရုန်းမှာ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာကြသော ကူကီးမျိုးနွယ်စုများကြောင့် ပြသနာပိုမိုကြီးထွား ရသည်ဟုဆိုကာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုကို ဟန့်ထားနိုင်ရန် နယ်စပ်ခြံစည်းရိုးခတ်ရန်လိုအပ် ကြောင်း မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် အဲန် ဘီရန်းဆင့်ကပြောဆိုခဲ့ဖူးသည်။
ထို့ကြောင့် အိန္ဒိယဗဟိုအစိုးရသည့် အနှေးနှင့်အမြန်ဆိုသလို အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် ဆက်လက်လုပ်ဆောင်လာဖွယ်ရှိပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ သုံးစွဲမည်ဟု အစိုးရနှင့်နီးစပ် သော သတင်းအရင်းအမြစ်ကို ကိုးကားပြီး ပြီးခဲ့သည့်မတ်လကုန်ပိုင်းမှာ ရိုက်တာ သတင်းမှာ ဖေါ်ပြထားသည်။
|| နယ်စပ်ခြံစည်းရိုးခတ်ပြီး FMR ကိုဖျက်သိမ်းလျှင် ဘယ်လိုဆက်ဖြစ်နိုင်လဲ
မြန်မာနှင့် အိန္ဒိယပြည်သူများသည် Free Movement Regime အရ ဗီဇာမလိုဘဲ နယ်စပ်တချက်တစီ၏ ၁၆ ကီလို မီတာအတွင်း လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ရှိကြသည်။ တကယ်၍ FMR ကို ဖျက်သိမ်းလျှင် မီဇိုရမ် ပြည်နယ် ဘက်ကိုသွားမည်ဆိုပါက ဗီဇာ၊ ပါစ်စပို့များလိုအပ်လာမည်ဖြစ်သည်။
အထူးသဖြင့် ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တစ်လျှောက်ရှိ ပြည်သူများသည် နိုင်ငံတကာနယ်နိမိတ်မျဉ်းက ခြားထားသော်လည်း သာရေး၊ နာရေးစသည့် လူမှုရေး ကိစ္စအဝဝမှာ ရှေးယခင်ကတည်းက လွတ်လပ်စွာဟိုဘက် ဒီဘက် ကူးလူးဆက်ဆံမှုရှိကြသူများဖြစ်ကြပြီး အကယ်၍ နယ်စပ်ခြံစည်းရိုးခတ်မည်ဆိုပါက ထိုအရာများထိခိုက် လာနိုင်မည်ဟု အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ် ရိခေါခါရ်မြို့က အသက် ၆၀ အရွယ်ခန့်ရှိဖြစ်သော ပူးမှိန်းငါ ကပြောသည်။
“ ကျနော်တို့ ချင်းတောင်ဘက်ကလူတွေဆိုရင် ဇိုခေါထာရ်(နယ်စပ်ရွာ)ထိပဲမဟုတ်ဘူး အိုင်ဇောလ်မြို့၊ ကျန်ဖိုင်းမြို့ (မီဇိုရမ်ပြည်နယ်ထဲ) ဘက်ထိကို သာရေး နာရေးကိစ္စမှာ သွားကြတယ် အဲလိုဘဲ ဟိုဘက်ကလူတွေလည်း ဒီဘက်ကို လာကြတယ် နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဟိုဘက်ဒီဘက် ပြည်သူတွေက အပြန်အလှန်ကူးလူးဆက်ဆံမှုရှိကြတယ် ဆိုတော့ အဲလိုဖြစ်လာလို့ရှိရင် အဲဒါတွေအားလုံးက ထိခိုက်သွားနိုင်တယ် ၊ လူဆိုတာက ဖုန်းကနေပဲစကားပြေတာထက် လူချင်းတွေ့ကြပြီး အပြန်အလှန်ပြောဆိုမှ ပိုပြီးရင်းနှီးမှု၊ စည်းလုံးမှုရှိတယ်လေ မိသားစုအတွင်းမှာဖြစ်ဖြစ်ပေါ့ ဆိုတော့ အဲဒါတွေဟာ အရင်ကလို လွတ်လွတ်လပ်လပ်နဲ့ သွားလာပြီးတွေ့ဆုံမှုတွေမရှိနိုင်တော့ဘူးဆိုရင် ကျနော်တို့ညီအကို ကြားမှာလည်း စည်းလုံးညီညွတ်မှု၊ ချစ်ခြင်းမေတ္တာ တွေလည်း လျှော့နည်းထိခိုက်လာနိုင်တာပေါ့” ဟု ပူးမှိန်းငါက ပြောသည်။
ထို့အပြင် ချင်းတောင်ဘက်ကဒေသခံအများစုသည် ၎င်းတို့တောင်ယာထဲကထွက်သော မုန်ညင်း၊ ပြောင်းဖူး၊ ဂျင်း၊ ငရုပ်သီး စသည့် တောင်ယာထွက်သီးနှံများကို တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို သွားရောက်ရောင်းချလေ့ရှိ ကြသည့်အတွက် နယ်စပ်ကိုပိတ်ချလိုက်မယ်ဆိုရင် အသက်မွေးဝမ်းကျောင်းအတွက်ပါ ထိခိုက်လာနိုင်သည်ဟု ပူးမှိန်းငါက ဆိုသည်။
“ကျနော်တို့လည်း မုန်ညင်းတွေစိုက်ပြီး မီဇိုရမ်ဘက်ကို ပို့လေ့ရှိတယ် အိမ်တိုင်းလိုလိုစိုက်ကြတယ်၊ အဲလိုပဲ ဂျင်း၊ ငရုပ်သီး၊ ပြောင်းဖူးတွေကိုစိုက်ပြီး ဟိုဘက်ကိုအဓိကပို့ကြတယ် နိုင်ငံရေးအခြေအနေက ဒီလိုဖြစ်နေတဲ့အချိန်မှာ အဲဒီဟာလေး တွေကို မီဇိုရမ်ပြည်နယ်ဘက်ကို တင်ပို့ရောင်းချပြီး စားဝတ်နေရေးကိုဖြေရှင်းနေရတာဖြစ်ပါတယ် နယ်စပ်တွေခြံစည်း ရိုးခတ်လာမယ်၊ နှစ်နိုင်ငံကြားလွတ်လပ်စွာသွားလာခွင့်စနစ်တွေ ဖျက်သိမ်းလိုက်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့တောင်ယာထဲကထွက်တဲ့ အသီးအနှံတွေ၊ ပြောင်းဖူးတွေ၊ ငရုပ်သီး၊ ဂျင်းတွေက ဟိုဘက်ကို လွတ်လွတ် လပ်လပ်ရောင်းလို့ရတော့မှာမဟုတ်ဘူး” ဟု ပူးမှိန်းငါကပြောသည်။
အလားတူ အိန္ဒိယ-မြန်မာနယ်စပ် ရိ-ဇိုခေါထာရ် ကုန်သွယ်ရေးအခြေအနေမှာလည်းထိခိုက်လာနိုင်ပြီး နယ်စပ်ကုန် သွယ်ရေးကိုဗဟိုပြု၍ အသက်မွေးဝမ်းကျောင်းပြုနေသူ ဒေသခံများသည် ပို၍ဒုက္ခရောက်လာနိုင်သည်ဟု နယ်စပ်မှာ နေထိုင်သူဒေသခံတစ်ဦးကပြောသည်။
“ ဟိုတလောတုန်းကလည်း အာသံရိုင်ဖယ်တပ်ဖွဲ့က နယ်စပ်ကို ၃/၄ ရက်လောက် ပိတ်ချလိုက်ပြီး မြန်မာဘက်က လူတွေ၊ ကုန်ပစ္စည်းတွေ ဘာတစ်ခုမှအဝင်မခံလို့ ကျနော်တို့ဘက်ကလူတွေကော သူတို့ဘက်လူတွေကောအကုန် ဒုက္ခရောက်ကျတယ်လေ၊ ရိ နဲ့ ဇိုခေါထာရ်ဆိုတာ နယ်စပ်မျဉ်းကသာခြားတာ တရွာလိုနေကြတာ အခြေခံလိုအပ်ချက် စားကုန်သောက်ကုန်တွေဆို ဒီတိုင်းပဲ နယ်စပ်တံတားကိုဖြတ်ပြီး ဝယ်ယူသွားလာနေကြတာ၊ FMR ကိုဖျက်သိမ်းပြီး နယ်စပ်ကိုကာလို့ကတော့ ကျနော်တို့ပဲမဟုတ်ဘူး မီဇိုရမ်ဘက်ကလည်းအတော်လေးဒုက္ခရောက်သွားနိုင်တယ်” ဟု နယ်စပ်ဒေသခံတစ်ဦးကပြောသည်။
|| ဒေသတွင်းပြည်နယ်အစိုးရတို့၏ တုံ့ပြန်ချက်
အိန္ဒိယအရှေ့မြောက်ပြည်နယ် ၄ ခု ဖြစ်သည့် မီဇိုရမ်၊ မဏိပူရ်၊ နာဂလဲန်း နှင့် အာရွန်းနာချာလ်ပရာဒေရှ့် ပြည်နယ်များ သည် မြန်မာနှင့်ထိစပ်နေသည်။ နယ်စပ်ခြံစည်း ရိုးခတ်ရန်နှင့် ကီလိုမီတာ ၁၆ အတွင်းလွတ်လပ်စွာသွားလာခွင့်ဖျက် သိမ်းမည့် အိန္ဒိယဗဟိုအစိုးရ၏အစီစဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်တစ်ခုတည်းကသာ ကန့်ကွက်ကြောင်း ထုတ် ဖော် ပြောကြားခဲ့သည်။ ကျန်ပြည်နယ် ၃ ခုက နှုတ်ဆိတ်နေကြပြီး ယင်းကိစ္စအပေါ်ပြောဆိုမှုများ မကြားရပေ။
မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်ကို လက်ခံစောင့်ရှောက်ပေးနေသည့် ပြည်နယ် ဖြစ်ပြီး ဗဟိုအစိုးရက စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့ရန် ဖိအားပေးသော်လည်း မိမိတို့၏ မျိုးနွယ်စုတူညီအကိုများ အား စစ်အာဏာရှင်လက်ထဲ နေရပ်ပြန်မပို့နိုင်ဟု မိုဒီအစိုးရကို အာခံခဲ့သည်ပြည်နယ်ဖြစ်သည်။
မီဇိုရမ်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာသည် ယခုနှစ်ဆန်းပိုင်းက နယူးဒေလီမြို့တွင် အိန္ဒိယ ဝန်ကြီး ချုပ်၊ ပြည်ထဲရေးဝန်ကြီးများနှင့် တွေ့ဆုံစဉ်မှာ နယ်စပ်ခြံစည်းရိုးခတ်ရန်နှင့် လွတ်လပ်စွာသွားလာခွင့်စနစ် ဖျက်သိမ်း မည့်အပေါ် သဘောမတူနိုင်ကြောင်း အကယ်၍ မဖြစ်မနေခြံစည်းရိုးခတ်မည်ဆိုပါက မီဇိုရမ်ပြည်နယ် အတွင်း ဆောင်ရွက်ခြင်းမပြုရန်တောင်းဆိုခဲ့သည်။
ယခုအသုံးပြုနေသောအိန္ဒိယ-မြန်မာနယ်နိမိတ်သည် ဌာနနေတိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒမပါဘဲ ဗြိတိသျှ အစိုးရက အတင်းအဓမ္မသွက်သွင်း သတ်မှတ်ပေးခဲ့သော နယ်နိမိတ်သာဖြစ်သည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ကပြောသည်။
ဗြိတိသျှကိုလိုနီအစိုးရကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်နိုင်ငံတို့တွင် ပိုင်းခြားခံရသော ဇိုး(ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်စုစည်းနေထိုင်နိုင်မည့်အချိန်ကို မျှော်လင့်စောင့်စားနေစဉ်မှာ ယခုကဲ့သို့ မိမိ တို့မျိုးနွယ်စုများအား ထပ်မံပြီးပိုင်းခြားစေမည့် ဝေးကွာစေမည့် နယ်စပ်ခြံစည်းရိုးခတ်မည့်ကိစ္စကို လက်မခံ နိုင် ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ကပြောဆိုခဲ့သည်။
ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စစ်မျက်နှာအသီးသီးမှ သိမ်းပိုက်အုပ်ချုပ်ခဲ့သော ချင်း-လူရှိုင်းနှင့် စစ်တကောင်းတောင် တန်းဒေသက ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စု အားလုံးအား စုစည်းပြီး အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် ထားရှိသင့်သည်ဟု သဘောရှိလာကြသောကြောင့် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ ( ၂၅-၂၉ ) ရက်နေ့တွင် သမိုင်း၀င် ချင်း – လူရှိုင်း ကွန်ဖရင့် ( Chin – Lushai Conference ) ကို ကလကတ္တားမြို့ Fort Williams တွင် ဗြိတိသျှ ဘုရင်ခံချုပ်၏ ခွင့်ပြု ချက်အရ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု ယင်းညီလာခံမှတ်တမ်းနှင့် ချင်းသမိုင်းကြောင်းအရသိရသည်။
အဆိုပါ ချင်း – လူရှိုင်း ကွန်ဖရင့် ဆုံးဖြတ်ချက်အရ ဗြိတိသျှတို့က ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်များသည် မျိုးနွယ်စုတူများ ဖြစ်သောကြောင့် အုပ်ချုပ်ရေးနယ်မြေတစ်ခုအောက်မှာ ပြန်လည်ထားရှိသင့်သည်ဟုဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့ချိန် ထိအကောင်အထည်ဖော်မလာဘဲ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့်သုံးနိုင်ငံတွင် ကွဲပြားနေထိုင်နေကြရဆဲဖြစ် သည်။
|| ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများ၏ တုံ့ပြန်ချက်
မီဇိုရမ်ပြည်နယ်တွင် ဩဇာတက္ကမအကြီးဆုံး အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် Central Young Mizo Association (CMYA) အပါအဝင် မီဇိုးကျောင်းသားသမဂ္ဂ(MZP) နှင့် ဇို(ချင်း) မျိုးနွယ်စုများပြန်လည်ပေါင်းစည်းရေးလှုပ်ရှားဆောင် ရွက်နေသော (ZORO) အဖွဲ့တို့ကလည်း အိန္ဒိယဝန်ကြီးချုပ် နှင့် ပြည်ထဲရေးဝန်ကြီးထံသို့ ၎င်းတို့၏ အစီစဉ်ကိုပြန်လည် သုံးသပ်ရန် တောင်းဆိုသည့် အိပ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြသည်။
“ နယ်စပ်ခြံစည်းရိုးခတ်လိုက်ပြီဆိုရင် အပြန်အလှန်သွားလာဖို့အတွက် ပါစ်စပို့၊ ဗီဇာတွေလိုလာမယ် ဒါကြောင့် ဇိုး (ချင်း) မျိုးနွယ်များအကြား ကူးလူးဆက်ဆံရေးဖြတ်တောက်ဖို့လုပ်ဆောင်တဲ့အစီအမံကို ပြန်သုံးသပ်ပေးဖို့ အိန္ဒိယ ဗဟို အစိုးရက အလေးအနက်တောင်းဆိုပါတယ်” ဟု ယခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ZORO အဖွဲ့ တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း ZORO အဖွဲ့၏ ဦးဆောင်မှုဖြင့် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ် ရေး စခန်း ဇိုခေါထာရ်ကျေးရွာတွင် FMR ဖျက်သိမ်းမှုနှင့် နယ်စပ်ခြံစည်းရိုး ခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကြောင်း ရာနှင့်ချီ သောဒေသခံပြည်သူများကဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ယင်းဆန္ဒဖော်ထုတ်မှုတွင် ZORO ဥက္ကဌ က အိန္ဒိယ-မြန်မာ-ဘဂ်လားရှေ့်နိုင်ငံတွင် နေထိုင်ကြသော ဇိုး(ချင်း) မျိုးနွယ် စုများသည် တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး မိမိတို့မျိုးနွယ်စုများအား မည်သည့်အရာကမှ ပိုင်ခြား၍မရ ကြောင်း၊ အိန္ဒိယဗဟိုးအစိုးရက FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ခြင်းသည်ဟု ကုလသမဂ္ဂဌာနေတိုင်း ရင်းသားဆိုင်ရာကြေညာစာတမ်းအား ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
မီဇိုးကျောင်းသားသမဂ္ဂ(MZP) ကလည်း အိန္ဒိယနှင့် မြန်မာနိုင်ငံတွင်နေထိုင်ကြသော ဇို(ချင်း)လူမျိုးများသည် ရှေးယခင် ကတည်းက သာရေး၊ နာရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်ကူးလူးဆက်ဆံသူများဖြစ်ကြပြီး အိန္ဒိယ အစိုးရအစီအမံသည် မိမိတို့မျိုးနွယ်စုများအကြား ပေါင်းကူးဆက်သွယ်သွားလာမှု၊ စည်းလုံးမှု၊ ချစ်ကြည်ရင်းနှီး မှု အား ပိတ်ပင်ဟန့် တားမည့်အခြေအနေမှာရှိနေသည်ဟုပြောဆိုသည်။
အိန္ဒိယသည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (United Nations Declaration on the Rights of the Indigenous Peoples) ကို လက်မှတ်ထိုးထားသောနိုင်ငံဖြစ်ပြီး ယခုကဲ့သို့ နယ်စပ် ခြံစည်းရိုးခတ်ပြီး နှစ်နိုင်ငံပြည်သူများလွတ်လပ်စွာသွားလာခွင့်စနစ်ဖျက်သိမ်းမည်ဆိုပါက ၎င်းတို့လက်မှတ်ထိုးထားသော ကုလသမဂ္ဂကြေညာစာတမ်းကို ချိုးဖောက်ရာရောက်မည်ဖြစ်ကြောင်း မီဇိုရမ် ပြည်နယ်ကအရပ်ဖက်အဖွဲ့အစည်း များက ထောက်ပြကြသည်။
ယင်း ကြေညာ စာတမ်း အပုဒ် ၃၆ တွင် “ဌာနေတိုင်းရင်းသားလူမျိုးများ အထူးသဖြင့် နိုင်ငံတကာနယ်စပ်များဖြင့် ပိုင်းခြားခြင်း ခံရသော လူမျိုးများသည် ၎င်းတို့အချင်းချင်းအပြင် နယ်စပ်တဘက်ခြားရှိ အခြားလူမျိုးများနှင့်ပါ ဝိညာဉ်ရေးရာ၊ ယဉ်ကျေးမှု ဆိုင်ရာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာရည်ရွယ်ချက်များအတွက် ဆောင်ရွက် မှုများအပါအ၀◌င် ဆက်သွယ်မှု များ၊ ဆက်ဆံရေးများနှင့် ပူပေါင်းဆောင်ရွက်ခြင်းများကို ထိန်းသိမ်း၍ဖန်တီးဖွံ့ ဖြိုးစေပိုင်ခွင့်ရှိသည်” ဟု အတိအလင်း ဖော်ပြထားသည်။
|| အနှစ်ချုပ်
မည်သို့ပင်ဆိုစေကာမူ အိန္ဒိယဗဟိုအစိုးရသည် ယခုကဲ့သို့ မြန်မာနယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် နှင့် နှစ်နိုင်ငံ ပြည်သူများ လွတ်လပ်စွာသွားလာခွင့်ဖျက်သိမ်းရန် စီစဉ်လာရခြင်းသည် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး စစ်ရေးအခြေအနေ ထိမ်းမနိုင်သိမ်းမရဖြစ်လာသည့်ကိစ္စကြောင့်ဟုဆိုရပေမည်။
စစ်တပ်က အာဏာမသိမ်းဘဲ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည် ပုံမှန်အတိုင်းဆက်လက်သွားနိုင်ပါက အိန္ဒိယအစိုးရ အနေဖြင့် ယခုကဲ့သို့စီစဉ်လာမည်မဟုတ်ကြောင်း ယုံကြည်ရသည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဖြစ်သော တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော စစ်ဘေးရှောင်အရေး၊ တရားဥပဒေစိုးမိုးမှုယိုယွင်းပျက်စီးမှုကြောင့် နယ်စပ်ကတဆင့် မူးယစ်ဆေးဝါးများအလုံးအရင်းဖြင့်ဝင်ရောက်လာမှု၊ တရားမဝင်လက်နက်မှောင်ခိုတင်သွင်းမှုမြင့် တက်လာခြင်း နှင့် မဏိပူရ်ပြည်နယ်က လူမျိုးရေးအဓိကရုန်းများကြောင့်ဟု နားလည်ရသည်။ ဒီထက် နက်နဲ၍ မသိနိုင် သောအကြောင်းအရာများလည်းရှိနိုင်သည်။
အိန္ဒိယဗဟိုအစိုးရသည် အာဏာသိမ်းစစ်ကောင်စီနှင့် ယနေ့ချိန်ထိဆက်ဆံရေးကောင်းမွန်နေဆဲဖြစ်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်မှာလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အိန္ဒိယဘက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်း များ ရယူနိုင်ခြင်းမရှိအောင် ယခုကဲ့သို့ စီစဉ်ရခြင်းလည်းဖြစ်နိုင်သည်ဟု လေ့လာသုံးသပ်သူတစ်ချို့ကယူဆနေကြ သည်။
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ကတော့ အိန္ဒိယဗဟိုအစိုးရကနေ အတင်းအကြပ်အကောင်အထည်ဖော်ဆောင်လာမည်ဆို ပါက ပြည်နယ်အစိုးရအနေဖြင့် လွန်ဆန်၍ရနိုင်မည်မဟုတ်ကြောင်း ယခုနှစ်ဆန်းပိုင်းက သတင်းစာရှင်းပွဲတွင်ပြောဆိုခဲ့ သည်။
သို့သော်လည်း အရပ်ဖက်အဖွဲ့အစည်း ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ တတ်နိုင်သည့်ဘက်ကနေ ဆန့်ကျင် ကန့်ကွက်ရမည်မှာ မိမိတို့တာဝန်ဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာ့အကြီးဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် ယခင်ခေတ်အဆက်ဆက်ကတည်းက အမျိုးသားအကျိုး စီးပွားကိုသာကြည့်တတ်ပြီး အိမ်နီးချင်းနိုင်ငံတွင် မည်မျှပင်ဒီမိုကရေစီဆိတ်သုဉ်းနေလင့်ကစား သူ၏ အမျိုးသား အကျိုးစီးပွားအတွက်ဆိုလျှင် စစ်အာဏာရှင်ကိုလည်း လည်ပင်းဖက်ပေါင်းတတ်သည့် ဒီမိုကရေစီဘိုးအေကြီးအဖြစ် အများက ရှုမြင်ကြသည်။
ယခု FMR ကိုဖျက်သိမ်းကာ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်မှာလည်း လူနည်းစုဌာနေတိုင်းရင်းသားများ၏ အခွင့် အရေး၊ သဘောထားဆန္ဒကို ဘယ်လောက်ထိ အလေးအထားသလဲ ဆိုသည့်အပေါ်တွင် မူတည်နေပေလိမ့်မည်။
သိပ်မကြာတော့သည့် အချိန်ကာလမှာ ဇိုး (ချင်း) မျိုးနွယ်စုများ၏ ဂျေရုစလင်ဟု တင်စားခေါ်ဝေါ်ကြသော မီဇိုရမ်ပြည်နယ်ကို နာရေးအတွက်ဖြစ်စေ၊ သာရေးအတွက်ဖြစ်စေ၊ အလည်အပတ်အနေနှင့်ဖြစ်စေ ယခုလက်ရှိအခြေအနေအတိုင်း လွပ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ရှိနိုင်ပါဦးမလားဆိုသည်ကို စောင့်ကြည့်ကြရမည်ဖြစ်သည်။