ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီစခန်းများကို တိုက်ခိုက်ရာတွင် ရက္ခိုင့်တပ်တော် AA အား စစ်ကူခေါ်ယူခြင်းကို ကန်ပက်လက်တိုက်နယ် ၂ ခုမှ ပြည်သူများကကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြသည်။
ကန်ပက်လက်မြို့နယ်အတွင်းမှ တိုက်နယ် (၅) နှင့် တိုက်နယ် (၇) မှ ဒေသခံပြည်သူများက ကန့်ကွက်ခြင်းဖြစ်ကြောင်း မတ်လ ၆ ရက်မှာ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော် (AA) ကို ကန်ပက်လက်မြို့နယ်ထဲ လာရောက်စစ်ကူရန် ဖိတ်ခေါ် မှုကြောင့် တိုက်နယ်အမှတ် (၅) ဒေသအတွင်း ရက္ခိုင့်တပ်တော် AA နေထိုင်ခြင်း၊ သွားလာလှုပ်ရှားမှုများကို လုံးဝ လက်မခံ ကြောင်း၊ ပြသနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဖိတ်ခေါ်သူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်းရမည် ဖြစ်ကြောင်း တိုက်နယ်အမှတ် (၅) ဒေသ ပြည်သူလူထု၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တိုက်နယ်အမှတ် (၇) ဒေသတွင်လည်း ရက္ခိုင့်တပ်တော် (AA) က မတ်လဆန်းပိုင်းမှစ၍ စစ်အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း၊ AA/ ULA တပ်ဖွဲ့များ မိမိဒေသအတွင်း နေထိုင်ခြင်း၊သွားလာ လှုပ်ရှားခြင်းများကို လုံးဝ လက်မခံ ကြောင်း တိုင်နယ်အမှတ် (၇) ဒေသခံပြည်သူများက ထုတ်ပြန်ကြောင်း သိရသည်။