(04SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ညောင်ပင်သာရပ်ကွက်ရှိ မြို့မဈေးတွင် ပန်းရောင်းသူနှင့် ပန်းပန်သူ အမျိုးသမီးများအား ယနေ့ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကလေးမြို့ ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် စစ်တပ်ဝတ်စုံမဟုတ်ဘဲ အရပ်သားဝတ်စုံများဝတ်ကြကာ ၎င်းတို့အား ကလေးမြို့အရှေ့ ရဲစခန်းသို့ ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့သို့ စစ်ကောင်စီတပ်များ ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ပန်းရောင်းဈေးသည်နှင့် ပန်းပန်အမျိုးသမီးမှာ အယောက် ၂၀ ကျော်ရှိသည်ဟု သိရသည်။
ထို့နောက် စစ်ကောင်စီတပ်များသည် မြို့မစျေးတွင်သာမက ကလေးမြို့ လမ်းစုံလမ်းခွနေရာအနှံ့ ကင်းစောင့်နေကြပြီး လမ်းသွားလမ်းလာများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့က မနက်ကတည်းက စစ်သားတွေပဲပြည့်နေတယ်။ လမ်းသွားလမ်းလာတွေကို စစ်တယ်၊ မနက်ကတည်းကနေ နေ့ခင်းထိ ရှိကြတယ်။ ဒီမနက်လဲ ပန်းပန်တဲ့သူတွေရော ပန်းရောင်းတဲ့သူတွေရော ဖမ်းကြတာဆိုတော့ ဒီနေ့ကတော့ ပန်းပန်တဲ့သူရှိမလားဆိုတာ အဓိကစစ်တာနေမှာ” ဟု ၎င်းကပြောသည်။
လက်ရှိ ကလေးမြို့ လူစည်ကားသည့် လမ်းစုံလမ်းခွများနှင့် ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်များသည် အသွားအလာစစ်ဆေးမှုများ ပြုလုပ်ကြပြီး အထူးသဖြင့် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ စစ်ဆေးကာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်လိုင်စင် ယူဆောင်ခြင်းမပြုသူများအား ဒါဏ်ငွေ ၅၀၀၀၀ ကျပ်ဆောင်ခိုင်းကြောင်း စစ်ဆေးခံခဲ့သူတစ်ဦးက ပြောသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပြည်သူများသည် အနယ်နယ်အရပ်ရပ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မွေးနေ့အား ဂုဏ်ပြုကာ အာဏာသိမ်းစစ်တပ်အုပ်ချုပ်မှု မလိုလားကြောင်း ဖော်ပြသည့်အနေဖြင့် ပန်းသပိတ်ဆင်နွှဲ ကြသည်။