ကလေးမြို့တွင် ယနေ့ဇွန်လ ၂၁ ရက်နေ့၌ ကိုဗစ် သံသယလူနာ ၅ ဦးအပါအဝင် ကိုဗစ် ၁၉ ရောဂါကြောင့် စုစုပေါင်း ၆ ဦးသေဆုံးမှုရှိခဲ့သည်ဟု သိရသည်။
“ဒီနေ့ကတော့ Positive (၁) ဦးနဲ့ သံသယလူနာ နေအိမ်အတွင်း ကုသမှုခံယူဆဲ (၅) ဦး ဆုံးသွားတယ်၊ လက်ရှိမှာ ကျနော်တို့ရင်ဆိုင်နေရတဲ့ ဆိုင်ခေါ်မှုလို့ ပြောရမှာပေါ့ အစိုးရနဲ့ ကျနော်တို့ကြားမှာ သံသယလူနာမှာ အခက်အခဲအနည်းငယ်ရှိတယ် အဓိကတော့ ဆေးရုံမှာကုသမှုပိုင်းမှာ အနည်းငယ်အားနည်းချက်ရှိတယ် ဆေးရုံမှာကုလို့အားနည်းချက်ကြောင့် အိမ်မှာအချို့တွေကကုသကြတယ်” ဟု ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကလေးမြို့တွင် ကိုဗစ်ပိုးတွေလူနာများကို အိပ်စွပ်ကျေးရွာရှိ အစိုးရအိမ်ယာတွင် ယခင်ကထားရှိသော်လည်း ပိုးတွေ့လူနာများပြားလာသည့်အတွက် ယခုနောက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာများသည် မိမိနေအိမ်တွင် ကုသမှုခံယူနေကြရသည့်အခြေအနေဖြစ်နေသည်။
ကလေးမြို့ဒေသခံတစ်ဦးက “အခုက ကိုဗစ်ပိုးတွေ့လူနာထားတဲ့ စင်တာမှာလည်း လူနာကအရမ်းများနေပြီ၊ ကြည့်ရှုစောင့်ရှောက်ပေးတဲ့သူကလည်း အရမ်းနည်းတယ်၊ လူမလောက်တော့ဘူး၊ အာဏာသိမ်းတဲ့စစ်ကောင်စီကလည်း ဘာမှလာပြီး ဂရုစိုက်ပေးနိုင်တာမရှိဘူး၊ ပြည်သူတွေက ကိုဗစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်နေကြတဲ့သဘောဖြစ်နေပြီ” ဟု ပြောသည်။
ကလေးမြို့အတွင်းရှိ ပရဟိတအသင်းများအနေဖြင့်လည်း ကိုဗစ်ကြောင့်သေဆုံးသည့် ကိစ္စများအပါအဝင် အခြားကဏ္ဍများတွင်လည်း (PPE ဝတ်စုံ၊ သယ်ယူပို့ဆောင်ရေး၊ ဆေးဝါး) ကုန်ကျစရိတ်အား မိမိဘာသာ ကျခံနေရသည့်အတွက် ရေရည်တွင် အခက်အခဲရင်ဆိုင်ရနိုင်သည်ဟု သိရသည်။ L