စစ်ကိုင်းတိုင်း ကလေးမြို့တွင် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး သောက်ရေသန့် ၂၀ လီတာဗူးကြီး တစ်ဗူးလျှင် လက်လီ ၁၀၀၀ ကျပ်ဖြင့် စတင်ရောင်းချမှာဖြစ်ပြီး လက်ကားဝယ်ယူသူအတွက် ၉၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကလေးမြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းမှ မတ်လ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်သည်။

ကလေးမြို့တွင် လက်ရှိ သောက်ရေသန့် ၂၀ လီတာဗူးကြီးတစ်ဗူးလျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိသော်လည်း သောက်ရေသန့် စက်ရုံသုံး အခြေခံပစ္စည်းများဖြစ်သည့် စက်သုံးဆီ၊ ရေသန့်ဗူး၊ ပါကင်လိပ်နှင့် လုပ်အားခများ မြှင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ ရေသန့်ဈေးတက်ရခြင်းဖြစ်သည်ဟု သိရသည်။
ကလေးမြို့က သောက်ရေသန့် စက်ရုံတစ်ရုံမှ အမျိုးသမီးတစ်ဦးက “ကျွန်မတို့ အခုလောလောဆယ်ကပေါ့နော် နေ့ခင်းမှာ မီးမလာတော့ အဓိကစက်ရုံမှာ ဒီဇယ်ဆီနဲ့ပဲ အကုန်သုံးရတာဆိုတော့လေ။ ဒီဇယ်ဈေးကလဲ မကျနိုင်ဘူးဆိုတော့ ကြာ လာတော့ လုပ်ငန်းအတွက် နဲနဲပါးပါးတက်လိုက်ရင်ပိုပြီးအဆင်ပြေမလားပေါ့နော် ဒါကြောင့်လဲ သူတို့ရေသန့်တွေ အစည်းအဝေးခေါ်ပြီးတော့ အခုလိုဈေးတက်ရတာပါ။ ပြည်သူတွေကိုလဲ အားနာပါတယ်။ အလုပ်သမားတွေကတော့ ခါတိုင်းလိုပါပဲ အဓိက ဒီဇယ်ကြောင့် ဈေးတက်တာလို့ ပြောလို့ရပါတယ်။” ဟု ပြောသည်။
ယခုလက်ရှိ ကလေးမြို့တွင် ဒီဇယ်ဆီ ပေပါပုံးတစ်ပုံးမှာ ၇၀၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး ရေသန့်စက်ရုံများတွင် တစ်ပေပါကို နှစ်ရက် သုံးရက်ခန့်သာ အသုံးပြုနိုင်သည်ဟု ၎င်းကဆက်ပြောသည်။
ကလေးမြို့တွင် ယခုနောက်ပိုင်း ဒေသခံပြည်သူများအနေဖြင့် သောက်ရေသန့်များကို တွင်ကျယ်စွာ မှာယူသောက်သုံးလာကြပြီး ချက်ပြုရာတွင်လည်း ရေစိမ်းကိုအသုံးပြုရာမှ ရေသန့်ဖြင့် ချက်ပြုတ်ခြင်းများလည်း ပိုရှိလာသည်ဟု သိရသည်။
“အခုလို ရေသန့်ဈေးတက်လာရင်တော့လဲ မဝယ်လို့လည်းမဖြစ် ပိုပြီးချွေတာရတော့မှာပေါ့နော်၊ အရင်ကတော့ ကျွန်မတို့ ရေစိမ်းသုံးတယ် ဒါပေမဲ့ ကလေးမြို့ရေက ထုံးဓါတ်တော်တော်များတယ်လေ ဆိုတော့ ချက်ပြုတ်တဲ့အခါမှာလဲ ရေသန့်ပိုပြီး သုံးဖြစ်တယ်လေ တစ်ရက်တစ်ရက် သောက်တာရယ် ချက်ပြုတ်တာရယ်ဆိုတော့ ရေသန့်ဖိုးလဲ ဘတ်ဂျက်ထိလာပြီ” ဟု ကလေးမြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်။
တစ်ချို့ရေသန့်သုံးစွဲနေသူများသည် တစ်ရက်လျှင် ၂၀ လီတာဗူး ၂ ဗူး မှ ၃ ဗူးထိ ကုန်ကျသူများလည်းရှိသည်ဟု သိရသည်။
ကလေးမြို့တွင် TawngZalat, NewLife, CARMEL, WESLEY, ShweKalay, MyaNadi, KyanMarChanThar, Nan Khiang, B2 နှင့် NanHtiteSaan စသည်ဖြင့် သောက်ရေသန့်ရောင်းဝယ်ဖြန့်ချိသည့် စက်ရုံ ၁၀ ခုရှိပြီး ကလေးမြို့အတွင်းနှင့် ကလေးနယ်တစ်ဝိုက်တွင် ဖြန့်ချီလျက်ရှိသည်။