(006SV)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) မှ ဒုတိယစစ်ဦးစီချုပ်အပါအဝင် ရဲဘော် (၄) ဦးကျဆုံးသွားကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီလ ၂၃ ရက်တွင် စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများအတွင်း ကလေးမြို့နယ်ထဲက တစ်နေရာတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) မှ ဒုတိယစစ်ဦးစီချုပ် နှင့် ၎င်း၏ ကိုယ်ရံတော် ရဲဘော် (၂) ဦးတို့ စောင့်ကြိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားကြောင်း CNO/CNDF မှ တာဝန်ရှိသူက ပြောသည်။
ကလေးမြို့နယ်၊ စက္ကန့်ရွာ တိုက်ပွဲတွင်လည်း CNO/CNDF အဖွဲ့မှ ဦးဆောင်သူတွေထဲက ရဲဘော်ဖြစ်သူ ဆလိုင်းမန်ပူ လည်း ကျဆုံးခဲ့ရကြောင်း သိရသည်။
“ကျနော်တို့ ရဲဘော်တွေ အကြီးဆုံးကနေ အငယ်ဆုံးတပ်သားအဆင့်အထိဟာ အားလုံးဟာ မိမိမှာ အပိုမပါတဲ့ အသက်တစ်ချောင်းကို ရင်းနှီးပြီးမှ တော်လှန်ရေးတိုက်ပွဲဝင်ကြတယ်။ တစ်နေ့နေ့ တချိန်ချိန်တော့ ကျနိုင်တယ်။ ရှေ့တန်းမှာ သွားရင် ဘယ်သူမဆို ကြုံနိုင်တယ်ဆိုတာ သိပြီးတော့ ဒီတော်လှန်ရေးကို ဆင်နွှဲရတာဖြစ်တဲ့ အတွက် ကြောင့် ဆုံးရှုံးတာတောင် အခုထိ စကားလုံးကို ဘယ်လို ဖော်ထုတ်ရမလဲဆိုတာ လုံးဝ မသိသေးတဲ့ အနေအထားအထိ ခံစားရတယ်။ အလာတူးပဲ ကျနော်တို့ရဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့အတွက်ကြောင့် ကျန်တဲ့ ရဲဘော်တွေလည်း တော်တော်ကို ဝမ်းနည်းကြေကွဲကြပါတယ်။ ကျနော်တို့ ဒီသူ့ရဲ့ ခေါင်းဆောင်ပီသစွာ ရဲရဲဝင့်ဝင့် အသက်ပေးသွားတဲ့အတွက်ကြောင့် ကျနော်တို့ဟာ နောက်ဆုတ်တဲ့ စိတ်ဓါတ်ကျတဲ့အပိုင်းထက် ပိုပြီးမှ VCS နဲ့ အပေါင်းအပါအတွက် ပိုပြီးမှ ပြင်ဆင်မှု ကောင်းစွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်။ CNO/CNDF နဲ့ ကျန်ရစ်သူမိသားစုအတွက် စိတ်မကောင်းဖြစ်တဲ့ သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အကောင်းဆုံးနဲ့ ပြန်လာခဲ့ပါမယ်လို့ ပြောချင်ပါတယ်” ဟု CNO/ CNDF မှ အထွေအထွေအတွင်းရေးမှူး Salai William Chin က ပြောသည်။
ယနေ့ကျဆုံးသော ရဲဘော်များမှာ CNO/CNDF ဒုတိယစစ်ဦးစီချုပ် ဆလိုင်းဒေးဗစ်နယူး(ခ) Joshua ၊ ရဲမေ ရွှေနွန်ကိမ် (ခ) A Nge နှင့် ရဲဘော် အာမောစ်ဗန်နိုက်လျန်(ခ) Amos တို့ဖြစ်ကြပြီး ကလေးမြို့နယ် မှန်တောကျေးရွာ အနီးတိုက်ပွဲ တွင် ကျဆုံးခဲ့ကြသည်။ ဆလိုင်းမန်ပူမှာ ဖေဖော်၀◌ါရီလ ၂၂ ရက် စက္ကန့်ကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် ပျူစောထီးဘက်မှ ထိခိုက်ကျဆုံးမှု များပြားသကဲ့သို့ တောင်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များဘက်မှလည်း ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေသည်။