ဖိလစ်ပိုင်နိုင်ငံမှာ စစ်ခေါင်းဆောင်မင်းအောင်နှင့် စစ်တပ်အရာရှိ ၉ ဦးကို တရားစွဲဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ချင်းလူ့ အခွင့်အရေးအဖွဲ့ (CHRO) ၏ စီမံအရာရှိ ဆလိုင်းမာန်ဟဲလျန်နှင့်ဆက်သွယ်မေးမြန်းချက်
(006SV)
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ)၊ စစ်တိုင်းမှူး အပါအဝင် စစ်အရာရှိ ၉ ဦးတို့ကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုတို့ဖြင့် တရားစွဲဆိုတိုင်ကြားမှုကို ဖိလစ်ပိုင် တရားရုံးက နိုဝင်ဘာလ ၃ ရက်နေ့က လက်ခံလိုက်ပြီဖြစ်ဖြစ်သည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်းခဲ့မှုကြောင့် မင်းအောင်လှိုင်အပါအဝင် စစ်အရာရှိ ၁၀ ဦးတို့ကို ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO နှင့် နစ်နာသူမိသားစုဝင် ၅ ဦးတို့က ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၃ ခုနှစ်ကတရားစွဲတိုင်ကြားခဲ့ခြင်းဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင်ပယ်ချခံခဲ့ရသော်လည်း အယူခံထပ်တင်ရာမှာ နိုဝင်ဘာလ ၃ ရက်မှာ ဖိလစ်ပိုင်းတရားရုံးက အမှုတွဲ နံပါတ်များဖြင့် အမှုဖွင့်လက်ခံခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းလူ့ အခွင့်အရေးအဖွဲ့ (CHRO)၏ စီမံအရာရှိ ဆလိုင်းမာန်ဟဲလျန်ကို ဆက်သွယ်မေးမြန်းထားသည်။
မေး – မင်းအောင်လှိုင်နဲ့ စစ်အရာရှိတွေကို ဖိလစ်ပိုင်မှာ တရားစွဲဆိုတိုင်ကြားတဲ့အမှုနဲ့ပတ်သက်လို့ အယူခံထပ်တင်တဲ့ အခြေအနေ ပြောပြပေးပါဦးခင်ဗျာ၊၊
ဖြေ – ကျနော်တို့ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၃ ကတည်းကနေ ထန်တလန်နဲ့ ပတ်သက်ပြီး သတ်ဖြတ်မှုနဲ့ ထန်တလန်ကို မီးရှို့မှုပေါ့ နော်။ ဒီဟာက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို သက်သေအထောက်အထားနဲ့ ကျနော်တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လူဆယ်ယောက်ကို တရားစွဲဆိုထားတယ်။ ဒါပေမဲ့ ကျနော်တို့ အခု သုံးနှစ်နီးပါး ကြာလာတဲ့အခါမှာ ကျနော်တို့ရဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီးတော့ ဖိလစ်ပိုင် တရားရေးဌာနကနေ ပယ်ချခဲ့တယ်ပေါ့လေ။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာပဲ အခု ဖိလစ်ပိုင်ရဲ့ တရားရုံးမှာပေါ့နော်၊ တရားရုံးမှာ ထပ်ပြီးတော့ ကျနော်တို့ အယူခံဝင်တာ ဖြစ်ပါတယ်။
မေး – ဒီတရားစွဲဆိုမှုနဲ့ပတ်သက်လို့ အယူခံ ပယ်ချတဲ့ တရားရုံးနဲ့ အခု အယူခံထပ်တင်တဲ့ တရားရုံးနဲ့က အတူတူပဲလား။ တရားရုံး အခြေအနေတွေလည်း ပြောပြပေးပါဦးခင်ဗျာ။
ဖြေ – မတူဘူးပေါ့နော်။ အရင်တုန်းက ကျနော်တို့ ၂၀၂၃ က တရားစွဲဆိုတဲ့အခါမှာ ကျနော်တို့ တရားရေးဌာနမှာ တရားစွဲဆိုထား တာပေါ့နော်။ တရားရေးဌာနကနေ ကျနော်တို့ရဲ့ တရားစွဲဆိုမှုကို တရားရုံးကို လွှဲပေးရမှာ ဖြစ်တယ်။ တရားရေးဌာနကနေ တရားရုံးကို မလွှဲပေးတဲ့အတွက်ကြောင့် ကျနော်တို့ ကြားကာလမှာလည်း အဲဒီတရားရေးဌာနမှာ အယူခံဝင်မှု နှစ်ကြိမ်တိတိ လုပ်ခဲ့တယ်။ ဆိုတော့ ဒီဟာတွေလည်း အရာမထင်ခဲ့ဘူး။ အဲဒီအရာတွေ မထင်ခဲ့တဲ့အတွက်ကြောင့် အခု ကျနော်တို့ တရားရုံးမှာပေါ့နော်၊ အဲဒီဌာန မဟုတ်ဘဲနဲ့ တရားရုံးမှာ ကျနော်တို့ အယူခံဝင်ထားတာ ဖြစ်ပါတယ်။
မေး – အခု တရားရုံးက အမှုကို အယူခံဝင်တာကို လက်ခံတယ်လို့ သိရပါတယ်။ ဒီအခြေအနေက ဘယ်လိုအခြေအနေမျိုးလို့ ပြောလို့ရပါသလဲ၊၊ ဒီတရားစွဲဆိုမှုမှာ ဘယ်လိုအဆင့်လဲပေါ့နော်။
ဖြေ – အခု ကျနော်တို့ အရမ်း ဝမ်းသာတာပေါ့နော်။ အခု တရားရုံးကနေ ဒီအယူခံဝင်မှု တင်သွင်းတဲ့အခါမှာ တရားရုံးကနေ အမှုတွဲ နံပါတ်ကို ကျနော်တို့ကို ပေးထားပြီ။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ဒီတရားရုံးကနေ အခုတင်တဲ့ အမှုတွေကို သူတို့ရဲ့ နည်းဥပဒေအတိုင်း ကျနော်တို့ရဲ့ တရားစွဲဆိုမှုကို ဆောင်ရွက်ပေးလိမ့်မယ်ဆိုတဲ့ဟာကို ကျနော်တို့ ယုံကြည်ထားတယ်။ အရင်တုန်းက ဒီလိုအမှုတွဲနံပါတ်ကိုလည်း မပေးခဲ့ဘူး။ ဒီတစ်ခါ အယူခံဝင်တဲ့အခါမှာ တရားရုံးက ဒီအမှုတွဲနံပါတ်ကိုပါ ပေးတဲ့အတွက်ကြောင့်လည်း ကျနော်တို့ ဒီဟာလေးအပေါ်မှာလည်း တိုးတက်မှုတစ်ခုလို့ ကျနော်တို့က ယူဆတယ်။
မေး – ဖိလစ်ပိုင်တရားရေးဘက်က သုံးနှစ်ဝန်းကျင်အထိ အမှုကို လက်မခံခဲ့ဘူး။ အခု လက်ခံလိုက်တဲ့အတွက် ကျူးလွန်ခံရတဲ့ ချင်းပြည်သူတွေအပေါ်မှာ တရားမျှတမှုအတွက် ဘယ်လိုသက်ရောက်မှု၊ မျှော်လင့်ချက် ရှိလာပါသလဲ၊၊
ဖြေ – လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကာလမှာ ကျနော်တို့ ပြည်သူလူထု၊ အဓိကက ခံရတဲ့ Victims (ကျူးလွန်ခံရသူ) တွေပေါ့လေ။ Victims တွေအတွက် ဒီလို အချိန်ကြာကာလ စောင့်ရတာ၊ တကယ့်ကို လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ကျူးလွန်ခံရတဲ့ လူတိုင်းက ဒီတရားမျှတမှုကို သူတို့က လိုလားပြီး တောင်းတနေကြတယ်။ ဒီသုံးနှစ်ကာလအတွင်းမှာ ဒီလို အရေးယူဆောင်ရွက်ပေးတာတောင် မလုပ်ပေးဘဲနဲ့ ဒီစစ်ကောင်စီကနေ ထပ်ပြီး ချင်းပြည်နယ်မှာရော မြန်မာတစ်နိုင်ငံလုံးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက ထပ်ပြီးတော့လည်း ပိုပြီး များလာတာကို ကျနော်တို့ တွေ့ရတယ်။ ဒီဟာတွေကို ကျနော်တို့က တားဆီးနိုင်ဖို့အတွက်နဲ့ တာဝန်ယူ၊ တာဝန်ခံမှု ရှိနိုင်ဖို့အတွက်က နည်းလမ်းက ဒီ Universal Jurisdiction ကို အသုံးပြုပြီး တရားစွဲဆိုမှုက နည်းလမ်းတစ်ခု ဖြစ်လာတယ်။ အခု ထန်တလန်ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ကြည့်မယ်ဆိုရင် ခံရတဲ့ မိသားစုတွေ၊ ခံရတဲ့ ပုဂ္ဂိုလ်တွေက သုံးနှစ်အတွင်းမှာ သူတို့ လိုချင်တဲ့ တရားမျှတမှုကို မရတာက ထားလိုက်ဦး။ ထပ်ပြီးတော့တောင် စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေ ပိုပြီး ခံလာရတယ်။ စစ်ကောင်စီရဲ့ တာဝန်ယူမှု တာဝန်ခံမှု ဖြစ်နိုင်ဖို့အတွက် ဒီတရားနည်းလမ်းကို ကျနော်တို့ စောင့်နေဖို့ မဟုတ်ဘဲနဲ့ ကျူးလွန်ခံရသူတွေအနေနဲ့လည်း ရရှိနိုင်အောင်ပေါ့နော်၊ CHRO အနေနဲ့ကလည်း အတတ်နိုင်ဆုံး ကြိုးစားနေတာ ဖြစ်ပါတယ်။
မေး – ဒီတရားစွဲဆိုမှုကို CHRO အပါအဝင် နစ်နာသူ ၅ ဦးလို့ သိရပါတယ်။ နစ်နာသူတွေဟာ ဘယ်လိုလူတွေပါလဲ၊၊
ဖြေ – အခု ကျနော်တို့ရဲ့ ဒီ တရားစွဲဆိုမှုမှာ ကျနော်တို့ CHRO က အဖွဲ့အစည်းအနေနဲ့ပေါ့နော်။ ပြီးရင် ဒီနစ်နာသူကနေ ၅ ယောက်ပေါ့နော်၊ သက်သေ ၅ ယောက်ကနေ တင်သွင်းတာ ဖြစ်တယ်။ အမှုတင်သွင်းတဲ့ နေရာမှာ ကျနော်တို့ အဖွဲ့အစည်းတစ်ခုနဲ့ လူပုဂ္ဂိုလ်တွေက၊ ဒီနစ်နာသူ ၅ ယောက်က တင်သွင်းတာမျိုး မဟုတ်ဘဲနဲ့၊ ပြည်သူလူထု အားလုံးက ဒီလို တရားမျှတမှုကို တောင်းတလို့၊ မတရားမှုကို မခံနိုင်လို့၊ အခု အမှုတင်တဲ့ နေရာမှာဆိုရင် နိုင်ငံတကာမှာ ရှိတဲ့ ချင်းဘာသာရေး အဖွဲ့အစည်းတွေ၊ ချင်းလူမှုရေး အသင်းအဖွဲ့တွေကလည်း နောက်ကွယ်ကနေ ပါဝင်ပံ့ပိုးပေးတယ်။ သူတို့ရဲ့ ငွေကြေးအရ သော်၎င်း၊ သူတို့ရဲ့ ဆုတောင်းမှုအရ သော်၎င်း၊ သူတို့ရဲ့ အားပေးမှုအရ သော်၎င်း အားလုံးက ပါဝင်ပေးတာ ဖြစ်တယ်။ ဒီ ထန်တလန်ရဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ပြောတဲ့အခါမှာ ကျနော်တို့ CHRO နဲ့ နစ်နာတဲ့သူ ၅ ဦး ဆိုတာ မဟုတ်ဘဲနဲ့ ကျနော်တို့ နောက်ကွယ်မှာ ချင်းလူမျိုးတစ်ခုလုံး၊ တစ်မျိုးသားလုံး နောက်ကွယ်ကနေ ရှိပြီး သူတို့ရဲ့ ငွေကြေးရော ၊ သူတို့ရဲ့ လူအင်အားရော၊ သူတို့ရဲ့ ဆုတောင်းခြင်းရော၊ သူတို့ရဲ့ အားပေးခြင်းတွေရော ကျနော်တို့ကို ပါဝင်ပေးကြတယ် ဆိုတာ ထပ်ပြီး မီးမောင်းထိုးပြချင်ပါတယ်။
မေး – တရားစွဲဆိုမှုက မင်းအောင်လှိုင်အပါအဝင် ၁၀ ဦးလို့ သိရပါတယ်။ အဲဒီထဲမှာ ဘယ်လိုစစ်အရာရှိတွေ ဘယ်လိုလူတွေ ပါဝင်ပါသလဲ၊၊
ဖြေ – ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်ပေါ့နော်၊ ပြီးရင် ချင်းပြည်နယ်ကို ကွပ်ကဲတဲ့ ကစထ မှူးပေါ့နော်။ ပြီးရင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အမိန့်ပေးတဲ့ သူ၊ ပြီးရင် ဟားခါးမှာ ထန်တလန်ကို ကွပ်ကဲတဲ့ ဗိုလ်မှူးတွေ၊ တပ်ရင်းမှူးတွေလည်း ပါတယ်။ သူတို့ရဲ့ ကျူးလွန်မှု အဆင့်ဆင့် တာဝန်ယူ၊ တာဝန်ခံမှု၊ ပါဝင်မှုကို ကျနော်တို့ ကောင်းကောင်း မှတ်တမ်းတင်ထားတယ်။ ကျနော်တို့ အချက်အလက်တွေနဲ့တကွ ပေါ့နော်။ ဒီလို ပုဂ္ဂိုလ် ၁၀ ယောက်ကို ကျနော်တို့က အချက်အလက်တွေ ရှိတဲ့အတွက်ကြောင့် သူတို့ကို ပစ်မှတ်ထားပြီး ဒီထန်တလန်ရဲ့ အခု စစ်ရာဇဝတ်မှုရော၊ လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်မှုအပေါ်မှာ သူတို့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
မေး – ဖိလစ်ပိုင်မှာ တရားစွဲဆိုမှုနဲ့ အမှုလက်ခံမှုနဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောကြားချင်တာ ရှိရင် ပြောပါခင်ဗျာ။
ဖြေ – ဖိလစ်ပိုင်နိုင်ငံက တကယ့်ကို ဒီမိုကရေစီ နိုင်ငံ ဖြစ်တယ်။ ပြီးရင် သူတို့မှာ ဒီလို Universal Jurisdiction ဥပဒေ လမ်းကြောင်းတွေ၊ သူတို့နိုင်ငံကနေ မဟုတ်ဘဲနဲ့ တခြားနိုင်ငံမှာ ဖြစ်လာတဲ့ ၊ ဒီလို တရားမျှတမှု လမ်းကြောင်း ဖွင့်ပေးတဲ့အတွက်ကြောင့်လည်း ကျနော်တို့ အရမ်းကျေးဇူးတင်တယ်။ ပြီးရင် ဖိလစ်ပိုင်နိုင်ငံမှာ ရှိတဲ့ ဘာသာရေး အသင်းအဖွဲ့တွေ သော်၎င်း၊ ဖိလစ်ပိုင်က လွှတ်တော်အမတ်တချို့တွေကိုလည်း ကျေးဇူးတင်တယ်။ ကျနော်တို့ရဲ့ ဒီ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး သူတို့ ထောက်ခံတယ်၊ သူတို့ ပါဝင်ပံ့ပိုးပေးတဲ့အတွက်ကြောင့်လည်း ကျနော်တို့ အရမ်းကျေးဇူးတင်တယ်။

