(004SS)
ကလေးမြို့အနောက်ဘက် မွန်းလိုင်ရပ်ကွက်တွင် ယနေ့ညနေပိုင်းက ဗုံးတစ်လုံးပေါက်ကွဲပြီး ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်တွင် မွန်းလိုင်ရပ်ကွက်ရှိ နှစ်ခြင်းဘုရားကျောင်းအနီးတွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ဒီနေ့ညနေက ဗုံးတစ်လုံးပေါက်တယ် အကျယ်ကြီးပဲ၊ ကျွန်မတို့ရပ်ကွက်မှာ တိုက်ပွဲဖြစ်တာမျိူးတော့လဲ မရှိဘူး၊ ကလေးငယ်တစ်ယောက် ထိတယ်၊ ယောကျာ်းလေးပဲ ဘယ်သူဆိုတာတော့ သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကလေးမြို့အနောက်တောင်ပိုင်း မြို့လှ၊ အင်ဒိုင်းကုန်းရပ်ကွက်ဘက်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ လူနေရပ်ကွက်ထဲတွင် ခြေကုပ်ယူတပ်စွဲလာပြီးနောက် ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာလျက်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ကလည်း ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်တွင် မိုင်း ၃ လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၎င်း တို့ ၅ ဦးသည် ပြင်းထန်ဒါဏ်ရာရရှိခဲ့ကြပြီး အချို့မှာ ခွဲစိတ်ကုသမှုခံယူရသည်အထိ ဒါဏ်ရာပြင်းထန်ခဲ့ကာ ဆေးရုံတွင် ဆေးကုသမှုခံယူေနကြရဆဲဖြစ်သည်ဟု သိသည်။