ကိုဗစ်လှိုင်းလုံးကြားက ကူကယ်ရာမဲ့ ကလေးမြို့

0

(ဆလိုင်းရောဘတ်)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုဗစ်-၁၉ တတိယလှိုင်းဟာ မေလကုန်ပိုင်းကစပြီး တကျော့ပြန်ဖြစ်ပွားခဲ့ကာ အထူးသဖြင့် ချင်းပြည်နယ်နဲ့ ချင်းလူမျိူးအများစုနေထိုင်ကြတဲ့ ကလေးမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း အဆမတန်မြင့်မားနေပြီး ကိုဗစ်ကြောင့် သေဆုံးမှုတွေလည်း စံချိန်တင်မြင့်မားနေပါတယ်။

ကလေးမြို့ ခရစ်ယာန်သချိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေအထိ တစ်လအတွင်း အမျိုးသား (၁၆၈) ဦး၊ အမျိုးသမီး (၁၀၂) ဦး စုစုပေါင်း ၂၇၀ ဦး သဂြိုလ်ခဲ့ရပြီး အဲဒီထဲမှာ သိက္ခာတော်ရဆရာတော် (၁၉) ဦး၊ ကက်သလစ်ဘုန်းတော်ကြီး Father (၃) ဦးနဲ့ အသက် ၄၀ အောက် လူလတ်ပိုင်း (၂၈) ဦး ပါဝင်တယ်လို့ ကလေးမြို့ ခရစ်ယာန်သချိုင်းကော်မတီမှ စာရင်းအရ သိရပါတယ်။

ကလေးမြို့ပေါ်မှာ ကိုးကွယ်ရာဘာသာအလိုက် သချိူင်းကိုယ်စီရှိကြပြီး အဲဒီသေဆုံးမှုစာရင်းဟာ ကလေးမြို့ပေါ်က ခရစ်ယာန်ဘာသာဝင်တွေရဲ့စာရင်းသာဖြစ်ကာ တခြားဘာသာဝင်တွေသေဆုံးမှုနဲ့ ကျေးရွာဘက်က သေဆုံးမှုစာရင်းတွေကိုပါ ထည့်ပေါင်းမယ်ဆိုရင် တစ်လအတွင်း သေဆုံးမှုဟာ အယောက် ၅၀၀ နီးပါးလောက်ရှိမယ်ဆိုပြီး ခန့်မှန်းကြပါတယ်။

ဇွန်လကုန်လို့ ဇူလိုင်လထဲရောက်ရှိလာပေမယ့် ကလေးမြိုရဲ့ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းကတော့ လျှော့ကျမသွားဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ ကလေးမြို့မှာ ကိုဗစ်ရောဂါ အတည်ပြုလူနာနဲ့ သံသယလူနာသေဆုံးမှု စုစုပေါင်း ၂၂၉ ဦးရှိခဲ့ပြီး ၈ ရက်အတွင်းမှာ လူပေါင်း ၂၂၉ ဦး သေဆုံးတဲ့အတွက်ကြောင့် တစ်ရက်ကို လူ ၂၈ ဦးလောက် ပျှမ်းမျှအားဖြင့် သေဆုံးနေခြင်းဖြစ်ပါတယ်။

ကလေးမြို့မှာ ယခင် ကိုဗစ်-၁၉ ပထမနဲ့ ဒုတိယလှိုင်းဖြစ်ပွားခဲ့တုန်းကတော့ အစိုးရအဖွဲ့ကိုယ်တိုင်က ဦးဆောင်ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျန်မာရေးဌာန၊ လူ/ကယ်/ပြန်၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးကော်မတီတွေဖွဲ့စည်းပြီး စနစ်တကျ လုပ်ဆောင်ခဲ့ကြတာကြောင့် ကိုဗစ်-၁၉ ကပ်ဘေးဒဏ်ကနေ အတော်အသင့် ကာကွယ်နိုင်ခဲ့ကြသလို သေဆုံးမှုလည်း ယခုလိုမများခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ခုအခါမှာတော့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ကိုဗစ်တတိယလှိုင်းနဲ့ပတ်သက်ပြီး ထိန်းချုပ်ကာကွယ်မယ့် နည်းလမ်း၊ စီမံကိန်း၊ အကောင်အထည်ဖော်မှုတွေ တစ်ခုမှမတွေ့ရဘဲ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကိုယ်ဗစ်-၁၉ ပိုးတွေ့လူနာကုသရေးစင်တာများ ဖွင့်လှစ်ပြီး ကိုယ့်နည်းကိုယ်ဟန်ဖြင့် ကုသမှုခံယူနေရကြသလို ကိုဗစ်ကြောင့် သေဆုံးသူတွေကိုလည်း ပရဟိတအဖွဲ့အစည်းတွေက ကိုယ်ထူကိုယ်ထနဲ့ မြေမြုပ်သဂြိုလ်မှုတွေ ပြုလုပ်နေကြရပါတယ်။

ကလေးမြို့မှာ ကိုဗစ်ပိုးတွေ့လူနာ သေဆုံးမှုတွေကို ချင်းလူမှုရေးအသင်း (Central Chin Pawlpi)၊ ဇောလ်ဘုတ် (Zawl buk)၊ တာဟန်းမီဇိုးလူငယ်အသင်း (TMTP)၊ ဇိုမီးလူငယ်အဖွဲ့ (Zomi Youth Association)၊ ကာယကံမေတ္တာ စတဲ့ ပရဟိတအဖွဲ့အစည်းတွေက သက်ဆိုင်ရာသချိူင်းတွေမှာ PPE ဝတ်စုံတွေနဲ့ နေ့စဉ် သဂြိုလ်မှုတွေ ပြုလုပ်နေကြရတာပါ။

ကိုဗစ်ကြောင့် သေဆုံးတဲ့လူနာတွေ သဂြိုလ်တဲ့နေရာမှာ ပရဟိတအဖွဲ့အစည်းတွေဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကလေးမြို့ ကိုဗစ်-၁၉ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ကိုယ့်အမျိူးဆိုတာလည်းမရှိတော့ဘူး၊ Body pack မှာ အကုန်လုံးထည့်လိုက်တယ်၊ တခါတည်းသယ်သွားတယ်၊ ဟိုမှာလည်း ဆုတောင်းတာလည်း မရှိနိုင်တော့ဘူး၊ သဂြိုလ်တဲ့အပိုင်းမှာ ဘယ်လောက်ထိခက်ခဲရှိလဲဆိုရင် ဟိုနေ့က ၉ ယောက် သဂြိုလ်တဲ့နေ့ဆိုရင် ကျနော်တို့ညီလေးတစ်ယောက်ဆိုရင် အသက်ရှုကြပ်လွန်းလို့၊ PPE ဝတ်စုံနဲ့ ၉ ယောက်မြောက်ဆိုတော့ တော်တော်လေးကြာတာကို၊ နာရီပိုင်းနဲ့တွက်ရင် လူတစ်ဦးမှာ တစ်နာရီအနည်းဆုံးကြာတယ်၊ ကျနော်တို့ ရုံးပြန်ရောက်တဲ့အချိန် အသက်ရှုဖို့မရှိတော့ဘူး၊ သူ့ကိုပါ ကျနော်တို့ အောက်ဆီဂျင်ပြန်ပေးနေရတယ်၊ အဲဒီလောက်ထိ ကျနော်တို့ အခြေအနေဆိုးနေတာ” လို့ သူကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအများစုဟာ အသက်ကြီးပိုင်းနဲ့ ဆီးချိူသွေးချိူ၊ သွေးတိုး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေဖြစ်ကြပြီး အောက်ဆီဂျင်မလုံလောက်မှုကြောင့် သေဆုံးကြရတာလို့ သိရပါတယ်။

ကလေးမြို့မှာ အောက်ဆီဂျင်ဖြည့်လို့ရတဲ့နေရာ ဆိုင်အပါအဝင်၊ ပရဟိတအဖွဲ့အစည်းပေါင်း ၁၅ ခုကျော်ရှိပေမယ့် အောက်ဆီဂျင်လိုအပ်တဲ့ ကိုဗစ်ပိုးတွေ့လူနာ များလာတာကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

“အောက်ဆီဂျင်ပြတ်လပ်မှုက အတော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်နေတယ်၊ လူနာဦးရေက တဖြည်းဖြည်းနဲ့တိုးတိုးလာတော့ အခုဆိုရင် အောက်ဆီဂျင်အိုးအသစ်ဝယ်ဖို့ကိုမရှိဘူး၊ အခု ကျနော်တို့ဆီမှာလည်း အောက်ဆီဂျင်အိုးဖြည့်ပေးဖို့ကိုမရှိတာ” လို့ အောက်ဆီဂျင်ဖြည့်ပေးတဲ့ ကလေးမြို့က ကာယကံမေတ္တာပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကလေးမြို့မှာ အောက်ဆီဂျင်ထုတ်လုပ်နိုင်တဲ့စက် မရှိတာကြောင့် ပရဟိတအသင်းအဖွဲ့တွေဟာ အောက်ဆီဂျင်တွေကို ရန်ကုန်၊ မန္တလေးဘက်ကနေ မှာယူကြရပြီး၊ အချိန်ကြန့်ကြာမှုတွေရှိတဲ့အပြင် အောက်ဆီဂျင်တွေဟာ လိုသလောက် မရရှိနိုင်ကြပါဘူး။ နေ့စဉ်နဲ့အမျှ အောက်ဆီဂျင်အိုးဖြည့်ဖို့ ကလေးမြို့ပြည်သူတွေက တန်းစီပြီး စောင့်ဆိုင်းနေကြရပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ ရန်ကုန်၊ မန္တလေးဘက်မှာ ကိုဗစ်ပိုးတွေ့ရှိမှုများလာပြီး အောက်ဆီဂျင်လိုအပ်မှု မြင့်တက်လာတာကြောင့် ကလေးမြို့အတွက် အောက်ဆီဂျင်ရရှိရေးမှာ ပိုပြီး အခက်အခဲဖြစ်လာနိုင်တယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် ကလေးမြို့မှာ ကိုဗစ်ဒုတိယလှိုင်းတုန်းက စေတနာအလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းထားကြတဲ့ငွေကြေးနဲ့ အောက်ဆီဂျင်ထုတ်လုပ်နိုင်တဲ့စက်ကြီးတစ်လုံးကို ဝယ်ယူလိုက်ပြီး မင်းကြီးဟိုတယ်မှာ တပ်ဆင်ထားပြီလို့ သိရပါတယ်။ ဒီအောက်ဆီဂျင်ထုတ်တဲ့စက်ဟာ တစ်နေ့မှာ အောက်ဆီဂျင် လီတာ ၄၀ အိုး အလုံး ၇၀ လောက် ထုတ်လုပ်နိုင်မယ်လို့သိရပြီး ကလေးမြို့ပြည်သူတွေရဲ့ အောက်ဆီဂျင်သောက, ကနေ အနည်းငယ် အသက်ရှုချောင်လာစေနိုင်ပါတယ်။

ကလေးမြို့မှာ ပရဟိတအဖွဲ့အစည်းတွေကနေ ဖွင့်လှစ်ထားတဲ့ ကိုဗစ်ပိုးတွေ့လူနာထားရှိတဲ့ ကိုဗစ်စင်တာ ၂ ခုရှိပြီး တစ်ခုမှာ အိတ်စွတ်ကျေးရွာက အစိုးရဝန်ထမ်းအိမ်ယာမှာဖြစ်ပြီး နောက်တစ်ခုကတော့ မကြာသေးခင်က ပြန်လည်ဖွင့်လှစ်လိုက်တဲ့ တိုင်းရင်းဆေးရုံမှာဖြစ်ပါတယ်။

ပိုးတွေ့လူနာအများစုကို အိတ်စွတ်ကိုဗစ်စင်တာမှာ ထားရှိကြပြီး ပိုးတွေ့လူနာ ၂၅၀ ကနေ ၃၀၀ ကြား ကုသမှုခံယူနေကြရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီထဲကမှ အခြေနေဆိုးဝါးတဲ့သူတွေကိုတော့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးနဲ့ တိုင်းရင်းဆေးရုံဘက်ကို လွှဲပြောင်းပေးလေ့ရှိတယ်လို့ သိရပါတယ်။

ပိုးတွေ့လူနာတွေဟာ ကိုဗစ်စင်တာမှာ ကုသမှုခံယူနေကြသလို ယခုနောက်ပိုင်းမှာတော့ ကိုဗစ်ပိုးတွေ့လူနာနဲ့ သံသယလူနာအများစုဟာ ကိုဗစ်ထားရှိတဲ့စင်တာမှာ သွားရောက်ကုသတာထက် မိမိနေအိမ်မှာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသလာကြပါတယ်။

အိတ်စွတ်ကိုဗစ်စင်တာမှာ သူနာပြုဆရာမ ၂ ယောက်နဲ့ ပရဟိတလုပ်သား ၁၁ ယောက်တို့သာရှိတာကြောင့် ကြပ်မတ်ကုသရေးပိုင်းမှာ အခက်အခဲဖြစ်နေကြတယ်လို့ ကိုဗစ်စင်တာ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“လူအင်အားတော့နည်းတယ် ခု ကျန်းမာရေးကနေချပေးတဲ့ ဆရာမ ၂ ယောက်ရယ်၊ ကျန်တာ Volunteer ၁၁ ယောက်နဲ့ လည်ပတ်နေတာ၊ Volunteer က အစတုန်းက ၄ ယောက်ပဲရှိတာ၊ အခု လူငယ်တွေကလည်း တဖြည်းဖြည်းဝင်လာကြတယ်၊ ၁၁ ယောက်ရှိပြီအခု၊ ကျနော်တို့ဘက်မှာတော့ ငွေအင်အင်အားနဲ့ လူအင်အားပိုင်းမှာ အတော်လေးခက်ခဲတယ်၊ ထောက်ပံ့မှုကလည်း နည်းပါးတယ်ဆိုတော့ အခက်အခဲကတော့ အမျိူးမျိူးတွေ့နေရတာပေါ့၊ အရင်ကိုဗစ်လှိုင်းတွေတုန်းကတော့ DC က ကိုဗစ်ကော်မတီဥက္ကဌလုပ်ပြီး မြို့နယ်အဆင့်ဆင့် ကော်မတီဖွဲ့ကြတယ်၊ အဲဒီမှာ လှုပ်ရှားလို့လည်းလွယ်တယ်၊ Volunteer ပိုင်း၊ အောက်ဆီဂျင်ပိုင်း၊ ငွေရေးကြေးရေး သူ့အပိုင်းနဲ့သူခွဲဝေပြီးတော့ လုပ်သွားကြတယ်၊ အခုဟာက အဲလိုမျိူး ခွဲဝေတာမျိူးမရှိဘူး၊ ဟိုအစကတည်းက ဌာနဆိုင်ရာမှာဖွဲ့စည်းထားတဲ့ ကိုဗစ်ကော်မတီဆိုတာရှိတယ်၊ သူတို့လည်း မလည်ပတ်နိုင်ဘူး၊ အခုလောလောဆယ်မှာတော့ ငွေအင်အားနဲ့ လူအင်အားပဲလိုတယ်” လို့ ကိုဗစ်စင်တာ တာဝန်ခံက ပြောပါတယ်။

တကယ်တော့ ကလေးမြို့က ပြည်သူလူထုတွေဟာ အမိမဲ့အဖမဲ့ပမာ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းလုံးကြီးကြားမှာ ကူကယ်ရာမဲ့ဘဝလိုပါပဲ… ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ ယခုပုံစံအတိုင်း ကြောက်ခမန်းလိလိ ဆက်လက်မြင့်တက်နေဦးမယ်ဆိုရင် မတွေးဝံ့စရာပင်ဖြစ်နေတော့မည်။ ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ယခင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းအတိုင်း ပြန်လည်လိုက်နာနေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Share.

About Author

Leave A Reply