(002MG)
စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို ယနေ့ ဇန်နဝါရီလ (၂၁) ရက် ညနေ (၆) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် သုံးကြိမ် ထပ်မံဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “တိုက်လေယာဉ်နဲ့ ခမ်းပတ်မြို့ဖက် ဟိုနေ့ကချတဲ့နေရာကိုပဲ တကြိမ်ထပ်လာကြဲတယ်။ မနေ့က ကြဲတဲ့နေရာ နန်ကတိတ်ရွာအဝင်ဖက်ကို နှစ်ကြိမ် ထပ်ကြဲတယ်။ ဖုန်းလိုင်းက ခမ်းပတ်ဖက်ကို ဆက်သွယ်လို့မရတော့ ပျက်စီးတာ မသိရသေးဘူး” ဟု ပြောသည်။
ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသည့် ခမ်းပတ်မြို့နှင့် ကနန်စံပြကျေးရွာကို ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးကာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၆ လုံးပျက်စီးခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ကလေး-တမူး ကားလမ်းမပေါ်က စော်ဘွာရေရှင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးကာ ဒေသခံ (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၂၀) ရက် ညနေပိုင်းတွင်လည်း ခမ်းပတ်မြို့နှင့် (၂) မိုင်အကွာတွင်ရှိသည့် နန်းကတိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲခဲ့သည်ဟု သိရသည်။
“လူငယ်တွေနေရာကို ချချင်တာ ဒါပေမယ့် လွဲသွားတာပေါ့၊ နေရာကွက်လပ် ရွာထဲမှာ ခြံဝန်းထဲကျတာ။ နန်းကတိတ်ရွာအဝင် လမ်းခွဲမှာ အဲ့ဒီ မီးသွေးလုပ်တဲ့ကျောက်ပုံမှာ ကျသွားတာ။ ဘေးနားက ဆိုင်ကယ်နှစ်စီးကတော့ ပျက်သွားတယ်။ လူအထိအခိုက်တော့ မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ခမ်းပတ်မြို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည့်အတွက် ခမ်းပတ်ဒေသခံများ မြို့ကိုစွန့်ခွါ၍ စစ်ဘေးရှောင်သူများလာပြီး Wifi အင်တာနက်လိုင်းအပါအဝင် ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်နေသည်ဟု သိရသည်။