(006SV)
ချင်းပြည်၏ မြို့နယ်အသီးသီးရှိ နိုင်ငံရေးဦးဆောင်အဖွဲ့များဖြင့် ချင်းကာကွယ်ရေးကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး လုပ်ဆောင်စရာများကို ပြတ်ပြတ်သားသားဆက်လက် လုပ်ဆောင်သွားမည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်သည်။
ဇန်နဝါရီလ ၁ ရက်က နှစ်သစ်ကူးသဝဏ်လွှာတွင် ကြားကာလချင်းအမျိုးသာားအတိုင်ပင်ခံကောင်စီက ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။
“ချင်းပြည်၏ မြို့နယ်အသီးသီးရှိ နိုင်ငံရေး ဦးဆောင်အဖွဲ့များ၏ တက်ကြွစွာ ပါဝင်မှုနှင့်အတူ ချင်းကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းရင်း ချင်းတစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ရှေ့ရှုလျက် လုပ်ဆောင်စရာများကို ပြတ်ပြတ် သားသား ဆက်လက်လုပ်ဆောင်ဖို့ ရှိနေပါသည်” ဟု ချင်းပြည်သူများသို့ နှစ်သစ်ကူး သဝဏ်လွှာတွင်ဖော်ပြထားသည်။
ချင်းပြည်အရေး ဆောင်ရွက်ရာတွင် အခက်အခဲတချို့ ရှိသော်လည်း ICNCC အနေဖြင့် ပြည်သူများ၏ သုံးသပ်အကြံပြုချက်များကို အလေးထားပြီး ပြုပြင်ပြောင်းလဲမှုများစွာ စတင်လုပ်ဆောင်နိုင်ခဲ့သည့် နှစ်ဖြစ်သည်ဟုဆိုသည်။
ချင်းကာကွယ်ရေးကော်မတီ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ မည်သည့်ချင်းကာကွယ်ရေးအဖွဲ့များ ပါဝင်မည်၊ မည်သို့ ဖွဲ့စည်းဆောင်ရွက်မည်ကို အသေးစိတ်မေးမြန်းရန် ICNCC ကို ခိုနူမ်းသုန်မှ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့သည် “ချင်းညီနောင်” အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က နိုင်ငံရေးနှင့် စစ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တရားဝင် ဖွဲ့စည်းခဲ့သည်။
ချင်းပြည် နိုင်ငံရေးတွင် ICNCC လမ်းကြောင်းဖြင့် ဆက်လက်လျှောက်လှမ်းရန် ဆွေးနွေးနေကြပြီး ICNCC တွင် လိုအပ်သော စုဖွဲ့မှုများရှိရန် ပြန်တည်ဆောက်နေသည်ဟု “ချင်းညီနောင်” မှ တာဝန်ရှိသူများက ယခင်ကပြောကြားမှုများရှိခဲ့သည်။
ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို ချင်းလဲန်းဖွဲ့စည်းပုံဥပဒေအရ ကာကွယ်ရေးဌာနအောက်ကို ထည့်သွင်းရန်နှင့် သီးခြားလွတ်လပ်သော စစ်ရေးပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းအနေဖြင့် ထားရှိရေး ဆွေးနွေးညှိနှိုင်းကြချိန်မှာ သဘောတူညီမှုများမရခဲ့ဘဲ ဒီဇင်ဘာလ ၁၆ ရက်က အပြီး ဖျက်သိမ်းပြီးနောက် နှစ်ပတ်အကြာတွင် ချင်းကာကွယ်ရေးကော်မတီကို ဖွဲ့စည်းရန် ICNCC က ကြိုးစားလာခြင်းဖြစ်သည်။
ချင်းလဲန်းကောင်စီ (CC) ၏ အစိုးရအဖွဲ့ဖြစ်လာမည့် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် CNF/CNA နှင့် CDF (၁၄) ဖွဲ့ ရှိသည်ဟု သိရသည်။
CDF – ကန်ပက်လက်၊ CDF – Senthang ၊ Maraland Defense Force (MDF) အပါအဝင် ချင်းလက်နက်ကိုအဖွဲ့ တချို့ သည် မည်သည့်ကောင်စီတွင်မှ ပါဝင်ထားခြင်းမရှိသေးကြောင်း သိရသည်။
ICNCC ၏ နှစ်သစ်ကူး ထုတ်ပြန်ချက်တွင် ချင်းပြည်သူများ၏ လိုအပ်ချက်များကို ပိုဖြည့်ဆည်းနိုင်ရေး၊ တော်လှန်ရေးကို အင်အားဖြစ်စေမည့် လက်တွေ့ကျသော ရလဒ်များ ထွက်နိုင်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံချက်ရှိ သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် ဆက်လက်ရပ်တည် ကြိုးစားနေကြောင်း ချင်းပြည်သူများကို အသိပေးထားသည်။
ချင်းပြည်တွင် တော်လှန်ရေးအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ထိန်းချုပ်နယ်မြေများ တိုးချဲ့လျက် ပြည်သူ့အုပ်ချုပ်ရေးများကို အသက်သွင်းကာ ပြည်သူ့ဝန်ဆောင်မှုများ လည်ပတ်နေပြီးဖြစ်သည်ဟု သိရသည်။