(004SS)
ချင်းပြည်နယ် ၊ မတူပီမြို့နယ်တွင် စစ်ကောင်စီမှ အထူးအစီစဉ်တရပ်အနေဖြင့် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသူ၊ကျောင်းသားပေါင်း ၃၄ ယောက်က ဖြေဆိုခဲ့ကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
အဆိုပါ စာမေးပွဲအား ဧပြီလ ၂၉ ရက်နေ့မှ မေလ ၆ ရက်နေ့အတွင်း မတူပီမြို့ အထက ၂ တွင် ဖြေဆိုကြခြင်းဖြစ်ပြီး ဖြေဆိုရန် စာရင်းပေးသွင်းသူ အယောက် ၄၀ ကျော်ရှိသည်အနက် ကျောင်းသား ၁၀ ဦးနှင့် ကျောင်းသူ ၂၄ ဦး စုစုပေါင်း ၃၄ ဦးက ဖြေဆိုနိုင်ခဲ့ကြသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးတာဝန်ရှိသူက ပြောသည်။
“ကလေးတွေက အခက်အခဲများကြာက လာရောက်ဖြေဆိုကြတာဖြစ်တဲ့အတွက် အကုန်လုံး အောင်ပန်းဆင်မြန်းနိုင် ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” ဟု ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
စာမေးပွဲဖြေဆိုသူအများစုမှာ ပလက်၀၊ ဆမီးနှင့် လိုင်လင်းပီမြို့မှ ကျောင်းသူ၊ ကျောင်းသားများဟု သိရသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့ဒေသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူး အစီအစဉ်ဖြင့် ပြန်လည်ကျင်းပရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်ပြီး ချင်းပြည်နယ်တွင် မတူပီမြို့၌ ကျင်းပကြခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်သည် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့် အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ဦးရှိခဲ့သည်။