ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့က သင်ကြားပို့ချပေးသည့် ရဲလုပ်ငန်းပိုင်းဆိုင်ရာများနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပညာရပ်များအထူးသင်တန်းကို ဧပြီလ ၅ ရက်နေ့က အောင်မြင်စွာပြီးဆုံးခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့၏ မူဝါဒနှင့်ဖွဲ့စည်းပုံ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးများ သိသင့်သိထိုက်သည့် ရဲလုပ်ငန်းပိုင်းဆိုင်ရာများနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာပညာရပ်များ သင်ကြားပို့ချသည့် အထူးသင်တန်းကို မတ်လ ၂၈ ရက်နေ့က စတင်ခဲကြပြီး မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးများ၊ ဒုတိယမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးများနှင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံးများတွင် အဓိကတာ ဝန်ထမ်းဆောင်ကြသည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၆) ဦး တက်ရောက်ခဲ့ကြပါသည်ဟု ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
အဆိုပါသင်တန်းကာလတွင် လူကိုယ်တိုင် မတက်ရောက်နိုင်သည့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် Zoom မှတဆင့် တက်ရောက်ခဲ့ကြပြီး ဧပြီလ ၅ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲတွင် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ ရဲချုပ်၊ ရဲရေးချုပ်နှင့် ရဲလေ့ကျင့်ရေးချုပ်များ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် ချင်းပြည်နယ်၏ မြို့နယ်အသီးသီးရှိ ဒေသ/နယ်မြေ ရဲစခန်းမှူးများ၊ အမှုစစ်များ၊ နယ်ထိန်းတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအားလုံးတို့၏ ရဲလုပ်ငန်းပိုင်းဆိုင်ရာစွမ်းရည်မြှင့်တင်နိုင်ရေးအတွက် အထူးသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရသည်။