By Ro Sang
(ဂ)#ဂျပန်ခေတ် ချင်းလက်နက်ကိုင်တပ်များ (၁၉၄၂-၁၉၄၄)
ဂျပန်ခေတ်ချင်းလက်နက်ကိုင်တပ်များတွင် အပိုင်းသုံးပိုင်းခွဲပါမည်။ ပထမတွင် ဗြိတိသျှလက်အောက်တွင် ဆက်လက်သစ္စာခံကြသော ချင်းတပ်များ၊ ပျောက်ကြားများ၊ အပျော်တမ်းစစ်သည်များဖြစ်သည်။ ဒုတိယမှာ ဂျပန်၊ ဗမာတပ်မတော်များနှင့်လက်တွဲကာ ဗြိတိသျှတို့ကိုတိုက်ထုတ်သောချင်းတပ်များ၊ စစ်သည်များဖြစ်သည်။ တတိယအုပ်စုမှာ ဂျပန်တို့ကိုပြန်လည်တော်လှန်သော ဒေသပျောက်ကြားများဖြစ်လေသည်။
၁)#ဗြိတိသျှသစ္စာတော်ခံ ဂျပန်ခုခံရေးချင်းတပ်များ
ဂျပန်များဝင်ရောက်လာသောအခါ ချင်းတောင် တန်းများမှ ခုခံစစ်များဆင်နွဲရလေသည်။ အထူးသဖြင့် Chin Levis များ၊ Chinwags များ၊ Chin Forces များ Chin Hill Batalion များက ကျူးကျော် ဝင်ရောက်လာသော ဂျပန်တို့အား ခုခံတိုက်ခိုက်လေသည်။ ယခင်ကတည်းကရှိနှင့်နေသော Chin Hill Battalion၊ ဗမာသေနတ် ကိုင်တပ်ရင်းမှ ချင်းလက်နက်ကိုင်စစ်သည်များ၊ ဒေသခံများနှင့်ဖွဲ့စည်းသော ပျောက်ကြား တပ်များတို့ဖြစ် လေသည်။ ချင်းလေဗီးတွင် Siyin Levies, Sukte Levies, Hakha Levies တို့ပါဝင်လေသည်။ ထိုအချိန်က ချင်းလေဗီးများ၊ ချင်းဝှက်များ၊ ချင်းဖိုစ့်များ၊ ချင်းတောင်တန်းတပ်ရင်းတို့အမည်များသည် BBC အသံလွှင့်ဌာနနှင့် All India Radio တို့တွင် ထင်ရှားလာလေသည်။
i-#ချင်းဝန်ထမ်းတပ်များ (Chin Levee Corps)
ဂျပန်များချင်းတောင်သို့ဝင်ရောက်လာချိန်နှင့် အင်္ဂလိပ်များစတင်ဆုတ်ခွာချိန်တွင် ဂျပန်တို့၏ ထိုးစစ်များတုန့် ဆိုင်း သွားရန်အတွက် ချင်းတောင်တွင် ချင်းဝန်ထမ်းတပ်များ (Chin Levee Corps) အား ဖွဲ့စည်းကြလေသည်။ တီးတိန်နယ်တွင် ဦးဗွန်ခေါဟော၊ ဦးထောင်ကျင့်ထန်၊ ဦးအွန်ငင်း၊ ဦးတွမ်းကျင့်တို့မှာထင်ရှားလေသည်။ ဟားခါးနယ်တွင် ဦးဇာဟိုး၊ ဦးဗန်ကူးလ်တို့နှင့် ဖလမ်းနယ်တွင် ဦးလှူရ်မှုန်းတို့မှ ဦးဆောင်ခဲ့ကြလေသည်။ ၎င်းတို့ကိုအောက်တွင်ဖော်ပြထားပါသည်။ ထို ချင်းစစ်သည်များနှင့်အတူ ဂျပန်တို့ကို ကြံ့ကြံ့ခံဦးဆောင်ခဲ့သူမှာ ဗြိတိသျှအရာရှိ ဒုဗိုလ်မှုးကြီး အင် ဒဗလျူကေလီဖြစ်လေသည်။ အချို့တပ်များမှာ သီးခြားမဟုတ်ဘဲ အမည် ပြောင်းလဲသွားလေသည်။ ထိုချင်းခုခံရေးတက်သားများသည် လစာနှင့်ရာရှင်ရိက္ခာယူခြင်းမဟုတ်သော စေတနာဝန်ထမ်းများဖြစ်သည်ဟုလည်းမှတ်တမ်းတင်ခဲ့ကြပါသည်။
ii-#ချင်းဝှက်ပျောက်ကြားတပ် (Chinwags)
၁၉၄၃ ခုနှစ် ဂျပန်တပ်များ ချင်းတောင်သို့ရောက်ရှိလာကာ ဖလမ်းမြို့အားတိုက်လိုက်လေသည်။ ထိုအခါ ချင်းတောင်တပ်ရင်း (Chin Hill Battalion) နှင့် အိန္ဒိယအမှတ် (၁၇) တပ်မ 17th Indian Division တို့သည် တပ်ဆုတ်သွားခဲ့ရလေသည်။ ထိုနောက်ဖလမ်းဒေသ ဇာညပ်နယ် (Zanniat)တွင် ဂျပန်တို့အားတိုက်ခိုက်ရန် အတွက် ချင်းဝှက်ပျောက်ကြားတပ်အားစတင်ဖွဲ့စည်းလေသည်။ ထိုဦးဆောင်ဖွဲ့စည်းပေးသူမှာ Stevenson ဖြစ်လေသည်။ ထိုပျောက်ကြားတပ်သည် ၈ ညအတွင်း ဂျပန်စစ်သည် ၂၁၄ ဦးကိုသုတ်သင်နိုင်ခဲ့လေသည်။ ထိုပျောက်ကြားတပ်များ၏ ခြုံခိုတိုက်ခိုက်မှုများကြောင့် ရန်သူ၏ စကားဝှက်များ၊ စစ်ဒိုင်ယာရီများ၊နှင့် စစ်တပ်အသုံးအဆောင်များကိုသိမ်းဆည်းရမိလေသည်။ ဂျပန်တို့၏ တိုက်ခိုက်မှုပိုမိုပြင်းထန်လာသောကြောင့် အင်ဖာဖက်သို့ဆက်လက်ဆုတ်ခွာခဲ့ရလေသည်။ ထို့နောက် ထိုချင်းဝှက်ပျောက်ကြားတပ်များအား ရပ်နားကာ အိမ်ပြန်ခွင့်ပြုလိုက်ကာ နောက်ထပ်အမိန့်အား စောင့်ဆိုင်းနေစေလေသည်။ လုမ်ဘန်းချင်းသူကြီး Hlur Hmung, Hon. Lieut Tei Kual နှင့်သား၊ Subedar Sual Zam of Dolluang တို့မှာ ထင်ရှားလေသည်။ ဇာညှပ်မျိုးချစ်တော်လှန်ရေးတပ်ဖွဲ့ (Zanniat Patriotic Army) အဖြစ်လည်း ထင်ရှားလေသည်။ Zanniat နှင့် Khualsim မျိုးနွယ်များအဓိကပါဝင်သည်။
iii-#စီးယင်းလွတ်လပ်ရေးတပ်မတော် (Siyin Independence Army)
ထိုအချိန်တပြိုင်နက်ပင် စီးယင်းဒေသတွင် လည်း စီးယင်းလွတ်မြောက်ရေးတပ်မတော် (Siyin Independence Army) အားလှို့ဝှက်စွာဖွဲ့စည်းလိုက်လေသည်။ ထိုဖွဲ့စည်းသူမှာ Mr. Vum Ko Hau ဖြစ်လေသည်။ စီယင်း လွတ်မြောက်ရေးတပ်မတော်ကို စီယင်းချင်းလေဗီး (Siyin Chin Levy) ဟုလည်းခေါ်လေသည်။ ချင်းတောင်တွင် ပထမဆုံး ဂျပန် (Japan Artillery) နှင့်တိုက်ပွဲအား ထေးဇန် (Theizang) တွင် ချင်းတောင်တပ်ရင်း (Chin Hill Battalion) နှင့် စီးယင်းလေဗီး (Siyin Levies) တို့မှ တိုက်ခိုက်လေသည်။ ဂျပန်တို့ဖက်မှ အကျဆုံးများစွားဖြင့် ကလေးသို့တပ်ဆုတ်ပြန်ရလေသည်။ ဂျပန်စစ်ဦးစီးတိုက်ပွဲကျကာ စစ်သည်အနည်းငယ်သာ ကလေးမြို့ပြန် ရောက်သည်ဆိုသည်။ စီးယင်း လေဗီးနှင့်စုတ်သဲလေဗီး များအား ဗြိတိသျှဖက်မှ ဦးဆောင်သူမှာ Colonel N. W. Kelly ဖြစ်လေသည်။ သူသည်နောက်ပိုင်းတွင် ချင်းလေဗီးများအား ကွပ်ကဲသူနှင့် ချင်းတောင် Deputy Commissioner ဖြစ်လာလေသည်။
iv-#စုတ်သဲလွတ်လပ်ရေးတပ်မတော် (Sukte Independence Army)
ပြည်မတွင် ဂျပန်များအား တော်လှန်နေကြသော အချိန်၊ မဟာမိတ်များလည်း ပြန်လည်ဝင်ရောက် လာသော အခါ ချင်းတောင်တွင် မျိုးနွယ်စုတပ်မတော်များအား ဖွဲ့စည်းလာကြလေသည်။ ၎င်းတို့တွင် တီးတိန်နယ်တွင် စုတ်သဲလွတ်လပ်ရေးတပ်မတော် (Sukte Independence Army)/ စုတ်သဲမျိုးချစ်တော်လှန်ရေးတပ်ဖွဲ့ (ဒေါ့စွန်းမှသုံးနှုန်းသည်) ကို ဆိုင်းဇန်ခေါင်းဆောင် Thawng Za Khup တို့မှတည်ထောင်ခဲ့ကြလေသည်။ တော်လှန်ရေး တပ်သားများ၏ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများအတွင် ဦးထောင်ကျင့်ထန်၊ ဦးစိန်းလျန်းတို့က မဟာမိတ်များနှင့်တိတ်တဆိတ်ဆက် သွယ်ဆောင်ရွက်ကြလေသည်။ စုတ်သဲမျိုးချစ်တော် လှန်ရေး တပ်ဖွဲ့အား Sokte Levies ဟုလည်းခေါ်သည်။
v-#ဟားခါးလေဗီး (Hakha Levie)
ဟားခါးနယ်တွင် ဦးဇာဟိုး၊ ဦးဗန်ကူးလ်တို့ဦးဆောင်ကာ ၁၉၄၂ နှစ်တွင် ဟားခါးလေဗီးအား ပျောက်ကြား စစ်ဆင်ရေးအတွက်စတင်တည်ထောင်ခဲ့ကြလေသည်။ Vum Son ၏မှတ်တမ်းအရ Hakha Levies အား Thang Thio, Hawl Shuh နှင့်အခြားသူများကတည်ထောင်ကြကြောင်းဆိုလေသည်။ ထင်ရှားသည်ခေါင်း ဆောင် Za Hu မှာ ဂန်ဂေါဧရိယာတွင်လှုပ်ရှားသည်ဆိုလေသည်။ ခုခံတိုက်ပွဲများမြောက်မြားစွာအပြီးတွင် Subhas Chandra Bose ခေါင်းဆောင်သော India National Army မှ ဟားခါးအားသိမ်းပိုက်ခဲ့လေသည်။
vi-#ဖလမ်းလေဗီး (Falam Levies)
ဖလမ်းလေဗီးကိုလည်းဖွဲ့စည်းကာ ဖလမ်းလေဗီးသည် ချင်းတောင်တပ်ရင်းနှင့်အတူ တက်လာသော ဂျပန်နှင့် ဗမာတပ်မတော်အား ရင်ဆိုင်တိုက်ခိုက်လေသည်။ သို့သော် ၁၉၄၃ နိုဝင်ဘာ ၇ တွင် ဖလမ်းအား လက်လွှတ်လိုက်ရလေသည်။
vii-#နယ်စောင့်တပ် (Home Guards)
ဇိုနှင့် ထာဒိုနယ်များတွင် ခေါင်းဆောင်ဖြစ်သူ Pum Za Mang ၏ ဦးဆောင်မှုဖြင့် ဒေသလုံခြုံရေးအတွက် နယ်စောင့်တပ်များအား ဖွဲ့စည်းလေသည်။
#ဗြိတိသျှတပ်များနိဂုံး
မန်မာနိုင်ငံအတွင်းသို့ ဂျပန်တပ်များဝင်ရောက်လာသောအခါ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးကွန်ယက်တစ်ခုလုံးသည် အိန္ဒိယဖက်သို့ဆုတ်သွားရလေသည်။ ဂျပန်တို့ကို ခုခံတိုက်ခိုက်လာသော ဗမာ့သေနတ်ကိုင် တပ်ရင်း များသည်လည်း ကစဉ့်ကလျားဖြစ်လာလေသည်။ ထိုအချိန်တွင် ချင်းတောင်မြောက်ပိုင်းသည် ဗြိတိသျှတို့၏ နောက်ဆုံးခံတပ်သဖွယ်ဖြစ်လာလေသည်။ Chin Levis များ၊ Chinwags များ၊ Chin Forces များက ကျူးကျော်ဝင်ရောက်လာသော ဂျပန်တို့အား ခုခံတိုက်ခိုက်လေသည်။ ယခင်ကတည်းကရှိနှင့်နေသော Chin Hill Battalion၊ ဗမာသေနတ်ကိုင်တပ်ရင်းမှ ချင်းလက်နက်စစ်သည်များ၊ ဒေသခံများနှင့်ဖွဲ့စည်းသော ပျောက်ကြား တပ်များတို့ဖြစ်လေသည်။ အိန္ဒိယမှ အမှတ် (၆၃) တပ်မသည်လည်း ချင်းတောင်ရောက်လာကာ ဒေသခံချင်း လေဗီးများအား ကူညီလေသည်။ ထို့နောက် အမှတ် (၁၇) အိန္ဒိယ တပ်မဟာကြီးလည်းရောက်လာပြီး အင်ဖာ-တီးတိန်-ဖို့ဝှိုက်လမ်းဖောက်ကာ သယ်ယူပို့ဆောင်ရေးလုပ်ဆောင်လေသည်။ သို့သော် ဂျပန်တို့ထိန်းချုပ်သော မြေပြန့်သို့မတိုက်ခိုက်ပေ။
ဂျပန်များဖက်မှ ဂျပန်ဘုရင့်တပ်မတော်၊ အိန္ဒိယအမျိုးသား တပ်မတော်၊ ဗမာလွတ်မြောက်ရေးတပ်မတော်၊ ချင်းလွတ်မြောက်ရေးတပ်မတော်များပါဝင်တိုက်ခိုက်ခဲ့လေသည်။ ဗြိတိသျှတို့ဖက်မှ အမှတ် (၁၇) တပ်မဟာ၊ အမှတ် (၂၀) တပ်မဟာ၊ အမှတ် (၂၃) တပ်မဟာ၊ အင်ဖာတပ်မဟာ၊ အမှတ် (၄၄) တပ်မနှင့်အခြားတပ်မများ ပါဝင်ခဲ့လေသည်။ ဂျပန်များအင်အားဖြင့် စစ်ဆင်လာသောကြောင့် အမှတ် (၁၇) တပ်မဟာလည်း ပြိုကွဲသွားခဲ့ကာ ချင်းခုခံရေးတပ်များလည်း တကွဲတပြားဖြစ်ခဲ့ရလေသည်။
၂)#ဗြိတိသျှဆန့်ကျင်ရေးချင်းတပ်များ
ဗြိတိသျှဆန်ကျင်သူများတွင်နှစ်မျိုးရှိသည်။ နိုင်ငံရေးအရ လွတ်လပ်ရေးကိုလိုလားသောသူများနှင့် အကြပ်အတည်းတစ်ခုခုကြောင့် ဆန့်ကျင်လာသူဟုဖြစ်လေသည်။
i-#ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (Chin Defense Army)
ဗြိတိသျှတို့အား မလိုအားသော ချင်းလူငယ်များသည် ဗိုလ်ထွာကမ်း ဦးဆောင်ကာ ဂျပန်တပ်မတော်နှင့် တိတ်တဆိတ်ဆက်သွယ်ကာ ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် #ချင်းလွတ်လပ်ရေးတပ်မတော် (Chin Independence Army) ကို တည်ထောင်ဖွဲ့စည်းခဲ့ကြလေသည်။ ထိုချင်းတောင်လွတ်မြောက်ရေးတပ်မှ ရဲဘော်များသည် ယခင်ဗြိတိသျှတို့ဖွဲ့စည်းခဲ့သော သေနတ်ကိုင်တပ်ရင်းမှာ ရဲဘော်များလည်းပါဝင်လေသည်။ ထင်ရှားသော လူငယ်များမှာ ဗိုလ်ထန်ဇာဟောက်၊ ဗိုလ်ထာလုံး၊ ဗိုလ်ငေါ့ကျင်ပေါင်၊ ဗိုလ်ထန်ကျင့်ဟောက်၊ ဗိုလ်ပိုင်ခိုလျန်း၊ ဗိုလ်ဇာဗျက်နှင့် ဗိုလ်ရှင့်လိုခမ်းတို့ဖြစ်လေသည်။ ဂျပန်တပ်မတော်သည် ဖို့တဝှိုက်မှ ဆက်လက်ချီတက် တိုက်ခိုက်ရာတွင် ထို ချင်းလွတ်မြောက်ရေးတပ်မတော် တပ်သားများလည်း ပါဝင်လာလေသည်။
ထိုချင်းစစ်သည်များ ဂျပန်ဖက်သို့ပူးပေါင်းသွားရခြင်းအကြောင်းမှာ ဗြိတိသျှတို့က ဂျပန်တို့အား တိုက်ခိုက် ဗုံးကြဲသောအခါ အကာကွယ်မဲ့သော ချင်းရွာများအား ရှောင်ရန် ဗြိတိသျှတပ်အတွင်းမှ ချင်းစစ်သည်များက တောင်းဆိုသော်လည်း လက်ခံဘဲတိုက်ခိုက်လေသည်။ ထိုအခါ ချင်းကျေးရွာများရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များအားထိခိုက်လာလေသည်။ ထို့ပြင် ဂျပန်တို့၏ဖိအားကြောင့် ကူညီနေ ရသော သူများအား ဖမ်းဆီးကာ အိန္ဒိယဖက်သို့ပို့လိုက်လေသည်။ ဂျပန်များက ထိုအဖမ်းခံရသော သူများသည် အသက်ရှင်ရန်အလားအလာမရှိတော့ကြောင်းနားသွင်းသောကြောင့် ချင်းစစ်သည်အချို့ ဂျပန်ဖက်ကူး သွားရခြင်းဖြစ်လေသည်။ Lieutenant Ngaw Cin Pau, Captain Tual Kam, Lieutnant Thang Za Hau နှင့်အချို့တို့လည်းပါဝင်လေသည်။ ၎င်းတို့မိသားစုများသည် ဂျပန်တို့အားကူညီသည့်အမှုကြောင့် အဖမ်းခံရကာ အိန္ဒိယသိုအပို့ခံရလေသည်။ ထို့ကြောင့် ဂျပန်တို့နှင့်ပူးပေါင်းရခြင်းဖြစ်လေသည်။
ဂျပန်တို့သည် ၁၉၄၃ ခု တွင် ဖလမ်းကိုသိမ်းပိုက်ကာ၊ ၁၉၄၃ ခုနိုဝင်ဘာ ၁၁ တွင် ဟားခါးအား သိမ်းပိုက်လေသည်။ ၁၉၄၄ ခုနှစ်တွင် တီးတိန်မြိုအားချီတက်သိမ်းပိုက်နိုင်ခဲ့သည်။ ချင်းအမျိုးသားများသည် လူမျိုးခြားလက် အောက်မှ လွတ်မြောက်ရေးကို ရည်ရွယ်က ထိုချင်းလွတ် မြောက်ရေးတပ်မတော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (Chin Defense Army) အဖြစ် ၁၉၄၄ ခုနှစ်တွင် ပြောင်းလဲခေါ်ဝေါ်လေသည်။ ဦးဆောင်သူများမှာ ဗိုလ်ထန်ဇဟောက်၊ ဗိုလ်လျန်ကျင့်ထန်၊ ဗိုလ်ငေါ့ကျင်ပေါင်၊ ဗိုလ်လျန်ထာလုံး၊ ဗိုလ်ထန်ကျင့်ဟောက်၊ ဗိုလ်ခိုဇမ်း၊ ဗိုလ်လွကျင်၊ ဗိုလ်ရှလွယ်၊ ဗိုလ်ပွန်ဇကမ်း၊ ဗိုလ်ဝုန်ဆွမ်း၊ ဗိုလ်ခွပ်ဆာဟုန်း၊ ဗိုလ်လျန်လွဲ၊ ဗိုလ်ရှင့်ခိုဇမ်း၊ ဗိုလ်ရှောင်ဟော၊ ဗိုလ်ငိုလျင်း၊ ဗိုလ်ထောင်ဇာ ကျင့်ဟောက်၊ ဗိုလ်သွင်ဇာကျင့် တို့ဖြစ်လေသည်။ ထိုခေါင်းဆောင်အချို့မှာ မဟာမိတ်များပြန်လည် ဝင်ရောက်လာသောအခါ ထောင်ဒဏ်များ အပြစ်ပေးခံရလေသည်။
iii-#တောင်ပိုင်းချင်းတော်လှန်ရေးစစ်သည်များ
၁၉၃၄ ခုနှစ် ဇူလိုင် ၂၈ တွင် မင်းတပ်နယ် လှီရုံးကျေးရွာတွင် ချင်းတောင်ညီညွတ်ရေးအဖွဲ့ ခေါ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို စတင်တည်ထောင်ခဲ့လေသည်။ ထိုအဖွဲ့စည်းသည် ချင်းအမျိုးသားနိုင်ငံရေးတွင် ပထမဆုံးသောအဖွဲ့အစည်းဖြစ်သည်ဟုဆိုနိုင်လေသည်။ ဦးဝမ္မသူးမောင်းက ဥက္ကဌဖြစ်ကာ၊ ဦးဆာလောင်း အွမ်နိန်၊ မသုန်နူးတန်းကမ်၊ ဝရဲလောဟာ၊ ဝမ္မသူးငိုင်း၊ ထွီရိန်အွမ်ဟာ၊ ထောင်ကုန်းကီးဖေလိန်း၊ ခွီးကီလိန်း၊ ခွီရိန်ငိုင်း၊ လောအွမ်ဟာ၊ မောင်းလှိန်း စသည်တို့ပါဝင်လေသည်။ ၎င်းတို့သည်မူလက ချင်းအမျိုးသားများ၏ အခွင့် အရေးများအား ဗြိတိသျှတို့ထံ ကောင်းမွန်စွာတောင်းဆိုကြလေသည်။ သို့သော် မတရားအသင်း ကြေငြာခံရလေသည်။ခေါင်းဆောင်များလည်း အဖမ်းဆီးခံရလေသည်။ ထို့နောက် ၁၉၄၂ ဗြိတိသျှများ ဆုတ်ခွာသည်နှင့် ဝမ္မသူးရွာမှ ဦးမာန်ကင်းမှ ဦးဆောင်ကာ ချင်းတောင်ယာယီ အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့ စည်းကြလေသည်။ ဦးဝမ္မသူးမောင်းလည်းထောင်မှလွတ်လာပြီး ချင်းတောင်နိုင်ငံရေးအသင်းအဖွဲ့များဖွဲ့ စည်းရန်နှင့် ရဲဘော်များစုဆောင်းရန်တာဝန်ယူကြလေသည်။
ထို့နောက် ဗမာ့လွတ်မြောက်ရေးတပ်မတော်နှင့်ဆက်သွယ်ကာ ချင်းရဲဘော် (၆၀၀) ကျော်ကို စုဆောင်းကာ ဗမာ့တပ်မတော်သို့သွတ်သွင်းနိုင်ခဲ့လေသည်။ တောင်ပိုင်းချင်းတောင်မှ တော်လှန်ရေးသည် ပြည်မနှင့်ဆင်တူကာ နောက်ပိုင်းတွင် ဖက်ဆစ်တို့၏အကြောင်းကို သိရှိလာကာ ဂျပန်တော်လှန်ရေးကို ပြည်မ ဗိုလ်ချုပ်အောင်ဆန်း၊ ဗမာလွတ်မြောက်ရေးတပ်မတော်၊ ဗမာကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းကာ တော်လှန်ခဲ့လေသည်။
၃)#ဂျပန်တော်လှန်ရေးချင်းတပ်များ
ဤအုပ်စုများသည် ဂျပန်တို့၏ရက်စက်မှု ဖစက်စ်စနစ်ကိုမနှစ်သက်သောကြောင့် လူထုတော်လှန်ရေးမှ စတင်လာခြင်းဖြစ်လေသည်။ အဂ်လိပ်တို့နောက်ခံထားလျက် တော်လှန်သောသူများနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် လက်တွဲလျက်တော်လှန်သူများဟု နှစ်စုရှိပြန်သည်။
i-#ချင်းလွတ်လပ်ရေးတပ်မတော် (Chin Independence Army)
ဂျပန်တို့၏ ဖက်ဆစ်စနစ်အား နှစ်သက်ခြင်းမရှိတော့သောကြောင့် ဂျပန်တို့အား တွန်းလှန်လိုသော စိတ်များဖြစ် ပေါ်လာကြကာ ဂျပန်တော်လှန်ရေးလှုပ်ရှားမှုများလျင်မြန်စွာကူးစက်သွားပါသည်။ Ngawn, Falam, Zahau, Hakha ဧရိယာများသို့ရောက်ရှိသွားကာ ၁၉၄၄ စက်တင်ဘာလတွင် ဂျပန်ပုန်ကန်မှုကြီးဖြစ်ပွားလာပါသည်။ ထိုမှ ချင်းလွတ်မြောက်ရေးအဖွဲ့(Free Chin)အဖွဲ့လည်းပေါ်ပေါက်လာပါတော့သည်။ ထို့နောက် Mualbem. Sualim, Suangktuam. Sakhiang, Phutthang နှင့် သူလူများက Suangpi, Phunom တွင့်လည်းကောင်း တိုက်ခိုက်လာလေသည်။ Ngawn မျိုးနွယ်များကလည်း Vanzang တွင်လည်းကောင်းတိုက်ခိုက်လေသည်။ ထို Free Chin အားဖြင့် ချင်းလွတ်လပ်ရေးတပ်မတော်(Chin Independence Army) အဖြစ်ထင်ရှားသော အဖွဲ့ဖြစ်လာလေသည်။ ဗြိတိသျှအရာရှိ C.L Burn ကပင် ချီးကျူးစာပို့ရလေသည်။
ii-#တောင်ပိုင်းဂျပန်တော်လှန်ရေးစစ်သည်များ
၁၉၄၅ ခုနှစ်တွင် မြန်မာပြည်မတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကာ ဂျပန်တို့အား တော်လှန်ရေး စတင်ခဲ့ ပါသည်။ တောင်ပိုင်းချင်းတောင် (ကန်ပက်လက်-မင်းတပ်) နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်လင်းအား ဦးဝမ္မသူးမောင်းထံစေလွတ်၍ချင်းတောင်မှ ဂျပန်ဆန့်ကျင်ရေးလုပ်ဆောင်နိုင်ရန်လုပ်ဆောင်ကြပါသည်။ ထို့ကြောင့် ချင်းတောင် တောင်ဖက်မှ ချင်းအမျိုးသားများသည် တပ်ရင်း (၇) ဗိုလ်မှုးအောင်၏ တပ်များနှင့် ဆက် သွယ်ကာ ဂျပန်ဆန့်ကျင်ရေးတွင်ပါဝင်ခဲ့ကြလေသည်။ ချင်းတောင် တောင်ဖက်မှ ချင်းအမျိုးသားများသည် ပြည်မနှင့်ပူးပေါင်းကာ တိုက်ခိုက်ကြကြောင်းတွေ့ရသည်။
၄)#စစ်အတွင်းချင်းတောင်အုပ်ချုပ်ရေး
ဗြိတိသျှအထွက် ဂျပန်အဝင်တွင် ချင်းတောင်တွင် အုပ်ချုပ်ရေးနှစ်ပိုင်းရှိလေသည်။ အဓိကအားဖြင့် ဗြိတိသျှကိုဆန့်ကျင်ကာ ဂျပန်တပ်မတော်၊ ဗမာ့တပ်မတော်နှင့် ပူးပေါင်းသော ချင်းတောင် တောင်ပိုင်းဒေသနှင့် ဗြိတိသျှကိုသစ္စာခံသော ချင်းတောင် မြောက်ပိုင်းဒေသတို့ဖြစ်လေသည်။ ဂျပန်နှင့်ပူးပေါင်းသည်ဆိုရာတွင် သစ္စာခံခြင်း မဟုတ်ဘဲ မိမိတို့လွတ်မြောက်ရေးပန်းတိုင်အတွက်ပူးပေါင်းခြင်းဖြစ်လေသည်။ထို့ကြောင့် ဂျပန်များက ဖက်ဆစ် စနစ်ကိုကျင့်သုံးလာသောအခါ ပြန်လည်တော်လှန်ကြခြင်းဖြစ်လေသည်။
i-#ချင်းအမျိုးသားလွတ်မြောက်ရေးဥသျှောင်အဖွဲ့ (ချင်းတောင်မြောက်ပိုင်း)
ချင်းအမျိုးသားများ နေရေးထိုင်ရေးနှင့် ဘဝလုံခြုံမှုမရှိသည်ကို ကွပ်ကဲရန်အတွက် ချင်းအမျိုးသား လွတ် မြောက်ရေးဥသျှောင်အဖွဲ့ (Chin Leader’s Freedom League) /ချင်းအမျိုးသားကောင်စီ (ဒေါ့စွန်းမှ သုံးနှုန်းသည်) အား ဦးဗွန်ခေါဟော ခေါင်းဆောင်ကာ ဖွဲ့စည်းလေသည်။ Bo Vum Ko Hau(Chairman), Bo Pau Za Kam(Levy Commender and deputy Chairman), Bo V. Khai Mun Mang(Secratery), Bo Vul Za Thang(Joint Secretary), Bo Ngin Za Tuang(Senior Officer) တို့က ဦးဆောင်လေသည်။ အဖွဲဝင်များအဖြစ် Bo Lun Pum (Intelligence officer), Bo Sum Mang(Senior officer in Charge of Zahau area), Bo Awn Ngin, Hony. Jamadar Bo Zuk Tsio, Don Khaw Ting တို့ပါဝင်သည်။ ထိုအဖွဲ့သည် ဗြိတိသျှအုပ်ချုပ်ရေးနှင့်တိတ်တဆိတ်အဆက်အသွယ်ရှိလေသည်။
ii-#ချင်းတောင်အုပ်ချုပ်ရေးကောင်စီ (ချင်းတောင်တောင်ပိုင်း)
ချင်းတောင် တောင်ပိုင်း မင်းတပ်နှင့်ကန်ပက်လက်ဒေသတွင်လည် ယာယီအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကြသည်။ ဥက္ကဌမှာ ဝမ္မသူးမောင်းဖြစ်ပြီး၊ ဦးမာန်ကင်း၊ ဦးဟန်ဘုန်းထန်း၊ ဦးကိန်းအွမ်၊ သခင်အောင်ညွှန့်၊ ဦးထန်းမောင်၊ ဦးထန်းရှန်းဟာ၊ ဦးလိမ်းရှယ်၊ ဦးအွမ်နိန်း၊ ဦးအောင်ဖေ၊ သခင်သန်းရှိန်၊ သခင်ဘမောင်၊ ဦးထန်းခွေးရှိန်၊ ဦးရိုငိုင်း၊ ဦးဝမ္မသူးဟာရှိန်း၊ သခင်အောင်မင်း၊ သခင်ပု၊ သခင်ကီလိန်း၊ ဦးဝမ္မသူးငိုင်းတို့ပါဝင်လေသည်။ ပြည်မဖက်မှ ဗမာလွတ်လပ်ရေးတပ်မတော်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပိုမိုနီးကပ်သော ဆက်သွယ်ရေးရှိလေသည်။
#သုံးသပ်ချက်
နိုင်ငံရေးခံယူချက်မတူညီခြင်း၊ ပန်းတိုင်မတူညီခြင်းများကြောင့် ဂျပန်ခေတ်တလျောက်လုံး ချင်းအမျိုးသားများအကြား ကြီးမားသောကွဲပြားမှု ဖြစ်ပေါ်ခဲ့ရပါသည်။ ချင်းအမျိုးသားများသည် နှစ်ဖက်စစ်အင်အားများတွင် ပါဝင်ခဲ့ကြလေသည်။ ချင်းသမိုင်းတလျောက် မျိုးနွယ်စုတပ်မတော်များ များစွာဖွဲ့စည်းခဲ့သောအချိန် ဖြစ်ခဲ့လေသည်။
အထူးသဖြင့် တောင်ပိုင်းချင်းတောင်သည် ပြည်မနိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုတွင်ပါဝင်ကြကာ သီးခြားတပ်မတော် တည်ထောင်ခြင်းမရှိခဲ့ကြပေ။ နိုင်ငံရေးပန်းတိုင်အား ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်မနိုင်ငံရေးလှုပ်ရှားမှုနှင့် ပိုမိုနီးကပ်သည် ဆိုရပေမည်။ ချင်းတောင်ကိုလည်း ပြည်မအုပ်ချုပ်ရေးနှင့် ပူးပေါင်းလိုသည်။ ထိုအချက်သည် ချင်ပြည်နယ်ထက် ချင်းဝိသေသတိုင်းဖြစ်ရသော အကြောင်းရင်းတစ်ချက်ဖြစ်လေသည်။
မြောက်ပိုင်းချင်းတောင်မှ ချင်းအမျိုးသားများသည် အများအားဖြင့် ဗြိတိသျှအား ဆက်လက်သစ္စာခံခဲ့ကြလေသည်။ အချို့မှာ နားလည်မှုလွဲမှားခြင်း၊ ဗြိတိသျှတို့၏ မဆင်အခြင်အပြုအမူများကြောင့် ဂျပန်တို့နှင့် ပူးပေါင်းသွားရပါသည်။ ထိုအချက်ကြောင့် ချင်းတောင်မြောက်ပိုင်းတွင် အချင်းချင်း နှစ်ဖက်ဖြစ်လာခဲ့ပြီး မယုံကြည်မှုများ၊ သတ်ဖြတ်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပွားလာကာ မျိုးနွယ်စုများ အပြင်းအထန် ခံစားခဲ့ရလေသည်။ ဗြိတိသျှတို့၏ မညှာမတာ ဗုံးကျဲမှုများကြောင့် စစ်ဆင်ရေးလမ်းတလျှောက်ရှိ ချင်းရွာများအားလုံး ပျက်စီးခဲ့ရလေသည်။ စစ်အတွင်း သတ်ဖြတ်မှုများ၊ စစ်အပြီးခုံရုံးတင်အပြစ်ပေးခံရမှုများ များပြားလေသည်။
စာရေးသူ၏အမြင့်ဖြင့် ခြုံငုံကာဆိုရသော် ထိုအချိန်က ချင်းတောင် မြောက်ပိုင်းအမျိုးသားများသည် နိုင်ငံရေးအသိအမြင်တွင် အားနည်းကာ ဗြိတိသျှတို့အား ဆက်လက်သစ္စာခံခြင်းကို ရောင့်ရဲသောသဘောထားကို ပိုမိုတွေ့ရလေသည်။ နိုင်ငံရေးအသိအမြင် အားနည်းမှုနှင့် လှုပ်ရှားမှု အားနည်းခြင်းက ပင်လုံစာချုပ်ချုပ်ဆိုသောအခါ ချင်းအမျိုးသားတို့၏ တောင်းဆိုချက်နှင့် အခြား ရှမ်း၊ ကချင်တို့၏ တောင်းဆိုချက်ကွာဟမှုများတွင် တွေ့ရပေလိမ့်မည်။ ထိုအချိန်က ချင်းအမျိုးသားများသည် အမျိုးသားစည်းလုံးရေးဆိုသည့် နိုင်ငံရေးအတွေးအခေါ်ထက် ဝန်ထမ်းခြင်းစိတ်သဘောသာ ပိုမိုများပြားနေကြောင်း တွေ့ရလေသည်။ ထို့ကြောင့် ထောက်ပံရေး၊ ပညာရေး၊ ကျမ်းမာရေးကိုသာ တောင်ဆိုသည့် နိုင်ငံရေးသဘောထားများ ဖြစ်ထွန်းလာစေလေသည်။
#ရည်ညွှန်း
-Vom Son, Zo History
-Vum Ko Hau, Profiles of a Burma Frontier Man,1963
-ဒေါ့စွန်း၊ ချင်းအမျိုးသားများ၏နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း
Ro Sang
12-9-2021
(ပုံ) – CDA တပ်မတော်မှ ဗြိတိသျှတပ်များအားသုတ်သင်နေသည့် ပိုစတာလက်ကမ်းကြော်ငြာ