ရေး- Salai Vakok
ချင်းလဲန်းဒေသ၏ လွတ်မြောက်နယ်မြေတစ်နေရာတွင် မတူပီ-CDF တပ်ရင်း-၁ မှ ရဲဘော်တစ်ဦးနှင့် တပ်ရင်း-၄ မှ ရဲမေတစ်ဦးတို့ ရက်တစ်ပတ်အနည်းငယ်က လက်ထပ်ပွဲတစ်ခု ကျင်းပခဲ့ပါသည်။
၂၀၁၈ ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့သည့် သူတို့က ဘဝတစ်ခုထူထောင်ရန် စီစဉ်ခဲ့ကြပါသည်။ သို့သော် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုက မင်္ဂလာဆောာင်မည့် အိမ်မက်ကို နောက်ဆုတ်စေသလို ၂၀၂၁ နှစ်ဆန်းပိုင်း စစ်တပ်၏ လက်နက်နှင့် မတရားအာဏာသိမ်းမှုက သူတို့စုံတွဲကို တော်လှန်ရေးထဲ အရောက်ပို့ခဲ့သည်။
ချင်းလဲန်းနှင့် နိုင်ငံ၏အနာဂါတ်ကို ပုံဖော်ဖို့ မတူပီ-CDF တွင် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြတော့သည်။
ခေတ်မိသည်၊ ခေတ်ဆန်သည်၊ စကားကို ယဉ်ယဉ်ကျေးကျေးပြောတတ်သည်၊ ဒေါသထွက်ချိန်တွင် မတူတဲ့ ရှုထောင့်စဉ်းစား၍ ဖြေသိမ့်တတ်သည်၊ စဉ်းစဉ်းစားစားနှင့် ချိန်ဆတွေးတတ်သည်၊ သူ့ဇနီးသည်၏ ထိုအချက်တွေကို သဘောကျသည်ဟု ကိုဆလိုင်းဒေဗစ်က ပြောသည်။
အသက် (၂၇) နှစ်အရွယ် ကိုဆလိုင်းဒေဗစ် (အမည်လွှဲ) က မတူပီ-CDF ၏ စခန်းတွင် သာမန်ရဲဘော်ဖြစ်သော်လည်း စစ်ကြောင်းထွက်ရသည့်အချိန်တွင် တပ်ရင်း – ၁ ၏ တပ်စိတ်မှူးဖြစ်၏။ ယခင်က ဝါးဥစိုက်၊ နွားနောက်ကျောင်းသည့် တောင်ပေါ်သားတစ်ဦးမျှပါ။
ခုတော့ ဒီမိုကရေစီတော်လှန်ရေး မိုးသက်မုန်တိုင်းထဲ၊ ကိုဆလိုင်းဒေဗစ်တို့ ချစ်သူနှစ်ဦး ဘဝသစ်ကို စိတ်တူကိုယ်တူ ထူထောင်လိုက်ပါပြီ။ မင်္ဂလာဆောင်ကြချိန်က ကြွရောက်လာသည့် ဧည့်ပရိတ်သတ်နှင့် သိရှိကြသည့် လူထုက သတို့သမီးလောင်း၏ သစ္စာရှိမှုကို အဓိကဖော်ကျူးပြီး ချီးမွမ်းဂုဏ်ပြုကြသည်။ သတို့သမီးက မတူပီ-CDF တပ်ရင်း-၄ ၏ ဆေးတပ်ဖွဲ့ဝင်ဖြစ်ပါသည်။
“ဒါက ကျွန်တော် မကောင်းတာလုပ်တာမှ မဟုတ်တာ၊ ကောင်တာလုပ်ရင်းနဲ့ ဖြစ်သွားတာပဲ။ ဒီဘဝ ဘယ်သူမှ မလိုချင်ဘူး။ သူက နဂိုအတိုင်း လက်ခံပါတယ်။ သူက ကျွန်တော်ကို စောင့်ရှောက်တယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပြီးဆိုရင် ဒါတွေက တော်လှန်ရေးလုပ်ရင်းနဲ့ ဒီလိုဖြစ်တာဆိုတော့ သူ့စိတ်ဓါတ်ကလည်း မပြည့်စုံမှ ထားမသွားချင်ဘူး။ အချစ်က ကြီးသွားတာနေမှာပေါ့။ အဲဒါကြောင့်မို့ လက်ထပ်ဖြစ်တာ” ဟု ကိုဒေဗစ်က ဆိုသည်။
ချင်းလဲန်းဒေသက အောက်ချင်းငှက်မောင်နှံ၏ သစ္စာမေတ္တာကို ယခုမင်္ဂလာပွဲက သက်သေပြနေပါသည်။ လက်ထပ်ကြသည့်အချိန်က ကိုဒေဗစ်တွင် ဘယ်ခြေချင်းဝတ် မရှိတော့ပါ။
စစ်တပ်၏ မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည်။ ထိုနေ့က……။
၂၀၂၂ ခုနှစ်၊ မတ်လထဲက နေ့တစ်နေ့၊ မတူပီမြို့နယ်၊ ထယ်ဘွေးကျေးရွာအနီးက စစ်အာဏာသိမ်းတပ်၏ ထယ်ဘွေးကြီးစစ်စခန်းကို မတူပီ-CDF က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေသည်။ လက်နက်အနည်းငယ်သာရှိ၍ စခန်းကို တစ်လကြာ ပစ်ခတ်ပြီးပါက လူနည်းနည်းနှင့် စခန်းထဲ ဝင်စီးရန် ဗျူဟာခင်းသည်။
တစ်လပြည်ဖို့ တစ်ရက်အလိုတွင် စစ်ကောင်စီတပ် ထောင်ထားသည့် စခန်းအနီးက မြေမြှုပ်မိုင်းကို နင်းမိ၍ ဆလိုင်းဒေဗစ်၏ ခြေချင်းဝတ်အထိမှာ ပြတ်သွားခဲ့သည်။
စစ်အာဏာသိမ်းကောင်စီကို တော်လှန်တိုက်ပွဲဝင်နေသည့် ချင်းကာကွယ်ရေးအဖွဲ့တွေဘက်က ၂၀၂၂ ဇန်နဝါရီလအတွင်း ၂၀ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Chinland Join Defense Committee ထုတ်ပြန်ထားသည်။
CNA/CNF ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေကို ပြုစုစောင့်ရှာက်နေသော စင်တာတွင် ရဲဘော် ၁၈ ဦးရှိပါသည်။ အသက်အငယ်ဆုံးမှာ ၁၆ နှစ်အရွယ်၊ အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး တိုက်ပွဲတစ်ခုတွင် ရဲဘော်တွေကို ကူညီပေးနေစဉ် နင်းမိုင်းကို နင်းမိခဲ့သူဖြစ်ကြောင်း စခန်းတာဝန်ခံ ဆရာကမ်သဲက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ မြေမြုပ်မိုင်း၊ တိုက်မိုင်းနှင့် လက်နက်ကြီးတွေ၏ ထိခိုက်မှုကြောင့် အများဆုံး ဖြစ်သည်။ ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာအပါအဝင် ခွဲစိတ်ကုသစရိတ်၊ ခြေတု၊ လက်တု တပ်ဆင်ပေးခြင်းများနှင့် လိုအပ်သမျှကို အဆင်ပြေအောင် ကြိုးစားစောင့်ရှောက်နေကြောင်း၊ အနာဂါတ်ဘဝတည်ဆောက်ရေးအတွက်ပါ ကြိုးစားစီစဉ်နေကြောင်း ၎င်းကပြောသည်။
“ရဲဘော်တွေက စိတ်ဓါတ်ပြင်ထန်နေတုန်းပဲ၊ တိုက်ပွဲပြန်ဝင်မယ် တကဲကဲလုပ်နေကြတယ်။ စိတ်ဓါတ်က လုံးဝမကျဘူး။ သေတဲ့အထိ လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ပဲ။ မအောင်မြင်မချင်း၊ အရှုံးမပေးတဲ့ စိတ်ဓါတ်ရှိတယ်။ သူတို့ကို ကြည့်ပြီး ကျနော်တောင် စိတ်ဓါတ်တွေ တက်ကြွနေတယ်ဗျာ” ဟု ဆရာကမ်သဲက ဆိုသည်။
ဤစင်တာတွင် ခြေတုလက်တု တပ်ဆင်ပြီးသည့် ရဲဘော်တချို့မှာ တားမြစ်၍ မရသောကြောင့် တိုက်ပွဲဝင်ရန် မိခင်တပ်ရင်းတွေသို့ ပြန်သွားသော ရဲဘော် ၄/၅ ဦးရှိပါသည်။ မတူပီ၊ ထန်တလန်နှင့် ဟားခါး စသည့် မိခင်တပ်ဖွဲ့တွေတွင် တိုက်ပွဲပြန်ဝင်နေကြပါသည်။
တချို့ရဲဘော်များသည် စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင် ပြန်လည်ပါဝင်ချင်နေကြသော်လည်း ခြေတု၊ လက်တုတပ်ဆင်ရန် တန်းစီစောင့်ဆိုင်းနေကြရပါသည်။ CNF ထောက်ပံ့ရေးအဖွဲ့နှင့် ပြည်ပရှိ ချင်းအသိုင်းအဝိုင်းက ထောက်ပံ့နေသော်လည်း လိုအပ်ချက်က များပြားနေဆဲပါ။
အသက် (၂၅) အနှစ်အရွယ် ဆလိုင်းပီတာ (အမည်လွှဲ) က ဆရာကမ်သဲ ဦးဆောင်သော စင်တာတွင် ခြေတုတပ်ဖို့ စောင့်စားနေသူပါ။ ခြေတုတပ်ပြီးရင် တိုက်ပွဲပြန်ဝင်ချင်သူဖြစ်ပြီး နိုင်ရာဝန်, ထမ်းလျက် ဆက်လက် တော်လှန်သွားမည့်သူဖြစ်ပါသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် CNA ဌာနချုပ်၊ တပ်မဟာ-၁ တွင် ပထမဆုံးအသုတ်အဖြစ် စစ်သင်တန်း တက်ရောက်ခဲ့သော လူငယ် (၆၀) ခန့်တွင် ကိုပီတာ ပါဝင်ပါသည်။ စစ်သင်တန်းပြီးနောက် မတူပီ-CDF ၏ တာဝန်ချရာ မတူပီ-မင်းတပ်နယ်ဘက်သို့ မတူပီ-CDF တပ်ရင်း-၁ ၏ ရဲဘော်တချို့နှင့်အတူ ခါးချိုးသုံးလက်၊ ကျည်ဆန် (၃၀) ဖြင့် သူတို့ တိုက်ပွဲစဝင်ခဲ့ကြသည်။
“စစ်တပ်က မတရားအာဏာသိမ်းတာကို မကြိုက်လို့၊ လက်နက်မကိုင်လို့ မဖြစ်တော့လို့၊ ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့တာ”
ဆလိုင်းပီတာသည် မတူပီဇာတိ၊ မောင်နှမ ၇ ဦးတွင် ၄ ဦးမြောက်သား၊ ပခုက္ကူတက္ကသိုလ်က သမိုင်း နောက်ဆုံးနှစ်ကျောင်းသားဖြစ်၏။
မတူပီမြို့၊ ထယ်ဘွေးရွာအနီးက စစ်ကောင်စီတပ် ထယ်ဘွေးစခန်းကို မတူပီ-CDF တပ်ရင်း -၃ က စခန်းသိမ်းရန် တိုက်ပွဲဖြစ်သည်။ မတူပီ-မင်းတပ် နယ်စပ်ဘက်မှာ စစ်ရေးလှုပ်ရှားသည့် ကိုပီတာတို့ တပ်ရင်း – ၁ က တပ်ရင်း-၃ ကို စစ်ကူပေးရသည်။ စခန်းအနီး မီတာ (၁၀၀) ခန့်၌ ကတုတ်ကျင်းတူးပြီးနောက် လက်ပစ်ဗုံးများ ယူရန် ပြန်ဆုတ်ချိန်တွင် မြေမြုမ်မိုင်းနင်းမိကာ ကိုပီတာ၏ ဘယ်ခြေထောက် ဆုံးရှုံးခဲ့ရပါသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီစခန်းအနီးမှာ မိုင်းနင်းမိသောကြောင့် နာကျင်မှု၏ “အော်သံ” ထွက်မလာစေရန် ကျိတ်မှိတ်ခံရသည်။ ရန်သူက သိရှိသွားပါက မိမိ၏ ရဲဘော်တွေ၏ အသက်အန္တရာယ်မှာ မတွေးဝံ့စရာပင်။
“တစ်ယောက်မှ စိတ်ဓါတ်ကျ၊ ပြိုလဲတာမျိုး မရှိဘူး။ တစ်နေ့ပြီး တစ်နေ့ ဘယ်လိုရုန်းကန်ကြမလဲ၊ ဘယ်လိုတိုက်ခိုက်ကြမလဲ။ ဒီတော်လှန်ရေးကို ဘယ်လိုအောင်မြင်မလဲကို နည်းလမ်းပေါင်းစုံနဲ့ လုပ်နေကြပါတယ်” ဟု မတူပီ-CDF က ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဂျွမ်က ပြောပါသည်။
ဆလိုင်းဒေဗစ်နှင့် ဆလိုင်းပီတာတို့သည် တော်လှန်ရေးစိတ်ဓါတ်ပြင်းထန်ကြပြီး ၎င်းတို့က လွန်စွာ ကံကောင်းသောလူတွေဟု မိမိကိုယ်ကို ခံယူကြသည်။ ၎င်းတို့၏ မျက်စိရှေ့တွင် ရဲဘော်ရဲဖက်များစွာ ကျဆုံးနေမှုကို ကြုံခဲ့ရဖူး၍ သူတို့နှင့် နှိုင်းယှဉ်ပါက ခြေထောက်တစ်ဖက်ဆုံးရှုံးမှုမှာ “ဘာမှ ပြောပလောက်စရာ မရှိဘူး” ဟု ပြောသည်။
စစ်အာဏာရှင်တော်လှန်ရေးတွင် စစ်တိုက်နိုင်သူက စစ်တိုက်၊ စစ်မတိုက်နိုင်သူ/ စစ်မတိုက်ချင်သူက ထမင်းချက်/ရေခပ်၊ ရုံးအလုပ် စသဖြင့် လုပ်ငန်းတွေ များစွာရှိပြီး ၎င်းတို့နှင့် သင့်လျော်မည့် လုပ်ငန်းများဖြင့် ဆက် လက်တိုက်ပွဲ၀င်ကြပါလိမ့်မည်။ ဇနီးမောင်နှံနှစ်ဦးလုံး တိုက်ပွဲဝင်နေသူ ဆလိုင်းဒေဗစ်က
“အကြောက်တရား မလိုချင်လို့ ဒီတော်လှန်ရေးကို လုပ်တာ၊ ဒီတော်လှန်ရေးလုပ်မှ အကြောက်တရား ထပ်ရှိနေတယ်ဆိုရင် ဒီတော်လှန်ရေးလုပ်နေတာ အဓိပ္ပါယ်မရှိတော့ဘူး။ ဒဏ်ရာရရှိခြင်းအားဖြင့် ဘယ်နေရာသွားသွား ကျွန်တော်တို့ မျက်နှာငယ်စရာ မလိုဘူး”
“ပြီးရင် ကျဆုံးသွားတဲ့ ရဲဘော်တွေဆိုရင်လည်း ကျွန်တော်တို့ တပ်ရင်းအနေနဲ့ ၁၁ ဦးရှိပြီး၊ သူတို့ နာမည်အားလုံးကို ကျွန်တော် အလွတ်ရတယ်။ နောင်တချိန်ကြရင် သူတို့ နာမည်က သူတို့ မျိုးရိုးဂုဏ်ကို မြင့်လာစေမဲ့ အရာတွေကြီးပဲ”
“ဝမ်းနည်းခြင်း” ဟူသော ခေါင်းစဉ်၊ “လေးစားဂုဏ်ပြုကြောင်း၊ ကျန်ရစ်သူ မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်” ဟူသော စာအလယ်၊ “အသက်ပေးလှူသွားခဲ့သော မျိုးချစ်ရဲဘော်များအားလုံး ဘုရားသခင်၏ အေးမြသော ရင်ခွင်၌ အိပ်စက်အနားယူပါစေ”ဟူသော နိဂုံးဖြင့် ချင်းအမျိုးသားတပ်ဦးက ကျဆုံးသူတွေကို ဆိုရှယ်မီဒီယာက ထုတ်ပြန်လေ့ရှိပါသည်။
၂၀၂၁ ဧပြီလမှ ၂၀၂၂ ဇန်နဝါရီလအထိ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသော ချင်းကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၇၆ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၁၂၀၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း၊ စစ်ပွဲကြောင့် ပြည်သူ ၄၀ သေဆုံးကြောင်း Chinland Join Defense Committee ထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား (၁၀)လအတွင်း တိုက်ပွဲပေါင်း ၂၅၀ ကျော် ဖြစ်ပွားခဲ့သည်ဟု CJDC က ဆိုသည်။
ချင်းလဲန်းဒေသ၏ ကျဆုံးရဲဘော်အများစုမှာ အသက်ကြီးပိုင်းထက် လူငယ်တွေက ပိုမိုများပြားပြီး သူတို့မှာ ၎င်းတို့အတွက် နိုင်ငံရေး မျှော်မှန်းချက် မရှိပါ။ အကြမ်းဖက်စစ်ကောင်စီအစိုးရကို တိုက်ထုတ်ပြီး တော်လှန်ရေး အောင်မြင်ရမည်ဟူသော စိတ်ဓါတ်တစ်ခုတည်းဖြင့် တိုက်ပွဲဝင်နေသူဖြစ်သည်ဟု CJDC က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ဆိုသည်။
“ကျဆုံးရဲဘော်ဖြစ်ဖြစ်၊ လက်ရှိတိုက်ပွဲဝင်နေတဲ့ ရဲဘော်ဖြစ်ဖြစ် တော်လှန်ရေးမှာ စည်းစည်းလုံးလုံးနဲ့ သတ္တိရှိရှိနဲ့ သွားကြရအောင်လို့၊ ပြီးတော့ အသက်ပေးခဲ့ရတဲ့ အသက်တစ်ချောင်းဟာ တော်လှန်ရေးအတွက် တကယ့်ကို ပေးဆပ်တဲ့ မျိုးစေ့တွေ ဖြစ်ပါတယ်။ ဒီမျိုးစေ့ဟာ တကယ်ရှင်သန်ပြီး တော်လှန်ရေးအောင်မြင်နိုင်မဲ့ မျိုးစေ့တွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ကျဆုံးခဲ့သည့် ရဲဘော်တွေနှင့် လက်ရှိတိုက်ပွဲဝင်နေဆဲ ရဲဘော်တွေသည် ချင်းလဲန်း၏ ဒေသအစုံက ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများနှင့် ဘာသာရေးဘက်က လာသူများ အပါအဝင် နယ်ပယ်စုံကဖြစ်ပါသည်။ တချို့ရဲဘော်တွေ သည် ကျေးရွာတွေက ထိန်းမရ၊ သိမ်းမရသော လူငယ်တွေလည်းပါဝင်ပြီး ခုချိန်တွင် တော်လှန်ရေးအတွက် စည်းကမ်း လိုက်နာသောရဲဘော်ကောင်းများဖြစ်လာကြသည်။
ချင်းလဲန်းဒေသတွင် ချင်းအမျိုးသားတပ်ဦးအပါအဝင် ဟာခါး၊ ထန်တလန်၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ တီးတိန်၊ တွန်းဇံ၊ ပလက်ဝ၊ ယော၊ တမူး၊ ဂန့်ဂေါ နှင့် ကလေး စသည်တို့မှာ ချင်းလဲန်း ကာကွယ်ရေး တပ်ဖွဲ့များ ဖွဲ့စည်းကာ CJDC၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီတပ်ကို တော်လှန်နေခြင်းဖြစ်သည်။
ချင်းတောင်တန်းအနှံ့အပြားက ချင်းတော်လှန်ရေးအဖွဲ့အသီးသီးသည် ကျဆုံးရဲဘော်တွေနှင့် မိသားစုတွေအတွက် ကူညီထောက်ပံ့နိုင်မှု အနည်းအငယ်သာ ရှိပါသည်။ တချို့အဖွဲ့က ကျဆုံးရဲဘော်၏ အသုဘကိစ္စနှင့် ကျန်ရစ်သည့် မိသားစုအတွက် ချင်းဓလေ့ထုံစံအရ ထောက်ပံ့နိုင်သည်။ တချို့မှာ မထောက်ပံ့နိုင်ပါ။
CDF အဖွဲ့တို့တွင် ငွေကြေးမှာလည်း အကန့်အသတ်နှင့်သာ ရှိပြီး အများဆုံးမှာ နှစ်သိမ့်စကားသာ ပြောပေးနိုင်ပါ သည်။ ကျဆုံးရဲဘော်တွေအတွက် အထောက်အပံ့နှင့် ကူညီပေးမည့် သီးခြားအဖွဲ့အစည်းမရှိပါ၊ သို့သော် လှူဒါန်းချင်ပါက ကျဆုံးရဲဘော်၏ မိဘနှင့် မိသားစုကို CDF တွေမှတစ်ဆင့်လှူပေးနိုင်ပါသည်။
ချင်းပြည်နယ်အစိုးရ သို့မဟုတ် ချင်းအမျိုးသားအတိုင်ပင်ခံအဖွဲ့တို့ကို ဖွဲ့စည်းပြီးပါက တော်လှန်ရေးမှာ ကျဆုံးသွားသော ရဲဘော်တွေအတွက် တစ်ခုခု လုပ်ဖို့ အစီအစဉ်ရှိသော်လည်း ဘာလုပ်မလဲဆိုသည်ကို မသတ်မှတ်နိုင် သေးပါ။ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီးပါက အစီအစဉ်ချမှတ်ကာ လုပ်ဆောင်ပါမည်။
“ကျွန်တော်တို့ ချင်းသမိုင်းမှာ ကျွန်တော်တို့ ရဲဘော်တွေရဲ့ နာမည်ကတော့ အမြဲတမ်းကျန်သွားမှာပေါ့”ဟု CJDC က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်တီမီက ပြောသည်။
လက်ရှိတော်လှန်ရေးကာလတွင် ကျဆုံးသွားသော ရဲဘော်တချို့မှာ နာမည်အမှန်၊ နေရပ်လိပ်စာအမှန် ဖြင့် သေဆုံးခွင့် မရကြသကဲ့သို့ ဇာတိအိမ်တွင် အသုဘအခမ်းအနားကို သိုသိုဝှက်ဝှက် လုပ်ရသည့် ဖြစ်စဉ်များလည်း ရှိသည်။ အာဏာသိမ်းစစ်ကောင်စီတပ်က သိရှိသွားလျှင် ကျန်ရစ်သော မိဘနှင့် ဆွေမျိုးမောင်နှမတွေကို တမျိုးတဖုံနှင့် ဒုက္ခပေး မည်ကို စိုးရိမ်၍ ဖြစ်ပါသည်။
“ငွေရေး၊ ကြေးရေး မတတ်နိုင်ခဲ့တောင် အသက်ဆုံးပါးတဲ့အထိ ပေးဆပ်ခဲ့ပြီးတော့ ဒီတော်လှန်ရေးကို ပါဝင်ဆင်နွှဲခဲ့ တဲ့အတွက် သူတို့ကို တစ်သက်လုံး ကျွန်တော်တို့ရဲ့ ရင်ထဲမှာ၊ သမိုင်းမှာလည်း အမည်ကျန်နေခဲ့မယ်။ သူတို့ မိသားစု အတွက်လည်း ဂုဏ်ယူမိပါတယ်”ဟု မတူပီ-CDF က ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဂျွမ်းက ပြောသည်။
ဆလိုင်းပီတာ၏ အခင်ဆုံးရဲဘော်ရဲဖက်မှာ “မင်းတပ်မြို့မှ ကြိုဆိုပါ၏” ဆိုင်းဘုတ်အနီး တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။ ထို့နေ့က ကိုပီတာတို့အဖွဲ့က (၄) ဦးနှင့် စစ်ကောင်စီဘက်က (၃၀) ဦးတို့ မထင်မှတ်ဘဲ ဆုံမိကြပြီး တိုက်ပွဲဖြစ်ရာ အင်အားချင်း မမျှသောကြောင့် ဆုတ်ခွာလျက် ပစ်ခတ်ရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် အဆက်မပြတ်ပစ်သည်။ ကိုပီတာတို့တွင် မောင်းပြန် (၂) လက်၊ ခါးချိုး (၂)လက်ဖြင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး စစ်ကူနောက်ကျခဲ့ရာ (၃) ဦး ကျဆုံး၍ အချစ်ဆုံးရဲဘော် ဆလိုင်းတင်မျိုး (အမည်လွှဲ) ဆုံးပါးခဲ့ရသည်။
မတူပီဇာတိဖြစ်သည့် အသက် (၂၀) ဝန်းကျင်အရွယ်၊ (၁၀) တန်းကျောင်းသား ဆလိုင်းတင်မျိုး (အမည်လွဲ) က မတူပီ-CDF ၏ နောက်တန်းစခန်းမှာ တာဝန်ထမ်းဆောင်ရသူဖြစ်သည်။ မိုင်းထောင်၊ မိုင်းရှင်း၊ မိုင်းတပ်ဆင်ခြင်း လုပ်ငန်းတွေက သူ၏ အဓိကတာဝန်ဖြစ် သည်။
ပုံမှန်အချိန်တွင် လူရိုး၊ လူအေးနှင့် အေးအေးဆေးဆေးနေတတ်သူဖြစ်ကြောင်းကို သူ့ကို မြင်လိုက်ရရုံဖြင့် သိနိုင်ပြီး သူ၏ ရည်မှန်းချက်မှာ လက်နက်ကိုင်တော်လှန်နေသော ချင်းလဲန်းဒေသက လူငယ်တွေနှင့် အတူတူဖြစ်သည်။
“စစ်တပ်က မတရားအာဏာသိမ်းတာကို မကြိုက်လို့၊ ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့တာ”
ကိုပီတာနှင့် ကိုတင်မျိုးတို့၏ ခင်မင်မှုသည် ယခင်က ကျောင်းနေဘက် သူငယ်ချင်း ဆက်ဆံရေးမျိုးဖြစ်သည်။ လက်ရှိတွင် အသက်တွေ လောင်းကြေးထပ်ထားရသော တော်လှန်ရေးတွင် တကယ့်ညီအစ်ကို မောင်နှမထက် တန်ဖိုးထားရသော မိတ်ဆွေကောင်းဖြစ်သည်။
“ကျွန်တော်တို့ ရဲဘော်တွေ ကျဆုံးသွားရင် ဝမ်းနည်းတာတော့ ရှိတယ်။ ဒါပေမဲ့ ငိုနေဖို့ မဟုတ်ဘူး။ ရဲဘော်ဆိုတာက ငိုနေလို့လည်း မထူးတဲ့ ဘဝလေ။ ငိုနေတာ ဘာမှ မထူးလာဘူး။ ဒေါသတွေ ရှေ့တန်းတင်နေလို့ မရဘူး” ဟု ဆလိုင်းပီတာက တိုက်ပွဲဝင်ရဲဘော်များ ကျဆုံးမှု၏ ခံစားချက်ကို ပြောသည်။
ချင်းလဲန်းဒေသက တော်လှန်ရေးရဲဘော်တွေ၏ ခံယူချက်တွင် လက်နက်ကိုင်တော်လှန်ရေး လုပ်ပြီဆိုပါက သွေးမြေမကျဘဲ တော်လှန်ရေးက မအောင်မြင်နိုင်ဟု ယုံကြည်သည်။ လူသားတစ်ဦးအနေဖြင့် ကိုယ်၏ ဖြစ်တည်မှုကို ပြန်စဉ်းစားသည့်အချိန်တွင် ကိုယ်လိုချင်သော အရာတစ်ခုအတွက် တိုက်ပွဲဝင်ရမည်။
ချင်းတောင်တန်းက တော်လှန်ရေးရဲဘော်တွေအနေဖြင့် အမြဲရှိနေရမည့်အရာမှာ ကိုယ့်ရပ်တည်ချက်နှင့် ရည်မှန်းချက်ကို မပျက်ဖို့ လိုအပ်သည်။ မတူပီ-CDF တွင် တပ်စိတ်မှူးအနေဖြင့် ဆလိုင်းဒေဗစ် ပြောလေ့ရှိသည့် စကားတစ်ခွန်းရှိပါသည်။
“ခင်ဗျာတို့ မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာကို ပါးစပ်နဲ့ ပြောနေလို့ မရဘူး။ လက်တွေ့ကျတဲ့အချိန်မှာ လက်တွေ့ ကျတဲ့ ပုံစံလုပ်ပါ။ လူဆိုတာ မသေတဲ့ အမျိုးမဟုတ်ဘူး။ တန်ဖိုးရှိရှိ သေ”
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းတပ်သည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ရာတွင် တိုင်းရင်းသား ဒေသများသာမက အညာဒေသများတွင်လည်း ရပ်ရွာများ၊ သာသနာအဆောက်အဦးများကို မီးရှိုးဖျက်ဆီးသည်။ အရပ်သားပြည်သူများကို ရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန်သည်။
စစ်တပ်ကို တော်လှန်သူတွေကို အကြောက်တရားများ ရှိလာစေရန်နှင့် ဆန့်ကျင်တိုက်ခိုက်မှုများ မဖြစ်စေရန် လူအခွင့်အရေး ချိုးဖောက်မှုကို ဗြောင်ပင်ပြုလုပ်နေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
ဆလိုင်းဒေဗစ်က မြန်မာနိုင်ငံတွင် နေထိုင်သူ အများစုမှာ အမေ့အပျောက် သိပ်ကြီးသည်ဟု ဆိုသည်။ တော်လှန်ရေးအစပိုင်းတွင် နိုင်ငံတစ်ဝန်း အုံနဲ့ကျင်နဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြသော်လည်း အချိန်ကြာလာသည့်နှင့် တချို့မှာ ငြီးငွေ့လာကြသည်။
တူမီးဖြင့် စတင်တော်လှန်ခဲ့သော ချင်းလဲန်းဒေသတော်လှန်းရေးကဲ့သို့ အညာဒေသတကြောက တော်လှန်ရေး၊ ကယား၊ ကရင်၊ ကချင်၊ ချင်း စသဖြင့် တိုင်းရင်းသားပေါင်းစုံက စစ်ကောင်စီကို စုစုစည်းစည်း၊ သတ္တိရှိရှိ တော်လှန်ပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဆလိုင်းဒေဗစ်က ပြောသည်။
“ဒီတော်လှန်ရေးက အကြောက်တရားကို အဓိက တွန်းလှန်တဲ့ တော်လှန်ရေးပဲ။ ကျွန်တော်တို့ ဖက်ဒရယ်ကို လိုချင်တယ်။ ဖက်ဒရယ်က ရိုးရိုးတောင်းလို့ မရလို့၊ လက်နက်ကိုင် တောင်းနေရတာ”
Photo Credit – Yaw Mang