Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းအမျိုးသမီးတွေ သေနတ် ထမ်းနိုင်မလား?

ချင်းအမျိုးသမီးတွေ သေနတ် ထမ်းနိုင်မလား?

0
By Editor on November 24, 2021 Featured

ရေး – မိုင်လဲင်

၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွေမှာ ကျွန်မတို့ ချင်းဓလေ့ထုံးတမ်းနဲ့ပတ်သက်ပြီး သုတေသနလုပ်တုန်းက ကျားမ အလုပ်တာဝန် ခွဲဝေသတ်မှတ်ခြင်းနဲ့ ပတ်သက်ပြီးမေးတဲ့အခါမှာ အမျိုးသမီးတွေ မကျေမနပ်ပြောကြတာက တောင်ယာသွားတဲ့အခါ မိန်းမတွေက ကျောမှာပလိုင်းအပြည့်နဲ့ ပစ္စည်းတွေသယ်၊ ရှေ့ဖက်မှာ ကလေးပိုးရတဲ့အချိန်မှာ ယောကျ်ားတွေက သေနတ်လေးထမ်းပြီး နောက်ကနေလိုက်လာသတဲ့။ ယောကျ်ားတွေပြောတာတော့ ဟိုအရင်တုန်းက တစ်ရွာနဲ့တစ်ရွာ စစ်တိုက်ခဲ့တဲ့အချိန်မှာ ယောက်ျားတွေဟာ မမျှော်လင့်ဘဲ ရန်သူတွေလာတိုက်ခဲ့သည်ရှိသော် ပြန်ခုခံလို့ရအောင်ဆိုပြီး တခြားပစ္စည်းတွေမသယ်ရဲဘဲ သေနတ်ဘဲ ထမ်းရခြင်းဖြစ်ပါသတဲ့။ လုံခြုံရေးကို တာဝန်ယူရတဲ့သဘောပေါ့။ ပြီးတော့ အဲဒါကို အကျင့်ပါသွားပြီး ခုထိ သေနတ်ဘဲထမ်းနေကြတာပါတဲ့။

ဒီနှစ် ချင်းပြည်နယ်မှာ အမျိုးသမီးတွေ စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုခံရခြင်းနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ဖို့ ဖလမ်းကို ကျွန်မ ပြန်သွားပါတယ်။ အဲဒီမှာ ကျားမ အလုပ်တာဝန်ခွဲဝေသတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး အပြောင်းအလဲတစ်ခု တွေ့လိုက်ရပါတယ်။ အရင်တုန်းကတော့ အမျိုးသမီးတွေက ပလိုင်းတွေနဲ့ ဟင်းသီးဟင်းရွက်တွေသယ်ပြီး အိမ်မှာလာ ရောင်းကြတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေက မော်တော်ဆိုင်ကယ်နဲ့သယ်လာပြီး လာရောင်းကြတယ်။ နည်းပညာ ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြောင်းအလဲဟာ အမျိုးသမီးတွေထမ်းရတဲ့ အလုပ်ဝန်ထုပ်ဝန်ပိုးကို ပေါ့သွားစေနိုင်တယ်။ ပြောင်းလဲသွားစေနိုင်တယ်။

ကမ္ဘာကြီးမှာနည်းပညာတိုးတက်နှုန်းက အံ့မခန်းပါဘဲ။ ဒါပေမဲ့ ဒီလိုတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုမှာ ဒီနေ့ ချင်းတောင်တန်းက တိုက်ပွဲတွေမှာ ရှေးဟောင်းပြတိုက်ထဲရောက်သင့်နေပြီဖြစ်တဲ့ တူမီးသေနတ်တွေကို အသုံးပြုနေကြ တုန်းဘဲ။ ကျားမတန်းတူရေးနဲ့ပတ်သက်ပြီးတော့ကော တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးကို ဦးဆောင်နေတဲ့ ယောက်ျားတွေရဲ့ စိတ်သဘောထား၊ အမြင်၊ ခံယူချက်တွေကော ဘယ်လိုရှိမလဲ။ ကျွန်မ သိချင်မိတယ်။

သမိုင်းကိုကြည့်ရင် အမျိုးသမီးတွေဟာ အမျိုးသားတွေတိုက်တဲ့စစ်ပွဲတွေမှာ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာပါဝင်ခွင့် မရသော်လည်း စစ်ပွဲရဲ့ဒဏ်ကိုတော့ အလူးအလဲခံခဲ့ကြရတယ်။ ခေတ်အဆက်ဆက် စစ်ပွဲတွေမှာ အမျိုးသမီးတွေရဲ့ နေရာဟာ နောက်တန်းမှာ။ သူနာပြုတွေအနေနဲ့တော့ ရှေ့တန်းကို သွားလို့ရမှာပေါ့။ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတဲ့အခါ ရှေ့တန်းမှာ ယောကျ်ားတွေလို တိုက်ခိုက်ခွင့်ရဖို့ တချို့ဖေးမီးနစ်တွေက လှုပ်ရှားတောင်းဆိုခဲ့ကြတယ်။ လူသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြတဲ့ စစ်ပွဲတွေဟာ ကျားပဓာနစနစ်ကို ဖော်ညွှန်းတဲ့အရာလို့မြင်ပြီး စစ်ပွဲတွေကို ဆန့်ကျင်တဲ့ဖေးမီးနစ်တွေလည်း ရှိပါလိမ့်မယ်။

၂ဝ၁၅ ခုနှစ် သုတေသနလုပ်တုန်းက အသက်ကြီးပြီဖြစ်တဲ့ အမျိုးသားတစ်ဦးကို ကျွန်မမေးခဲ့တယ်။ ဦးလေး၊ ဘာဖြစ်လို့၊ ဘယ်လိုနဲ့ ချင်းအသိုက်အဝန်းတွေမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခြင်း စတင်လာတာဖြစ်မယ်လို့ ထင်ပါသလဲ။ သူက တော်တော်ကြာ စဉ်းစားပြီးမှ ပြန်ဖြေပါတယ်။ ယောကျ်ားတွေ သူတို့အသက်ကိုရင်းပြီး စစ်တိုက်ထွက်တဲ့အချိန်မှာ မိန်းမတွေ စစ်မတိုက်နိုင်လို့ အိမ်မှာကျန်နေခဲ့ရတဲ့အချိန်မှာ ခွဲခြားဆက်ဆံမှုစခဲ့တာ ဖြစ်လိမ့်မယ်ထင်တယ် တဲ့။

ကျွန်မတို့ အဘွားတွေ စစ်မတိုက်ခဲ့ရဘူး။ အမဲလည်း မလိုက်ခဲ့ကြဘူး။ ယောက်ျားတွေ စစ်တိုက်တဲ့အချိန်၊ အမဲလိုက်တဲ့ အချိန်တွေမှာ အဘွားတို့ဟာ အိမ်မှာနေပြီး ယောက်ျားတွေ စစ်တိုက်လို့နိုင်ရင်၊ အမဲပစ်လို့ရရင် အောင်ပွဲခံဖို့ ခေါင်ရည် လုပ်ခဲ့ကြပါလိမ့်မယ်။ အဲဒီခေါင်ရည်အတွက် စပ်ဆန်တွေရဖို့၊ ပြောင်းဖိုးတွေရဖို့ နေ့တိုင်းတောင်ယာသွားခဲ့ကြလိမ့်မယ်။

ဂရိတွေမှာတော့ စစ်ပွဲနဲ့ဆိုင်တဲ့ဘုရားမ အသီနာ၊ အမဲလိုက်ခြင်းနဲ့ဆိုင်တဲ့ဘုရားမ အားတမီးစ် (ရောမလို ဒိုင်ယာနာ၊ ရုပ်ရှင်မှ wonder woman) တွေလို စွမ်းရည်ရှိတဲ့ နတ်ဘုရားမတွေရှိကြတယ်။ ချင်းတွေရဲ့ ဒဏ္ဍာရီထဲက(လူမိန်းမ မဟုတ်တဲ့) အမတွေ ကျွန်မသိသလောက်ဆိုရင်။ လူသေတွေနေတဲ့ရွာကို အဝင်ပေါက်က စောင့်တဲ့ စာနူးရှိတယ်။ သူ့အကျင့်ပုတ်လို့ လူသေတွေရဲ့ဝိဉာဉ်တွေကို နှိပ်စက်တတ်လို့ အမျိုးတွေက သူ့လာဒ်ထိုးဖို့အတွက် လူသေတွေကို သဂြိုလ်တဲ့ခါ ပစ္စည်းတွေထည့်ပေးရတယ်။ ပီးနူးကျ သီးချင်းတော့အစပ်ကောင်းပါရဲ့၊ ရုပ်ရည်က အင်မတန်းဆိုးဆိုဘဲ။ ခြေတစ်ဖက်ကဆာပြီး ဘုစုခရုအရွယ်တူကလေးတွေနဲ့။ လစီးကျတော့ လှပတဲ့ တောတောင်စောင့် နတ်သမီး။

ပြောချင်တာက စစ်တိုက်တဲ့မိန်းမဆိုတာ ကျမတို့ ချင်းတွေရဲ့သမိုင်းမှာကော၊ ဒဏ္ဍာရီမှာကော မရှိခဲ့ဘူး။ အဲဒါကြောင့် မင်းတပ်ဖက်က အခြေအနေတွေကို တင်ပေးနေတဲ့သူတစ်ယောက်က အမျိုးသမီးတွေလည်း စစ်တိုက်မယ်ဆိုတာကို ဖေစ့်ဘုတ်မှာတွေ့တဲ့အခါ ကျွန်မ တော်တော်အံ့သြသွားတယ်။ လန့်သွားတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ချင်းအမျိုးသမီးတွေ သေနတ်ထမ်း နိုင်မလား? ကျွန်မ မသိပါ။

သို့သော် လူတိုင်း ကိုယ့်ဘဝမှာ ဘာလုပ်ရမလဲဆိုတာ ရွေးချယ်ခွင့်ရှိတယ်၊ ရှိသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အကယ်၍ ချင်းအမျိုးသမီးတချို့က သေနတ်ထမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်ရှိသော် ကျွမ်းကျင်မှု ရှိကြပါစေ။ မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိကြပါစေ။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်းတီးနိုင်ကြပါစေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.