ဆလိုင်းကစ် (ပ်) (ချင်းပြည်)
၁၉၇၅ ဂျွန်လ (၆) ရက်။
မှတ်မိသလောက်ကတော့ ပညာရေးတက္ကသိုလ်မှာ ပွဲဦးထွက်ဆွေးနွေးပွဲတခုလုပ်ပြီး ၁၉၇၅ ဂျွန်လ (၆) ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကို ပညာရေးဝန်ကြီးကိုယ်တိုင်လာဖို့ တိုက်တိုက်ဆိုင်ဆိုင် အလှည့်ကြုံပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရတာက အဲဒီနေ့ဟာ အရင်နှစ်က ဖြစ်ပျက်ခဲ့တဲ့ အထွေထွေ အလုပ်သမားသပိတ်ကြီးရဲ့ နှစ်ပါတ်လည်နေ့ကြီး ဖြစ်နေပါတယ်။ ဆင်မလိုက်သင်္ဘောကျင်း၊ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ စသည်တို့မှာ အလုပ်သမား အမြောက်အမြားနဲ့အတူ ကျောင်းသားတစ်ချို့ ၁၉၇၄ ဂျွန်လ (၆) နဲ့ (၇) ရက်နေ့များမှာ သွေးမြေကျ အသက်စတေးခဲ့ကြတာ ပူပူနွေးနွေးပဲ ရှိနေပါသေးတယ်။
ပိုပြီးဆိုးတာက ရန်ကုန်စက်မှုတက္ကသိုလ် မဆလရဲ့ လမ်းစဉ်လူငယ်အဖွဲ့ထဲက ကျောင်းသားတွေကို တိတ်တဆိတ် ကြိုတင်ညှိနှိုင်းထားကြပြီး၊ ဘယ်သူပြီးရင် ဘယ်သူ ဘာတွေပြောမယ်၊ ဘာတွေ တင်ပြဆွေးနွေးမယ်ဆိုတာတွေ ဇာတ်တိုက်ထားကြတဲ့သတင်းဟာ စက်မှုတက္ကသိုလ် ကျောင်းဆောင်တွေမှာ ပြန့်နှံ့နေပြီး မဆလခေတ်တခုလုံးမှာ မဆလရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဒီလို ဟန်ပြ အတုအယောင် ဆွေးနွေးဝိုင်း ကျင်းပပြီး ကျောင်းသားထုကို လိမ်ညာစော်ကားဖို့ ကြံစည်မှုအပေါ် ကျောင်းသားထုဟာ ဒေါသူပုန်ထနေကြပြီးဖြစ်တယ်။
ဆွေးနွေးပွဲကို စက်မှုတက္ကသိုလ်ခန်းမထဲမှာ ကျင်းပခဲ့ပြီး စင်မြင့်ပေါ်မှာတော့ ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ကြီး၊ ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းနဲ့ နိုင်ငံတော်ကောင်စီဝင် ဒေါက်တာလှဟန်တို့အဖွဲ့က နေရာယူထားကြပါတယ်။ ဒါပေမဲ့ မဆလအတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲဦးထွက်ပြောဖို့ လမ်းစဉ်လူငယ်က ဇာတ်တိုက် ရွေးချယ်ထားတဲ့ ကျောင်းသားတချို့သာ ပြောလိုက်ရပြီး နောက်ပိုင်းကျောင်းသားထုထဲက တစ်ယောက်ပြီးတစ်ယောက် စစ်အစိုးရကို တစ်တစ်ခွခွ စတင်ဝေဖန်ပြောဆိုလိုက်ကြတာ အားလုံး ကျောင်းသားအယောက် သုံးဆယ်လောက် ပြောဖြစ်ခဲ့ကြပါတယ်။
“အလုပ်သမားတွေက ဆန်တောင်းတယ်၊ ခင်ဗျားတို့ ကကျည်ဆန်ပေးတယ်။”
(ကိုသိမ်းလွင်၊ စက်မှု)
“ကျောင်းသားအချင်းချင်း သွေးဝမ်းကွဲအောင် တစ်ယောက်နဲတစ်ယောက် မယုံသင်္ကာဖြစ်အောင် အပြန်အလှန် ထောက်လှမ်းခိုင်းတာတွေ ရပ်တန်းက ရပ်ပေးပါ”
(ကိုစိုးရန်၊လျှပ်စစ်)
“ကျောင်းသားတွေ ဆန္ဒပြတိုင်း ချင်းစစ်သားတွေက ပစ်တယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင်၊ ချင်းလက်နက်ကိုင်တပ်ရင်းတွေရဲ့ အမှတ်တံဆိပ်နဲ့ စစ်သားတွေကို သုံးခဲ့တယ်။ ဒါဟာ တိုင်းရင်းသားချင်း စိတ်ဝမ်းကွဲအောင် လုပ်တာဖြစ်တယ်။ ဒီလိုလုပ်ရပ်တွေကို ရပ်တန်းက ရပ်ပေးပါ။”
(ဆလိုင်းကစ် (ပ်)၊ ဗိသုကာ)
မဆလရဲ့ အတုအယောင် ဆွေးနွေးပွဲကြီးဟာ ကျောင်းသားထုရဲ့ ရဲရဲတောက် ရင်ဖွင့်ကြတဲ့ ဒီမိုကရေစီ ဟစ်တိုင်အသွင်ကို ပြောင်းသွားပြီး “ဆွေးနွေးပွဲကြီး” ပြီးဆုံးသွားတဲ့အချိန်မှာပဲ ဆန္ဒပြပွဲ စတင်ပါတော့တယ်။ အမှန်မှာတော့ ပညာရေးဝန်ကြီးဦးခင်မောင်ဝင်းဟာ စက်မှုတက္ကသိုလ် “ဆွေးနွေးပွဲကြီး” ပြီးရင်၊ သမိုင်းကျောင်းဆောင်တွေဆီကို သွားရောက်ပြီး ကျောင်းသားတွေနဲ့ ဆက်လက် “ဆွေးနွေး” ဖို့ပါဘဲ။ ဒါပေမဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ဟစ်တိုင်ကပေးလိုက်တဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် သူ့ခမျာမှာ သမိုင်းကျောင်းဆောင်တွေ ဆီက ကျောင်းသားတွေကို မရင်ဆိုင်ရဲလောက်အောင် ဖြစ်သွားရပြီး၊ အဲဒီ “ဆွေးနွေးပွဲကြီး” ကို ဖျက်သိမ်း တိမ်းရှောင်သွားခဲ့တယ်။
တစ်နည်းအားဖြင့် သူဟာ အင်မတန် ကံကောင်းသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသန့် အရေးအခင်းမှာ မဆလထောက်လှမ်းရေးတွေ အမိမဖမ်းနိုင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ဝန်ကြီးလာမယ့် သမိုင်းကျောင်းဆောင်က အားကစားရုံမှာ ကြိုတင်ရောက်နှင့် စောင့်ဆိုင်းနေခဲ့လို့ပါဘဲ။ ဆလိုင်းတင်မောင်ဦးဟာ ဦးသန့် အရေးအခင်းပြီးတော့ မြေပေါ်တစ်လှည့် မြေအောက် တစ်လှည့် ပြည်သူ တွေကြားမှာ တိမ်းရှောင် ပုန်းအောင်းနေခဲ့တာဖြစ်ပြီး သွေးစွန်းခဲ့တဲ့ ဂျွန် (၆) ရက်နဲ့ (၇) ရက် အလုပ်သမားရေးအခင်း နှစ်ပါတ်လည်နေ့ အထိမ်းအမှတ် ဆန္ဒပြပွဲကို ဖန်တီးဦးဆောင်ဖို့ အတွက် စွမ်းအားအပြည့်နဲ့ မြေပေါ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။
ပညာရေးဝန်ကြီး ဦးခင်မောင်ဝင်း သမိုင်းကျောင်းဆောင်တွေဆီကိုလာဖို့ အစီအစဉ် ဖျက်သိမ်းလိုက်ပြီးနောက် ဒီမိုကရေစီဟစ်တိုင်ကနေ အောင်ပွဲခံခဲ့ကြတဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတစ်ချို့ သမိုင်းကျောင်းဆောင်ဝင်းထဲကို ရောက်လာကြတဲ့အခါမှာ အင်အားစုနှစ်ခု ပေါင်းစပ်သွားပြီး ကျောင်းသားဆန္ဒပြပွဲ အရှိန်မြင့်လာခဲ့ပါတယ်။ အရင်နှစ် အလုပ်သမားအရေးအခင်းအပြီးမှာ သမိုင်းကျောင်းဆောင်များကနေ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံများရဲ့ အလုပ်သမားဝင်းရှိရာ ရန်ကုန်အင်းစိန်လမ်းမဆီ ထွက်တဲ့လမ်းကို နောင်မှာ ကျောင်းသားနဲ့ အလုပ်သမား အလွယ်တကူ မပေါင်းမိအောင် ရည်ရွယ်ပြီး စစ်အစိုးရက အုတ်တံတိုင်း တည်ဆောက်ကာရံခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ကျောင်းသားထုအင်အားနဲ့ အဲဒီအုတ်တံတိုင်းကို ဖြိုခွဲပြစ်လိုက်တယ်။
ပြီးတော့ ဆန္ဒပြကျောင်းသားထုကို ဦးဆောင်ပြီး ရန်ကုန်အင်းစိန် လမ်းမဆီကို ခေါ်ဆောင်လာခဲ့တယ်။ ဆန္ဒပြကျောင်းသားတွေဟာ ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ သပိတ်စခန်းဖွင့်ပြီး ဆက်လက် ဆန္ဒပြကြပါတယ်။ နောက်ပိုင်း ရက်တွေမှာတော့ အလုပ် သမားတချို့ လဲ ပါဝင်ပူးပေါင်းခဲ့ကြပြီး ကျောင်းသားအမြောက်အမြားကို အကျဉ်းချထားတဲ့ အင်းစိန်ထောင်ဆီ ချီတက်ကြပါတယ်။ “အင်းစိန်ထောင်ကို ချဲ့ပစ်၊ ချဲ့ပစ်။” “အမေက မွေး၊ ထောင်က ကျွေး” ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ ပြည်သူကို ခြိမ်းခြောက် အုပ်ချုပ်ရာမှာ ထိထိရောက်ရောက် အသုံးပြုခဲ့တဲ့ “ထောင်” ဆိုတဲ့ ဖိနှိပ်ရေးကိရိယာကို မကြောက်ဘူးဆိုတာ ပြသခဲ့ကြပါတယ်။
ရဲရဲတောက် ကြွေးကျော်သံတွေနဲ့ လောကတခွင်လုံး ကို ပဲ့တင်ထပ်စေခဲ့ပါတယ်၊ ထောင်ထဲက အလုပ်သမားနဲ့ ကျောင်းသားတွေကလည်း အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကျဉ်းထောင် ထဲမှာ အညှင်းပန်း အနှိပ်စက်ခံနေကြရပေမယ့် အမှန်တရားအတွက် အကြောက်တရားကင်းမဲ့တာကို ပြသပြီး လိုက်လံကြွေးကျော်ကြပါတယ်။ ဆန္ဒပြကျောင်းသားတွေကလည်း အင်းစိန်ထောင်ကို ဖွင့်ပေးဖို့၊ သူတို့ကိုဖမ်းဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်။ ဆန္ဒပြကျောင်းသားတွေဟာ ညနေပိုင်းမှာ သပိတ်စခန်းကို ရွှေတိဂုံဘုရားပေါ်သို့ ရွှေ့ကြပြီး တညလုံး ဆန္ဒပြခဲ့ကြတယ်။ မနက်လင်းအားကြီးချိန်မှာ စစ်တပ်က စစ်ဖိနပ်တွေ မချွတ်ဘဲ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ရွှေတိဂုံဘုရားပေါ်ကို တက်လာကြပြီး ကျောင်းသားတွေကို မတရား ဖမ်းဆီးခဲ့ကြတယ်။ ကျောင်းသားတွေကို စစ်လော်ရီကား (၈) စင်းတိုက် အင်းစိန်ထောင်ကို ခေါ်ဆောင်သွားကြပါတယ်။ လမ်းတလျှောက်မှာ အဖမ်းခံကျောင်းသားတွေဟာ စစ်အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေကို မရပ်မနား ကြွေးကျော်သွားကြတယ်။ ကျောင်းသား ၁၅ဝ ခန့် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်အဝင်မှာတော့ အဝင်လမ်း ဟိုဖက် ဒီဖက်မှာ ထောင်ဝါဒါတွေက ကြိုတင်စောင့်နေကြပြီး နံပါတ်တုတ်နဲ့ ရက်ရက်စက်စက် ဝိုင်းရိုက်ကြပါတယ်။
၁၉၇၆ မတ်လ (၂၃) ရက်
သခင်ကိုယ်တော်မှိုင်းရဲ့ ရာပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားခြေရင်းက သခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူဆီကို ချီတက်ဂါရဝပြုကြဖို့ မြေအောက်ကျောင်းသားသမဂ္ဂ၊ တက္ကသိုလ်များ ရန်ကုန်က စီစဉ်ထားပြီးဖြစ်သလို တခြားကျောင်းသားအဖွဲ့ အစည်းတွေကလည်း သူတို့နည်း သူတို့ဟန်နဲ့ စီစဉ်ထားကြတယ်။ မြေအောက်ကျောင်းသားသမဂ္ဂ၊ တက္ကသိုလ်များ ရန်ကုန်ဟာ တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်ခဲ့တဲ့ ဝါရင့် ခွပ်ဒေါင်း (ကိုနေဝင်းမော်) ကိုယ်တိုင် ဦးဆောင်ခဲ့ပြီး အများအားဖြင့် အဲဒီကာလမှာ မော်စကိုပြန်လို့ ရေပန်းစား သမုတ်ခေါ်ဝေါ်ကြတဲ့ ဦးသန့် အရေးအခင်းမှာ အဖမ်းခံကြရပြီး အင်းစိန်ထောင်ကနေ ပြန်လွတ်လာကြတဲ့ တက္ကသိုလ်ပေါင်းစုံက ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။
၁၉၇၅ ဂျွန်လ ကာလ မြေအောက်လှုပ်ရှားမှုတွေမှာ လက်ဝဲကျောင်းသားသမဂ္ဂဆိုတဲ့ အမည်အောက်မှာ လှုပ်ရှားခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။
သခင်ကိုယ်တော်မှိုင်း ရာပြည့်ရက် နီးလာတဲ့အခါမှာ စက်မှုတက္ကသိုလ်က အစဉ်အလာကြီးမားခဲ့တဲ့ ခွပ်ဒေါင်းရဲဘော် ကဗျာဆရာ ကိုတင်အေးကြူ တို့အုပ်စုနဲ့ ပေါင်းမိခဲ့ကြပါတယ်။ ကလောင်အမည် ညိုမှိုင်းလွင် ဖြစ်တဲ့ ကိုတင်အေးကြူကို ကျောင်းသားလောကမှာ မှိုင်းကြီးလို့ လူသိများခဲ့ ပါတယ်။ ကိုတင်အေးကြူဟာ ၁၉၇၄ ဂျွန်လ (၆) ရက် အလုပ်သမားတိုက်ပွဲမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ပျောက်ဆုံးနေခဲ့တဲ့ အတွက် ခွပ်ဒေါင်းရဲဘော်တွေက အလုပ်သမားတိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်လို့ ယူဆခဲ့ကြတယ်။ မှိုင်းကြီးအမှတ်တရ ကဗျာတွေ စက်မှု တက္ကသိုလ်မှာ လျှို့ဝှက်ဖြန့်ဝေပြီး ဂုဏ်ပြုခဲ့ကြတယ်။
မှိုင်းရာပြည့်နီးကာမှ ကိုတင်အေးကြူတယောက် ဘွားကနဲ့ ပြန်ပေါ်လာတော့ အားလုံး အံ့အားလည်း သင့်၊ ပျော်လည်း ပျော်ခဲ့ကြရပါတယ်။ ဒီကာလတွေမှာ ကိုတင်အေးကြူဟာ ပြည်သူတွေရဲ့ ရင်ခွင်ထဲမှာ ခိုလှုံ တိမ်းရှောင်နေခဲ့တယ် ဆိုတာကို သိရတော့ ဝမ်းပမ်းတသာ ကြိုဆိုလိုက်ကြပါတယ်။ မတ်လ (၂၃) ရက်နေ့ မနက်စောစော ရှစ်နာရီလောက်ကစ၊ စာတွေ ပို့စကဒ်တွေ ကြိုတင်ဖြန့်ဝေကာ တပ်လှန့်ထားပြီးဖြစ်တဲ့အတိုင်း စက်မှုတက္ကသိုလ်ရဲ့ ဆင်ဝင်အောက်မှာ ကျောင်းသားထု စုရုံးနေကြပြီဖြစ်တယ်။
ကျောင်းသားထုထဲမှာတော့ ချီတက်ပွဲကို ဦးဆောင်ဖို့ ရွေးချယ်ထားပြီး ဖြစ်တဲ့ ကိုတင်အေးကြူနဲ့အတူ ကိုသန်းလင်း၊ ကိုဝင်းမြင့်၊ ကိုမောင်မောင် (မန္တလေး)၊ ကိုတင့်အောင် နဲ့ ကျွန်တော်တို့တတွေ နေရာယူထားကြပြီး ဖြစ်တယ်။ အဲဒီမနက် စက်မှုတက္ကသိုလ်ရဲ့ ဆင်ဝင်အောက်မှာ စုရုံးလာကြတဲ့ ကျောင်းသားထုဟာ ကျောင်းဆင်ဝင်အောက်ရှိ အစိုးရထုတ် အဲဒီနေ့ သတင်းစာတွေကို ဝိုင်းအုံဖတ်ရှုရင်း၊ စိတ်လှုပ်ရှားကြရတဲ့ အကြောင်းတခုကတော့ ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးနဲ့ ကိုမြင့်စိုးတို့ သခင်ကိုယ်တော်မှိုင်း ရာပြည့် ချီတက်ဆန္ဒပြပွဲကို ဖန်တီးဦးဆောင်ဖို့ မြေအောက်ကနေပြန်အလာမှာ ဆန္ဒပြပွဲမှာ အသုံးပြုဖို့အတွက် လုပ်ထားတဲ့ ခေါင်းစီးများနဲ့အတူ အရင်ညက ဖမ်းဆီးရမိကြောင်း သတင်းစာခေါင်းကြီးပိုင်းမှာ ဓာတ်ပုံများနဲ့အတူ ပါလာတာဖြစ်ပါတယ်။
ကျောင်းသားထုထဲက တော်တော်များများက ခေါင်းဆောင်တွေ အဖမ်းခံရလို့ ချီတက်ပွဲကြီး ဘယ်လိုဖြစ်မယ်ဆိုတာ ဝေခွဲမရ ဖြစ်နေချိန်မှာ သတ်မှတ်ထားတဲ့အချိန်ရောက်တော့ ကိုသန်းလင်းက စတင်ပြီး ကြွေးကျော်သံတွေကို စတင်ဖြန့်ဝေလိုက်တဲ့အချိန်မှာ အားလုံး အုတ်အုတ် ကျက်ကျက် ဖြစ်သွားကြတယ်။ ကိုတင်အေးကြူက စတင်ကာ ကြွေးကျော်သံတွေကို ဖတ်ကြားသွားပြီး၊ သခင်ကိုယ်တော်မှိုင်း အုတ်ဂူဆီကို ချီတက်ကြရာမှာ အခု ဝေငှထားတဲ့ ကြွေးကျော်သံများကိုသာ ကြွေးကျော်ကြဖို့နဲ့ တခြား ကြွေးကျော်သံများ အဆို တင်သွင်းလိုသူရှိပါက အဆိုသွင်းကြပါရန် ဖိတ်ခေါ်လိုက်ပါတယ်။ ကျောင်းသားထဲက တစ်စုံတစ်ရာ အဆိုတင်သွင်းမှု မရှိတဲ့အတွက် ဖြန့်ဝေထားတဲ့ ကြွေးကျော်သံတွေ အတည်ဖြစ်သွားပြီး ကြွေးကျော်သံတွေကို ကိုတင်အေးကြူက စတင် ကြွေးကျော်ပါတယ်။
ကြွေးကျော်သံတွေကတော့ သခင်ကိုယ်တော်မှိုင်းကို ဂါရဝပြုတဲ့ ကြွေးကျော်သံများသာဖြစ်ပြီး စစ်အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကျော်သံတွေ တမင်သက်သက် ချန်လှပ်ထားတာ ဖြစ်တယ်။ ကြိုတင် စီစဉ်ပြီးသား ဖြစ်တဲ့အတိုင်း ဟီးနိုးဘတ်စ်ကားတွေကို တားပြီး ရန်ကုန်ဝိဇ္ဇာနဲသိပ္ပံတက္ကသိုလ်ဘက်ကို ဦးတည်ကာ တစ်စင်းပြီးတစ်စင်း ထွက်ခွာ သွားကြပါတယ်။ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာတော့ ဆလိုင်းတင်မောင်ဦးရဲ့ ညီမဖြစ်သူ မိုင်ပိုပိုက ဦးစီးပြီး ကျောင်းသားတွေကို စုရုံးထားတာမို့ ရန်ကုန်စက်မှုတက္ကသိုလ်က ကျောင်းသားတွေအရောက်မှာ အင်အားစုနှစ်ခု ပူးပေါင်း သွားကြပါတယ်။ မိုင်ပိုပိုကတော့ အဲဒီအချိန်က အထက်တန်းကျောင်းသူဖြစ်ပေမဲ့ သူ့အစ်ကို ဆလိုင်းတင်မောင်ဦး အဖမ်းခံရတာကို အဲဒီနေ့ထုတ်သတင်းစာမှာ ဖတ်လိုက်ရတော့ ကျောင်းသားခေါင်းဆောင် အဖမ်းခံရလို့ မှိုင်းရာပြည့်ချီတက်ဆန္ဒပြပွဲ အစီအစဉ်ကြီး ပျက်စီးသွားမှာကို မကြည့်ရက်နိုင်တာမို့ သူကိုယ်တိုင် ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်ဝင်းထဲကိုဝင်ပြီး ကျောင်းသားတွေကို မှိုင်းရာပြည့်ပွဲ ချီတက်ကြဖို့ ပြောင်ပြောင်တင်းတင်း စတင်စည်းရုံးခဲ့ပါတယ်။
ပထမပိုင်းမှာတော့ နုနုနယ်နယ် မိန်းကလေးတစ်ဦးရဲ့ တိုက်ပွဲခေါ်သံကို စိတ်ဝင်တစားသာ နားထောင်နေကြပြီး ပါဝင်လာတာမရှိသေးဘဲ ဇဝေဇဝါ ဖြစ်နေကြပါတယ်။ ကျောင်းဆောင်ပေါ်ကနေဆင်းပြီး လိုက်ရကောင်းနိုးနိုး၊ မလိုက်ရကောင်းနိုးနိုးဖြစ်နေတဲ့ ကျောင်းသားတွေကို သူဟာ နုနုနယ်နယ် မိန်းခလေးတဦးဖြစ်ပေမဲ့ ဒီတိုက်ပွဲကို စစ်အစိုးရက ဖမ်းထားလိုက်တဲ့ သူ့အစ်ကို ဆလိုင်းတင်မောင်ဦး ကိုယ်စား သူ့လိုဘဲ သတ္တိရှိရှိ ဦးဆောင် နိုင်တယ်ဆိုတာ ပြသဖို့အတွက် “ရှင်တို့ သတ္တိမရှိရင် ကျမထမိန်ကိုဝတ်ကြ” ဆိုပြီး သူ့ ထမိန်ကိုချွတ်ပြီး လွှင့်ပစ်လိုက်ပါတယ်။ အဲဒီနောက် အားကစားဘောင်းဘီတို အဖြူရောင်ကို ဝတ်ထားတဲ့ မိုင်ပိုပိုဟာ ကျောင်းသားတွေကို အားမာန်အပြည့်နဲ့ ဆက်လက်ပြီး မှိုင်းရာပြည့်ပွဲ ချီတက် ကြဖို့ ဖိတ်ခေါ်ခဲ့တယ်။
ဒီအချိန်မှာတော့ မိုင်ပိုပိုရဲ့ သတ္တိနဲ့ လေးနက်တဲ့ တိုက်ပွဲခေါ်သံတွေကို အသိအမှတ်ပြုလာကြပြီး ကျောင်းသားတွေ စတင်စုရုံးလာကြပါတယ်။ မိုင်ပိုပိုဟာ ကိုတင်အေးကြူ အစရှိတဲ့ တခြား ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ လက်တွဲပြီး ချီတက်ပွဲကြီးကို အရှေ့ဆုံးကနေ ဦးဆောင်သွားပါတယ်။ သခင်ကိုယ်တော်မှိုင်းကို ဂါရဝပြုကြပြီး ကျောင်းသားတွေဟာ ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ကို ပြန်လာကြပါတယ်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့ကို ရောက်လာကြတဲ့အချိန်မှာ ကျောင်းသားတွေက လက်ရှိ မဆလစစ်အစိုးရကို ဆန့်ကျင်ကြောင်း ကြေငြာပြီး စစ်အစိုးရဆန့်ကျင်ရေး ကြွေးကျော်သံတွေကို စတင် ကြွေးကျော်ကြပါတယ်။ အဲဒီည (၈) နာရီမှာ စစ်အစိုးရဟာ တက္ကသိုလ်ကျောင်းများကို မြန်မာ့အသံကနေ ကြေညာပြီး ပိတ်လိုက်ပါတယ်။ နောက်တနေ့ ကျောင်းသားတွေ လူစုကွဲသွားတဲ့အခါမှာ စစ်အစိုးရက ကိုတင်အေးကြူ၊ ကိုသန်းလင်း၊ ကိုဝင်းမြင့် စတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပါတယ်။
တဆက်ထဲမှာဘဲ ဆလိုင်းတင်မောင်ဦးရဲ့ညီမ မိုင်ပိုပိုအပြင် သူတို့ရဲ့ မိဘနှစ်ပါးကိုပါမကျန် မတရားဖမ်းဆီးကာ ထောင်ချလိုက်ကြပါတယ်။
စစ်အစိုးရဟာ ၁၉၇၆ ခု၊ ဂျွန်လ ၂၆ ရက်နေ့ (နံနက် ၄ နာရီ) က ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်မှာ စစ်ခုံရုံးတင်၊ အကျဉ်းနည်းနဲ့ စစ်ဆေးပြီး လျှို့ဝှက်စွာ ကြိုးပေး သတ်ဖြတ်ခဲ့တယ်။ စစ်အစိုးရက ဆလိုင်းတင်မောင်ဦးကို ကြိုးပေးသတ်လိုက်တဲ့အခါ သူ့ကို ထားခဲ့တဲ့ ကြိုးတိုက်နံရံပေါ်မှာတော့ “ညီမလေး မိုင်ပိုပိုအတွက် အစ်ကိုကြီး ဂုဏ်ယူပါတယ်” ဆိုတဲ့ စာတန်းလေးဟာ အထင်းသားကျန်ရစ်ခဲ့ပါတယ်။
(မှတ်ချက်။ ။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို စစ်အစိုးရက ကြိုးပေးသတ်လိုက်တဲ့ အနှစ် (၃၀) မြောက် အထိမ်းအမှတ်အဖြစ် ဆလိုင်းကစ်(ပ်) ရေးခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ ယနေ့ ဇွန်လ ၂၆ ရက်နေ့ဆိုရင် ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ခံရတာ ၄၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။)