စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နအဖစစ်အစိုးရက ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းထားခဲ့တဲ့ ပြည်သူ့စစ်မှု ထမ်းဥပဒေကို အခုအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ၊ တော်လှန် ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ဖြစ်ပွားမှု ပိုမိုကျယ်ပြန်လာနေချိန် ဖော်ဖော်ဝါရီလ ၁၀ ရက်မှာ စတင် အာဏာတည်စေရမယ်လို့ ကြေညာခဲ့ပါတယ်။
ပြည်ပနိုင်ငံတစ်ခုခုနဲ့ စစ်မက်ဖက်ပြိုင် နေရချိန်မဟုတ်ပါဘဲ ဒီဥပဒေကို အခုစစ်ခေါင်းဆောင်က အသက်သွင်းလိုက်တာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်၊ လူရွယ်တွေဟာ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်အရ ၁၃ သန်း (အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း) ရှိနေပြီး တစ်နှစ်ကို ၅ သောင်းခန့် ခေါ်ယူမယ်လို့ စစ်ကောင်စီ ဆိုပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်းက အရွယ်ရောက်သူတိုင်းကို စစ်တပ်ထဲ သွက်သွင်းနိုင်ဖို့ ဥပဒေအတည်ပြုပြီး နှစ်လ နီးပါးအကြာ၊ ဧပြီလမှာ ပထမအကြိမ် သင်တန်းပေးကာ စစ်မြေပြင်ပို့နိုင်ဖို့ အချိန်တိုအတွင်း လျင်လျင်မြန်မြန် ဆောင်ရွက်နေပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေအရ သာမန်အမျိုးသားက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အကျုံးဝင်ပြီး အတတ်ပညာတတ်မြောက်သူ တွေက အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ စာရင်းဝင်ပါတယ်။ သာမန်အမျိုးသမီးက အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ အကျုံးဝင်ပြီ အတတ်ပညာတတ်မြောက်သူတွေက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ စာရင်းဝင်ပါတယ်။
စစ်မှုထမ်းရသူတွေဟာ သာမန်အခြေအနေမှာ ၂ နှစ်၊ အတတ်ပညာတစ်ခုခု ကျွမ်းကျင်သူဖြစ်ပါက ၃ နှစ် ထမ်းဆောင်ရမှာဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်ပါက ၅ နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတ၀◌န်းလုံးက လူငယ်တွေ မိဘတွေကလည်း စိုးရိမ်ပူပန်မှုမြင့်တက်နေကြပြီး ခုခံတော် လှန်စစ်အားကောင်းတဲ့ ချင်းပြည်နယ်ဘက်မှာ ပြည်သူ့စစ်မှု ထမ်းဥပဒေဟာ ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်ပါသလဲ၊ လူငယ်တွေအနေနဲ့ ဘာတွေဘယ်လိုပြင်ဆင်နေကြလဲ၊ ဘယ်လမ်းကြောင်းရွေးချယ်သင့်ပါလဲ၊ စတဲ့အခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းနဲ့ ဒေသခံလူငယ်တချို့ရဲ့ သဘောထားအမြင်များကို စုစည်းတင်ပြထားပါတယ်။
Salai Mang Hre Lian – CHRO စီမံခန့်ခွဲရေးအရာရှိ
အခုက ချင်းပြည်တစ်ခုလုံးက မြို့က လွဲလို့ ပလက်ဝနဲ့ တခြားနေရာတွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက် ရှိတယ်။ အခု စစ်ကောင်စီက လုပ်ထားတဲ့ စစ်မှုမထမ်းမနေရက သူတို့ ထိန်းချုပ်လို့ ရတဲ့မြို့တွေမှာ အတင်းအဓမ္မနဲ့ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာမျိုး အနည်းနဲ့အများနဲ့တော့ ရှိလာမယ်လို့ သုံးသပ်လို့ ရတယ်။
ဒီစစ်မှုထမ်းဥပဒေ ပြဌာန်းတာက စစ်ကောင်စီအနေနဲ့ Force Labour ကို တရားဝင်အနေနဲ့ ပြဌာန်းလိုက်တာလို့ သက်ရောက် တယ်။ ဒီလိုပြဌာန်းခြင်းဟာ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ၊ အတင်းဓမ္မ ဖမ်းဆီးမှုတွေက စိုးရိမ်းရတဲ့အနေအထားမှာ ရှိနိုင်တယ်။ ဒီလို ပြဌာန်းမှုက လူအခွင့်အရေး ချိုးဖောက်မှုတွေ နည်းမျိုးစုံနဲ့ ရှိလာမယ် အနေအထား ဖြစ်တယ်။
ဒီစစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းတာက ဒီဥပဒေ ဘောင်ထဲ ဝင်နေသူတွေကို အတင်းအဓမ္မ ဖိအားပေးမှုကြောင့် သူတို့မှာ မလုံခြုံမှုကို အများကြီး သက်ရောက်စေတယ်။ ဒီမှာ ဘယ်သူကမှ စစ်မှု ထမ်းချင်မှာ မဟုတ်ဘူး။ လူငယ်တွေက ရွေးချယ်စရာ လမ်းမရှိတော့တဲ့ အဆုံး ကိုယ့်ပြည်နယ်မှာ မနေတော့ပဲ ရှောင်ပြေးတာမျိုးလည်း လုပ်လာကြလိမ့်မယ်၊ တချို့က စကစမှာ စစ်မှု ထမ်းမယ့်အစား တော်လှန်ရေးမှာ ဝင်ပြီးတော့ စကစကို ပြန်တိုက်မှာတွေလည်း ရှိလာမယ်လို့ ယူဆတယ်။ ဆိုတော့ ချင်းလူငယ်တွေအနေနဲ့ ဘာလုပ်သင့်လဲဆိုရင် စစ်ကောင်စီကနေ စစ်မှု မထမ်းမနေရ ပြဌာန်းမှုကို ဆန့်ကျင်ဖို့ လိုတယ်။ လုံးဝ လက်မခံဖို့ လိုတယ်။ ဖြစ်နိုင်ရင်တော့ သူတို့ လုံခြုံမှုအတွက် ထွက်ပေါက်နည်းလမ်းတွေ ရှာဖွေရမယ့် အနေအထား ရှိနေပြီဖြစ်တယ်။
Salai Do Khar – India for Myanmar တည်ထောင်သူ
အဓိကက ကျနော်အထင်က ဒီဥပဒေကို ပြည်သူတွေက လက်မခံမှန်းလည်း သိတယ်။ အရင်က မူကြမ်းတင်သွင်းခဲ့တယ်၊ လုံးဝ လက်မခံခဲ့ဘူး။ ခုချိန် သူက လုံးဝ အင်အားတွေစုဆောင်းလို့ မရတော့တဲ့ အနေအထားမျိုးမှာ အတင်းအဓမ္မပြဌာန်းလိုက်တဲ့အခါ ဖြစ်တော့ လူငယ်များစွာက သတိထားဖို့ လိုမယ်ထင်တယ်။ ပထမ ဦးစွာ လူငယ်တွေက ပေါ့လျောပြီး အဖမ်းခံရတာ၊ အတင်း စည်းရုံးခံရတာတွေဆိုရင် အဲဒီလူငယ်တွေရဲ့ အသက်အန္တရာကိုယ်ကို စိုးရိမ်ရယုံတင် မကပဲနဲ့ တော်လှန်ရေး အောင်မြင်နိုင် ရေးအတွက် စကစ ကို မလိုလာအပ်တဲ့ အင်အားဖြည့်တင်းရာ ရောက်သွားနိုင်တယ်။ လူငယ်တွေက သတိကပ်ဖို့ လိုတယ်။ တကယ်လို့ အဖမ်းအဆီး ခံရရင် ကိုယ့်ရပ်တည်ချက်ကို မပြောင်းလဲသွားပဲနဲ့ စကစ တပ်ဆင်ပေးတာကို သူတို့ကို ခုခံတဲ့လက်နက် ဖြစ်သွားနိုင်အောင် ခိုင်မာတဲ့ ရပ်တည်ချက်ထားဖို့ လိုမယ်။
နောက်ဒုတိယတစ်ခုက ချင်းတော်လှန်ရေးအင်အားစုတွေအပါအဝင် နိုင်ငံတကာက စကစရဲ့ အင်အားစုဆောင်းမှုကို အခွင့်ကောင်း အဖြစ် ယူတတ်ရင်တော့ တော်လှန်ရေး မြန်မြန်ပြီးမယ်လို့ ယူဆတယ်။ စကစရဲ့ လက်ရှိ ဥပဒေပြဌာန်းလိုက်တဲ့ဟာက ပြည်သူတွေကို ဒဲ့စိန်ခေါ်တာမျိုးဖြစ်တယ်လို့ ယူဆတယ်။ နိုင်အောင် ငါကို တိုက်မလား၊ ငါနဲ့ပူးပေါင်းမလားဆိုတဲ့ စိန်ခေါ်တဲ့ လုပ်ရပ်လို့ ထင်တယ်။ ခုချိန်မှာ စကစနဲ့မပူပေါင်းရင်လည်းကြားနေလို့ မရတော့ဘူး။ ဘက်တစ်ဖက်ကို လုံးဝပူးပေါင်းရမယ့် အခင်းအကျင်းကို ခင်းလိုက်တာပေါ့။ ဒီဟာက စကစရဲ့ နောက်ဆုံး ရွေးချယ်စရာ လမ်းကြောင်းပေါ့လေ။ အသက်ဆက်ရှင်ဖို့ပေါ့။ ဒါကို တော်လှန်ရေး အင်အားစုက အခွင့်အလမ်းကောင်းအဖြစ် အသုံးချနိုင်ဖို့ လိုမယ်။
ဒီလို အသုံးအချနိုင်ဖို့က ပြည်သူတွေကိုလည်း စိတ်ပျက်စေတဲ့ အချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ၊ လူငယ်များ စွာကိုလည်း စစ်မှုထမ်းလိုစိတ် ပျက်ပြားစေတဲ့ ပဋိပက္ခလိုဟာမျိုးတွေ ၊ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရ ဖြစ်စေ သဘောထား ကွဲလွဲမှုလို ဟာမျိုးကို အမြန်ဆုံး အဆုံးသတ်ပေးပြီး မြို့ပေါ် ရန်ကုန် မန္တလေး ရောက်နေတဲ့ ချင်းပြည်သူတွေကို လည်ကောင်း ၊ မလုံခြုံတဲ့ လူငယ်တွေကို တော်လှန်ရေးမှာ အင်အားအပြည့်အဝနဲ့ ပေါင်းစည်းလာနိုင်ဖို့ ဖိတ်ခေါ်တယ်ဆိုရင် အချိန်တိုအတွင်း တစ်နိုင်ငံလုံ မလွတ်မြောက်ရင်တောင်မှ ချင်းပြည် တော်လှန်ရေးကတော့ အောင်ပွဲ ခံလိမ့်မယ်လို့ ထင်ပါတယ်။
Salai Van Sui San – ချင်းရေးရာအဖွဲ့ချုပ် (ICA) က ပြောရေးဆိုခွင့်ရှိသူ
ဒီဟာကို ပြောရမယ်ဆိုရင်က ချင်းပြည်နယ်မှာက ထိခိုက်မှုက ထင်သလောက် မရှိနိုင်ဘူးလို့ သုံးသပ်ရပါလိ့မ်မယ်။ ဘာလို့လည်း ဆိုတော့ မြို့ပေါ်ဒေသက လွှဲရင် ကျန်တဲ့ ဒေသတွေ အားလုံးက ဒီဒေသခံတော်လှန်ရေးတပ်သားတွေရဲ့ ထိန်းချုပ်ထားတဲ့ အောက်မှာ ရောက်နေပြီးဆိုတော့ ဒီဟာ သက်ရောက်မှု အဲလောက်ကြီးမားလိမ့်မယ်လို့ မထင်ရဘူး။ ဒါပေမယ့် ဒီဟာ လုပ်ချင်းအားဖြင့် ဒီတော်လှန်ရေးမှာ ဖြူမလား၊ မဲမလားဆိုတာကို ကွင်းကွင်းကွက်ကွက်ပေါ် လာမှာပေါ့နော်။ အရင်တုန်းက ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ လုပ်နေတဲ့ လူတွေလည်း စစ်ကောင်စီတပ်ထဲ ဝင်မလား၊ ဒါမှမဟုတ် ဒေသခံတော်လှန်းတပ်ထဲ ဝင်မလားဆိုတဲ့ဟာကို သဲသဲကွဲကွဲ မြင်ရတော့မှာ ဖြစ်တယ်။ ဆိုတော့ တမျိုးအနေနဲ့ အရမ်းကောင်းတဲ့ အချက်တစ်ချက်လို့ သုံးသပ်ချင်တယ်။
ဒီဥပဒေထဲကနေ ဘယ်လို ထွက်ပေါက် ရှိနိုင်သလဲဆိုတာက စစ်ကောင်စီက ကျနော်တို့ အစိုးရမဟုတ်တော့ဘူးလို့ သတ်မှတ်ရင် ကျနော်တို့အပေါ်မှာ သတ်မှတ်တဲ့ ဥပဒေ မဟုတ်ဘူးလို့ပဲ ခံယူလိုက်ပါ။ ပြီးရင်ချင်းပြည်နယ်မှာ ရှိတဲ့ ICNCC ဒါမှမဟုတ် ချင်းလဲန်းအစိုးရ ဒါမှမဟုတ် ကိုယ့်ရဲ့ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ လူတွေက ဘယ်ဟာကို ငါတို့ အစိုးရအနေနဲ့ ထောက်ခံမလဲ၊ ဘယ်အဖွဲ့အစည်းက ချမှတ်တဲ့ ဥပဒေကို လိုက်နာမလဲဆိုတာ ပြည်သူတွေက ကွဲကွဲပြားပြားနဲ့ လက်ခံဖို့ လိုအပ်လာပြီး။
ဒီဟာက စစ်ကောင်စီဘက်က ချမှတ်ထားတဲ့ ဥပဒေဆိုပေမယ့် ချင်းပြည်နယ်မှာက ICNCC ၊ ချင်းလဲန်းကောင်စီ Three brother စသဖြင့် ရှိတယ်ဆိုတော့ ဘယ်သူက ပြဌာန်းတာကိုပဲ လိုက်နာမယ်လို့ သုံးသပ်ဆုံးဖြတ် လိုက်မယ်ဆိုရင် အခုချိန်မှာ ဒေသခံ တော်လှန်ရေးတပ်သားတွေအနေနဲ့လည်း ပြည်သူတွေကို ကာကွယ်ပေးဖို့ လုံလုံလောက်လောက် မဟုတ်ရင်တောင်မှ အနေအထား တစ်ခုထိ ရှိနေပြီဆိုတော့ ချင်းပြည်နယ်မှာ ရှိတဲ့ ချင်းလူထုက စိုးရိမ်စရာ မလိုဘူးလို့ပဲ ကျနော်အနေနဲ့ သုံးသပ်ချင်တယ်။ နောက်ထပ် မြို့ထဲမှာ ရှိတဲ့ ဟိုရောင်ရောင် ဒီရောင်ရောင်တွေ၊ ငါတော့ CDM မလုပ်ဘူးဆိုတဲ့ ဟာတွေ ပြီးရင် ဒေသခံတော်လှန်ရေး ကို အားမပေးတဲ့ လူတွေကြတော့လည်း ဟာသ သဘောနဲ့ ပြောရမယ်ဆိုရင်လည်း ကိုယ်ဖြစ်၊ ကိုယ်ခံပေါ့။
ဒီဟာက ချင်းမှာ မြို့ပေါ်ဒေသမှာ အနည်းအကျဉ်းတော့ သက်ရောက်မှု ရှိလိမ့်မယ်လို့ သုံးသပ်မိတယ်။ ကျေးလက်ဒေသတွေ မှာတော့ လုံးဝသက်ရောက်မှု ရှိလိမ့်မယ်လို့ မထင်ဘူး။ ဒီချင်းလူမျိုးတွေ နေထိုင်တဲ့ ချင်းလူမျိုးတွေအပေါ်မှာတော့ သက်ရောက်မှု ရှိလိမ့်ဦးမယ်။ အဲဒါကိုတော့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကလေး PDF နဲ့ ပူးပေါင်းပြီး ဘယ်လို ဖြေရှင်းကြမလဲဆိုတာ လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်လို စေ့စပ်ပြီး လှုပ်ရှားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။
တီးတိန်မြို့ခံ CDM သူနာပြုအမျိုးသမီးငယ် တစ်ဦး
အားလုံးက စိုးရိမ်ပြီး ကြောက်နေကြတယ်၊၊ မိဘပြည်သူကအစ လူငယ်တွေရော၊ အသက်မပြည့်သေးတဲ့ သူတွေရော ကြောက်ကြတယ်၊၊ အခုက ကလေးတွေက ကျောင်းလဲပုံမှန် မတက်ကြဘူးဆိုတော့ သူတို့အသက်ငယ်ငယ်လေးနဲ့ လူကြီးတွေဖြစ်နေပြီ မိဘတွေကလည်း စိတ်ပူကြတယ်။ အပြင်တွေလည်း သိပ်မထွက်ခိုင်းဘူး။ အဖမ်းခံရမှာ စိုးလို့လေ။ တီးတိန်မြို့ပေါ်မှာ လူစည်ကားတဲ့ ရပ်ကွက်ထဲမှာ စစ်တပ်က နေရာယူထားကြတယ်။ မြို့ထဲလျှောက်သွားတဲ့ လူက နည်းသွားတယ်။ နယ်ဘက်က လာတဲ့ လူလည်း နည်းသွားတယ်။
လက်ရှိမှာ လူငယ်တွေကြားမှာ စစ်တပ်က သူတို့ဆွဲခေါ်ပြီး အဲလိုမျိုးလုပ်ခိုင်းတာထက်စာရင် လူငယ် လက်နက်ကိုင်တွေဆီ ဝင်ပြီးမှ သူတို့နဲ့ လက်တွဲလုပ်တာ ကောင်းတယ်၊ အဲဒီမှာ ကိုယ့် အသိမိတ်ဆွေတွေလည်း ရှိတယ်။ ဘာပဲ ဖြစ်ဖြစ် PDF ၊ CDF ထဲပဲ ဝင်ကြမယ်ဆိုပြီး သူတို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်တွေရှိကြတယ်။
ပြီးတော့ လက်နက်ကိုင်လူငယ်တွေကလည်း warmly welcome လုပ်တယ် ဆိုတော့ စိတ်ဝင်စားတဲ့သူအတွက် သူတို့နဲ့ဆက်သွယ်ဖို့ ဖုန်းနံပါတ်၊ social media တွေရှိတယ်၊၊ ဆက်သွယ်လို့ရတဲ့ လူလည်း ရှိတယ် ဆိုတော့ လူငယ်တွေအနေနဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင် မာမာချနိုင်ရင်တော့ လွတ်လမ်းတွေရှိတယ်။
ကျွန်မစဉ်းစားထားတာက အရင်ကလဲ ကျွန်မ လက်နက်ကိုင်လူငယ်တွေနဲ့ တတ်နိုင်သလောက် ပူးပေါင်းပြီးပါဝင်တယ်။ သူတို့နဲ့ အမြဲတမ်းအတူ မနေနိုင်တာ တစ်ခုပဲရှိတယ်။ တကယ်လို့ စစ်ကောင်စီဘက်က လူဆွဲခေါ်တယ်ဆိုရင် ကျွန်မအတွက်ကတော့ လွတ်မြောက်နယ်မြေထဲသွားဖို့ လမ်းကြောင်းအဆင်သင့်ရှိတယ်။ လုပ်ဖို့အလုပ်လဲ အဆင်သင့်ရှိတယ်၊ ကျွန်မအတွက်ကတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အခုလောလောဆယ်တော့ အိမ်ကအခြေအနေကြောင့် အိမ်မှာပဲနေတယ်။
ဘယ်မိဘမှ ကိုယ့်သားသမီးကို ခွင့်လဲမပြုဘူး၊ သွားလဲမသွားစေချင်ဘူးပေါ့နော်။ ဒီရက်ပိုင်းတော့ မိဘကို ပွင့်ပွင့်လင်းလင်း မပြောသေးဘူး၊ ဒါပေမဲ့ ကျွန်မက အထုပ်တွေ၊ ပစ္စည်းတွေကို အဆင်သင့်လုပ်ထားတယ်၊ တကယ်လိုအပ်လာရင်တော့ မိဘကို ခဏသွားရှောင်လိုက်မယ်ဆိုပြီးပြောမယ်ပေါ့၊ ကျွန်မကို ကျွန်မအဆင်သင့်လုပ်ထားပါတယ်။
ဟားခါးမြို့ခံလူငယ်အမျိုးသမီးတစ်ဦး
မိန်းကလေးတွေရော၊ ယောင်္ကျားလေးတွေကို စစ်မူမထမ်းမနေရ ဥပဒေပြဌာန်းလာပြီဆိုတော့ သူတို့က ဘယ်လောက်ထိ ကြိုတင်ပြင်ဆင်ထားလဲဆိုတာလဲ သတိထားရမှာပေ့ါနော ။ တကယ်လို့များ ထမ်းရတော့မယ် ဆိုရင် ကျမတို့ဖက်မှာ ရှိတဲ့ ဒေသကာကွယ်ရေးဖက်မှာ ပဲဖြစ်ဖြစ်၊၊ CNA/CNF ဖက်အမှာပဲဖြစ်ဖြစ် အဲ့ဒီဖက်မှာ ထမ်းရတာပိုကောင်းတာပေါ့နော်။ ဒါမှမဟုတ်ရင် လွတ်မြောက်နယ်မြေမှာ စစ်ဘေးရှောင် သွားနေတာပဲဖြစ်ဖြစ် ၊ငွေကြေးတတ်နိုင်လို့ရှိရင် နိုင်ငံခြားသွားလို့လည်း ရတယ်၊၊ ဒါပေမယ့် အဲ့တာက လူနည်းစုပဲ သာမာန် အခြေခံ လူ တန်းစားတွေက နိုင်ငံခြား ထွက်ဖို့ကလည်း သိပ်ပြီးတော့ အခြေအနေမပေးဘူးလေ။ အခြေအနေတွေကြည့်ပြီးတော့မှ ခဏရှောင်ပြီးမှ ပြန်လာပြီး အလုပ်လုပ်ရမလားဆိုတာ စောင့်ကြည့်ရမှာပေါ့။
ဒီဟာက သေချာကြိုတင်ပြင်ဆင်ပြီးမှ ထုတ်လာတဲ့ သဘောရှိတယ်။ ဒီဟာကို လက်ကိုင်စွဲပြီးတော့ သူတို့ရဲ့ ယုတ်မာမူတွေကို တရားဝင်လုပ်လာတော့မယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ တဖက်ကနေ ပြန်ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ အင်အားတိုးလာဖို့အတွက် တဖက်ကနေ ဖိအားပေးသလိုမျိုး ၊အဖြူအမဲ သေချာကွဲအောင် တွန်းပို့သလိုဖြစ်သွားတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျမက ကျောင်းမတက်တော့ဘူး၊ အစိုးရနဲ့ ပက်သက်တာမှန်သမျှကို ရှောင်တယ်၊၊ ရုံးသွား လာမှုတွေကိုလည်း တတ်နိုင်သလောက် မသွားဘူး၊၊ စစ်မူမထမ်းမနေရဆိုတဲ့နောက်မှာ တကယ်လို့များ မဖြစ်မနေလုပ်ရမယ်ဆိုရင် ကိုယ့်တိုင်း ရင်းသား လက်နက်တွေဆီမှာ လက်နက်ကိုင်ဖို့ တွေးထားတယ်၊၊ စကစဖက်ကိုတော့ စစ်မှုထမ်းဖို့ အစီအစဉ်မရှိဘူး။