ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်နှင့် တွေ့ဆုံမေးမြန်းခြင်း – အပိုင်း (၁)
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူပြီးနောက် နွေးဦးတော်လှန်ရေးစတင်လာခဲ့ကြသည်မှာ ယခုဆိုရင် နှစ်နှစ်နီးပါးရှိလာပြီဖြစ်ပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးဘယ်လောက်ထိခရီးပေါက်ပြီလဲ။ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေကဘယ်လိုရှိနေပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်၍ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကို ခိုနူမ်းသုန်သတင်းဌာနဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကို ဘယ်လိုစတင်ဖွဲ့စည်းခဲ့ကြလဲ။
ဖြေ။ ။ ဒီ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ဆိုတာကတော့ ၂၀၂၁ ဧပြီလထဲမှာ ဒီတော်လှန်ရေးကာလ ချင်းလူမျိုးများရဲ့ နိုင်ငံရေးစုဖွဲ့မှု Platform တစ်ခုအနေနဲ့ ဖွဲ့စည်းခဲ့တာပေါ့နော်။ ဆိုတော့ အဲ့ဒီမှာ ပါတာကတော့ ချင်းအမျိုးသားတပ်ဦး CNF, နောက်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ နိုင်ငံရေးပါတီ၊ ချင်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ နောက်ပြီးတော့ ဒီ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ CDM ကော်မတီ စတာတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
မေး။ ။ ICNCC အနေနဲ့ အဓိက ဘာတွေလုပ်ဆောင်နေလဲ။ ဘယ်လောက်ထိအရေးပါတဲ့ အဖွဲ့အစည်းဖြစ်လဲ။
ဖြေ။ ။ ဒီတော်လှန်ရေးကာလမှာ ကျွန်တော်တို့လုပ်ရတဲ့ ကိစ္စတွေက နံပါတ် (၁) ကတော့ စစ်အာဏာရှင် စနစ် အပြီးပိုင် ဖြုတ်သိမ်းရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးပဲဖြစ်ပါတယ်။ နံပါတ် (၂) ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရေး၊ နံပါတ် (၃) ကတော့ ဖက်ဒရယ် ချင်းပြည်ထောင် တည်ဆောက်ရေးပေါ့နော်။ ဒီလုပ်ငန်း သုံးခုလုပ်ရတာပေါ့။ ဆိုတော့ အဲ့လို လုပ်ငန်းသုံးခုရှိတဲ့အခါမှာ စစ်အာဏာရှင် စနစ်ဖြုတ်ချရေးအတွက် နိုင်ငံရေး နည်းလမ်းနဲ့ ICNCC ကဆောင်ရွက်ရတာရှိတယ်။ စစ်ရေးနည်းလမ်းဆိုရင်တော့ CDF တို့၊ CJDC တို့က စစ်ရေးအရ ဆောင်ရွက်ကြရတာပေါ့လေ။ ICNCC ကတော့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲ့တော့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆိုလို့ရှိရင် NUCC အပါဝင်၊ NUG မှာလည်း ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။ နောက်ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ Charter (ချာတာ) ရေးဆွဲတဲ့အခါမှာလည်း ICNCC အနေနဲ့ပါဝင်ခဲ့ပါတယ်။ အဲ့တော့ ဒါကတော့ တစ်နိုင်ငံလုံး၊ ပြည်ထောင်စုတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စတွေပေါ့လေ။
နောက် တစ်ခုကတော့ ဖက်ဒရယ် ချင်းပြည်ထောင် ပေါ်ပေါက်နိုင်ရေးအတွက် ဆိုလို့ရှိရင် ပြည်နယ်အတွင်းမှာရှိတဲ့ အင်အားစုတွေ မြို့နယ်အသီးသီး တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီးတော့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရတာပေါ့လေ၊ Coordinate လုပ်ပေးရတာပေါ့။ လုပ်ငန်းသုံးခု ဆောင်ရွက်လုပ်ရတာဖြစ်တယ်။ ဆိုတော့ ICNCC က အရေးကြီးသလားပြောရင် အရေးကြီးတယ်။ ဘာဖြစ်လို့ အရေးကြီးသလဲလို့မေးရင်တော့ လက်ရှိတော်လှန်ရေးကာလမှာ အထူးသဖြင့် ဒီချင်းပြည်နယ်၊ ချင်း လူမျိုးတွေကိုယ်စား စုရပ်ပေါ့နော်၊ နိုင်ငံရေး Platform တစ်ခုအနေနဲ့ရှိနေတာဖြစ်တဲ့အတွက်ကြောင့် ဒီ Platform ကနေတစ်ဆင့် ချင်းပြည်နယ် အစိုးရပေါ်ပေါက်ရေးတို့၊ နောက်ပြီးတော့ တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ နိုင်ငံရေး process, (Political process) တွေအတွက် ဦးဆောင်ကြရတဲ့ အနေထားက ဒီ ICNCC ကနေတစ်ဆင့် ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ အဲ့တွက်ကြောင့်မို့လို့ ဒီ ICNCC က ချင်းလူမျိုးများအတွက် အရေးကြီးတဲ့အဖွဲ့စည်းဖြစ်တယ်လို့ ပြောချင်တာဖြစ်ပါတယ်။
မေး။ ။ ခုဆိုရင် တော်လှန်ရေးကာလကလည်း နှစ်နှစ်နီးပါးရှိလာပြီပေါ့လေ။ ပြန်သုံးသပ်ကြည့်ရင် အားရကျေနပ်မှုရှိရဲ့လား။ ဒီတော်လှန်ရေးတကယ်အောင်မြင်နိုင်ပါ့မလား။
ဖြေ။ ။ တော်လှန်ရေးကတော့ အားလုံးသိတဲ့အတိုင်းပဲ အောင်မြင်သည့်အထိ ခြေတက်ကြရမှာပေါ့လေ။ သို့သော်လည်းပဲ ဘယ်တော့ အောင်မြင်မလဲဆိုတဲ့ကိစ္စကတော့ သူ့ရဲ့ (Timing) ရှိတာပေါ့။ Timing ဆိုတာက သူ့ရဲ့ နိုင်ငံရေး process, Political Process ရဲ့ Timing ရှိတာပေါ့။ ဆိုတော့ အထူးသဖြင့်ကတော့ ဒီ ICNCC အနေနင့် ၂ နှစ်တာနီးပါး ကာလမှာ ကျေနပ်စရာတွေ ဘယ်လောက်ရှိသလဲလို့ပြောရင် ကျေနပ်စရာအတိုင်းအတာ တစ်ခုတော့ ရှိပါတယ်။ သို့သော်လည်းပဲ အားမလို အားမရဖြစ်ရတဲ့ကိစ္စ အများကြီးရှိတာပဲလေနော်။ ဘာဖြစ်လို့လည်းဆိုတော့ တော်လှန်ရေးကာလမှာ ကျွန်တော်တို့က အားလုံးစုပေါင်းပြီးတော့ အလုပ်လုပ်ကြရတယ်၊ မတူ ကွဲပြားမှုတွေရှိကြတယ်၊ သဘောထားကွဲလွဲတာတွေရှိတယ်၊ ညှိနှိုင်းရတာတွေရှိတယ်။ အဲ့အခါကြတော့ စိတ်တိုင်းမကျတဲ့ ကိစ္စတွေ၊ အားမလို အားမရဖြစ်ရတဲ့ကိစ္စတွေပေါ့ သူ့ဟာနဲ့သူ ရှိတယ်ပေါ့နော်။ သို့သော်လည်းပဲ စိတ်တိုင်းကြရတဲ့ အားတက်ရတဲ့ အပိုင်းကလည်း ဘာပဲပြောပြော ဒီတော်လှန်ရေးကာလမှာ ချင်းလူမျိုးတွေရဲ့ အရေးအရာတွက်ပေါ့နော် ဆွေးနွေးကြရမယ့် Platform တစ်ခုရှိနေတယ်ဆိုတဲ့ ဥစ္စာက ကျေနပ်စရာဖြစ်ပါတယ်။
ပြီးတော့ တော်လှန်ရေးက တကယ်ရော အောင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကတော့ ကျွန်တော်တို့ လူတိုင်းလူတိုင်းက ဖြေရမှာပဲ။ လူတိုင်းပါဝင်မယ်ဆိုလို့ရှိရင် မြန်မြန်အောင်မြင်မှာပေါ့ဗျာ။ ဆိုတော့ လူတိုင်းက ကိုယ်နဲ့မဆိုင်သလို လူတစ်စုကပဲ လုပ်ပါစေ၊ လူတစ်စုက လုပ်သွားပါလိမ့်မယ် ဆိုတဲ့ သဘောထားမျိုး၊ ရပ်တည်ချက်မျိုး ရှိနေရင်တော့ တော်လှန်ရေးဟာ နှောင့်နှေးမှာပေါ့။ ဆိုတော့ ဘယ်သူမဆို လူတိုင်းပါဝင်နိုင်ပြီးတော့၊ လူတိုင်းက ပါဝင်ကြတယ်ဆို ရင်တော့ တော်လှန်ရေးက မြန်မြန်ဆန်ဆန်ပြီးသွားမှာပဲ။ ဥပမာ အားဖြင့် ဘယ်လိုပါဝင်နိုင်မှာလဲဆိုတဲ့အခါမှာ၊ ဥပမာဆိုပါစို့ ကျွန်တော်တို့က ဝန်ထမ်းဆိုပါစို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်မှာ လည်ပတ်နေတဲ့ ယန္တရားတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတော့ရင် စစ်ကောင်စီရဲ့ ယန္တရားက ရပ်ဆိုင်းသွားမှာပဲ။
ထိုနည်းတူစွာပဲ အခြားခြားသော စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေ အကုန်လုံးရပ်ဆိုင်းသွားတဲ့အခါမှာ သူ့ဟာနဲ့သူ စစ်ကောင်စီရဲ့ ယန္တရားက ပြီးဆုံးသွားတော့မှာ အဲ့ဒီပုံစံမျိုး။ ဆိုတော့ ဒါက လူတိုင်းလုပ်နိုင်တဲ့ကိစ္စပေါ့။ အနည်းဆုံး Civil Disobedience Moment (CDM) ပေါ့နော်၊ စစ်ကောင်စီကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုရင် တော်လှန်ရေးက ထိရောက်မှုရှိနိုင်တဲ့ဟာမျိုးဖြစ်တယ်။ ဆိုတော့ စစ်တိုက်နေမှ မဟုတ်ဘူး၊ လူတိုင်းက စစ်တိုက်နိုင်မှာမဟုတ်ဘူး အဲ့တော့ စစ်တိုက်တဲ့လူတွေလည်းရှိ လိမ့်မယ်။ စစ်မတိုက်တဲ့လူတွေလည်း မိမိတို့ မိမိဟာနဲ့ စစ်ကောင်စီရဲ့ ယန္တရားကို တည်ဆောက်လို့မရအောင် ဝိုင်းဝန်းပြီး တော့ Disobedience လုပ်တာပေါ့လေ။ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်တာ ရပ်တန့်လိုက်တယ်ဆိုလို့ရှိရင်တော့ အကြမ်းမဖက်တဲ့နည်းနင့် စစ်တိုက်စရာမလိုတဲ့နည်းနဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့အနေအထားတွေရှိတယ်။ အဲ့တော့ စစ်တိုက်မှ မဟုတ်ပါဘူး၊ စစ်လည်းတိုက်ဖို့လိုတာပေါ့ ဘာဖြစ်လို့လည်းဆိုရင် စစ်ကောင်စီက စစ်တိုက်တာကိုး၊ စစ်ကောင်စီဘက်က စစ်မတိုက်ရင် ဒီတော်လှန်ရေးသမားတွေလည်း ဘာမှတိုက်စရာလိုမှာ မဟုတ်ဘူး။
မေး။ ။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေပေါ် ဆရာ့ရဲ့အမြင်သုံးသပ်ချက်နဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် အမြင်ကဘယ်လိုရှိလဲ။
ဖြေ။ ။ ၂၀၂၃ မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာပေါ့လေ၊ ကျွန်တော်တို့က ဒီမိုကရက် တွေဖြစ်တော့ ရွေးကောက်ပွဲတော့လိုတာပေါ့၊ သို့သော်လည်းပဲ လက်ရှိအနေထားမှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲ လုပ်မယ်လို့ ရည်မှန်းထားတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးအဖြေတစ်ခုမဟုတ်ဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုလိုရှိရင် အခုချိန်မှာ ရွေးကောက်ပွဲ လုပ်လိုက်တဲ့အချိန်မှာ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ တရားမျှတမှုရှိမယ်လို့ ကျွန်တော်က မယုံဘူး။ ဘာဖြစ်လို့လည်းဆိုရင် အရင် ၂၀၂၀ တုန်းကတောင်မှ ကျွန်တော်တို့ အခက်ခဲတွေ အများကြီးရှိတယ်။ တစ်ချို့ပြည်နယ်တွေ၊ တစ်ချို့နေရာဒေသတွေမှာ လုပ်လို့မရဘူး၊ အဲ့တော့ ဒါတောင်မှ နေရာတော်တော်များများမှာ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အရသာကို ရရှိကျင့်သုံးနိုင်တဲ့ အခွင့်ရေးရရှိခဲ့တာပဲ။ အဲ့တော့ အခုလိုမျိုး နေရာတကာမှာ တိုက်ပွဲတွေဖြစ်တယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်က ခြိမ်းခြောက်နေတဲ့အချိန်လိုမျိုးမှာ ပြည်သူတွေဟာ လွတ်လပ်တဲ့ရွေးချယ်မှုကို လုပ်နိုင်မှာမဟုတ်ဘူး။
နောက်တစ်ခုက ဒီရွေးကောက်ပွဲမှာ ပါသင့်ပါထိုက်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေပါဖို့ဆိုတာ တော်တော်ခက်တယ်။ ဥပမာအားဖြင့် လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးခေါင်းဆောင် တော်တော်များများဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ မတရားသဖြင့် ရရာ ပုဒ်မနဲ့စွဲတပ်ပြီးတော့မှ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး သမားတွေ အများကြီးပဲ။ အဲ့တော့ ဒီလိုမျိုး နိုင်ငံရေးသမားတွေ လွတ်လွတ်လပ်လပ်နဲ့ ပြိုင်ခွင့်၊ ပြီးတော့မှ ရွေးကောက်ပွဲ ဆိုတာ မဲဆွယ်ခွင့်ရှိရမှာ။ မဲဆွယ်နိုင်ခွင့်၊ မဲဆွယ်တဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တဲ့အနေ အထား၊ မဲဆွယ်နိုင်တဲ့ အနေထားပေါ့လေ ဒါတွေ ရနေမယ်လို့တော့ ကျွန်တော် မထင်ဘူး၊ မယုံဘူးပေါ့နော်။ အဲ့တော့ အဲ့ဒီအတွက်ကြောင့်မို့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့၊ လွတ်လပ်စွာ မဲထည့်ဖို့၊ လွတ်လပ်စွာ မဲဆွယ်ခွင့်ရဖို့၊ လွတ်လပ်စွာ အရွေးချယ်ခံနိုင်ဖို့ဆိုတဲ့ အခြေနေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျွန်တော်က ယူဆတယ်။
အဲ့တော့ ဒီကြားထဲမှာ စစ်ကောင်စီဘက်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်ပေးတယ် နောက်ပြီးတော့ ပါတီတွေ အကုန်လုံးကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်၊ မဲဆွယ်ခွင့်၊ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်မျိုး ဖန်တီးပေးရင်တော့ ဒါ တစ်မျိုးပေါ့လေ၊ ဒါ တစ်မျိုးစဉ်းစားရမယ်။ အဲ့တော့ တစ်ချိန်တည်းမှာပဲ လက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ အနေထားအား လုံးမှာ အဓိက Actor ပေါ့ဗျာ၊ actor ဆိုတာတော့ ပါဝင်နေတဲ့သူတွေ stakeholder တွေပေါ့။ အခုနိုင်ငံရေးအဖြစ်ပျက်မှုမှာ NUG၊ CRPH တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေ PDF၊ CDF တွေအားလုံးက နိုင်ငံရေး actor တွေဖြစ်တယ်။ Stakeholder တွေဖြစ်တယ်။ အဲ့တော့ ဒီအားလုံးနဲ့ တစ်စုံတရာ နားလည်မှု၊ တစ်စုံတရာ သဘောတူညီမှု၊ နိုင်ငံရေးအရ အပြန်အလှန်သဘောတူညီမှု တစ်စုံတစ်ရာမရှိဘဲနဲ့ ရွေးကောက်ပွဲလုပ်လိုက်တဲ့ ဥစ္စာသည် ပြသနာတွေ ပိုပိုပြီးတော့ ရှုပ်ထွေးအောင်လုပ်လိုက်သလိုပဲ ဖြစ်တာပေါ့လေ။
ဆိုတော့ ၁၉၈၈ တုန်းကတော့ အာဏာသိမ်းတယ် ပြီးတော့မှ ၉၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်လိုက်တယ်။ နောက်ဆုံး ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာတောင်မှ စစ်တပ်က အာဏာမလွဲပေးခဲ့သေးဘူး။ အဲ့တော့ အဲ့တာကိုပြန်ကြည့်ရင် ဒီ ၂၀၂၃ မှာလုပ်မဲ့ စကစ ရွေးကောက်ပွဲဆိုတာလည်းပဲ နံပါတ် (၁) လက်ရှိအချိန်မှာ နိုင်ငံရေးအရ မည်သည့်သဘော တူညီမှုမှ မရထားပဲနဲ့ ရွေးကောက်ပွဲကိုလုပ်တယ်ဆိုတဲ့ဥစ္စာသည် နိုင်ငံရေးအဖြေမဟုတ်ဘူး။ နံပါတ် (၂) အခုလိုမျိုး တိုက်ပွဲတွေ နေရာတိုင်းမှာ ဖြစ်နေပြီးတော့ စကစကို ကြောက်နေရတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ ရွေးကောက်ပွဲမှာ လွတ်လပ် တရားမျှတစွာဖြစ်လာနိုင်မဲ့အနေထားမရှိဘူး။ နောက်ပြီးတော့ လွတ်လပ်စွာ ရွေးချယ်ခံပိုင်ခွင့်လည်းရှိမှာမဟုတ်ဘူး၊ လွတ်လပ်စွာမဲဆွယ်ပိုင်ခွင့်လည်းရှိမှာ မဟုတ်ဘူး၊ လွတ်လပ်စွာ မဲထည့်လို့ရမယ့်အနေအထားမရှိဘူး အဲ့ကြောင့်မို့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ တရားမျှတမှုရှိမယ်လို့တော့ ကျွန်တော်မယုံဘူး။
နောက်ဆုံး အခြေနေကတော့ အခုအနေထားမှာ တကယ့် အရေးကြီးတဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ အရေးကြီးတဲ့ Stakeholder တွေဖြစ်တဲ့ NUG၊ CRPH တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေ CDF၊ PDF တာတွေနဲ့ စကစ ကြားမှာ မည်သည့်နိုင်ငံရေး သဘောတူညီမှုမှ မရှိထားတဲ့အတွက်ကြောင့်မို့ ၂၀၂၃ ရွေးကောက်ပွဲ ဆိုတဲ့ ဥစ္စာဟာ တစ်ဖက်သတ် ရွေးကောက်ပွဲဖြစ်မယ် တကယ့် ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အသံတွေ ပြည့်ပြည့်ဝဝ ကိုယ်စားပြုနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်တာဖြစ်တယ်။ အဲ့တော့ ဒီအတိုင်းပဲ ICNCC မှာလည်း ဒီရပ်တည်ချက်ရှိတယ် CJDC မှာလည်း ဒီရပ်တည်ချက်ရှိတယ်၊ CNF မှာလည်း ဒီရပ်တည်ချက်ရှိတယ်။ အဲ့တော့ လက်ရှိ ပြည်တွင်းနိုင်ငံရေးလို့ေ ပြာရရင် အဓိကတော့ စစ်ကောင်စီအပေါ်မှာ အများကြီးမူတည်တယ်။ စစ်ကောင်စီအနေနဲ့ မြန်မာ့နိုင်ငံရေးကို ငြိမ်းချမ်းစွာအဖြေရှာမယ်ဆိုတဲ့စိတ်သဘောထား အမှန်တကယ်ရှိတယ်ဆိုလို့ရှိရင် သူ့အနေနဲ့ NUG၊ CRPH အပါအဝင်နော်၊ နွေးဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ စကားပြေဖို့လိုတယ်။ စကားပြော ချင်တဲ့ စိတ်ဆန္ဒရှိဖို့လိုတယ်။ စကားပြောနိုင်ဖို့ဆိုလို့ရှိရင် NUG၊ CRPH ဆိုတာတွေကို စစ်ကောင်စီအနေနဲ့ အသိမှတ်ပြုဖို့ လိုတယ်။ အသိမှတ်ပြုမှသာလျှင် လက်ရှိနိုင်ငံရေးအတွက် သွေးထွက်သံယိုမှုနည်းတဲ့ ရလဒ်မျိုးကို ရနိုင်မှာဖြစ်ပါတယ်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားမည်။