Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

0
By Editor on August 26, 2026 Featured

ချုံကျုံးရွာနဲ့ မလှမ်းမကမ်းမှာ ကင်းထောက်ဖို့ တာဝန်ကျတဲ့ ဒယ်နီရယ်ထန်းတစ်ယောက် မနက် မှောင်ရီဝိုးတဝါးအချိန်မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ စခန်းကနေ ထွက်လာခဲ့ပါတယ်။

လသာတဲ့ညဖြစ်ပေမယ့် သစ်ပင်အရိပ်တွေကြောင့် လမ်းတစ်လျှောက်ဟာ မှောင်မည်းနေပြီး လရောင်က ဟိုတစ်ကွက် ဒီတစ်ကွက်သာ ထိုးဖောက်ကျနေပါတယ်။ အလင်း‌နောက်ကိုလိုက်ရင်း အရှေ့ကသွားနေတဲ့ သူငယ်ချင်းရဲ့ ခြေလှမ်းအတိုင်း ဂရုတစိုက်နဲ့ နောက်ကနေ သူ လိုက်ပါလာခဲ့တယ်။ ဒါပေမယ့် အလင်းကိုရှောင်ပြီး အမှောင်ဘက်ကို လှမ်းလိုက်တဲ့ ခြေတစ်လှမ်းမှာတော့ “အုံး” ခနဲ အသံနဲ့အတူ အထိတ်တလန့်နဲ့ ကြောက်အားလန့်အား ထွက်ပြေးခဲ့ပေမယ့် ဒယ်နီရယ်ကတော့ မြေပြင်ပေါ် လဲပြိုကျခဲ့ရပါပြီ။

“ကျနော့် ညာဖက်ခြေထောက် မရှိတော့ဘူး”

ဂျိုင်းထောက်ကို ဘေးမှာ ချထားရင်း ခပ်ပြတ်ပြတ်လေသံနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အသက် ၂၀ နှစ်အရွယ် လူငယ်လေး ဒယ်နီရယ်ထန်းက ပြန်ပြောပြနေတာပါ။

၂၀၂၃ ခုနှစ် မေလအတွင်းမှာပဲ ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် သီးမြစ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ သီးမြစ်တိုက်ပွဲ စစ်ဆင်ရေးအပြီး အပြန် ချွန်ကျုံးရွာမှာ စစ်ကူဖို့အတွက် သွားရောက်ခဲ့ရင်း ၃ ရက်မြောက်နေ့မှာတော့ ကင်းထောက်ဖို့သွားတဲ့ ဒယ်နီရယ်ထန်းဟာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတာပါ။

သူဟာ စစ်တပ် အာဏာစသိမ်းချိန်က ၁၀ တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ချိန်မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့က သူရဲ့ဇာတိကျေးရွာကိုပြန်ကာ အဘိုးအဖွားတွေရဲ့ တောင်ယာလုပ်ငန်းကို ဝိုင်းကူလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့သူတစ်ဦးပါ။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ စတင်ချိန်မှာတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး ရှေ့တန်းမှာ သက်စွန့်စံဖျားတိုက်ခိုက်ရင်း မိုင်းနင်းမိတာကြောင့် အခုလို မသန်စွမ်းဘဝကို ရောက်ခဲ့ရတာပါ။

ဒယ်နီရယ်ထန်းလိုပဲ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရင်း မသန်စွမ်းအဖြစ်ကို ရောက်ရှိသွားတဲ့သူတွေ အမြောက်အများရှိသလို အသက်ပေးခဲ့ကြတဲ့ လူငယ်တွေလည်း များစွာ ရှိနေပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ဘဝကို အရှုံးမပေးဘဲ နိုင်ရာတာဝန် ဆက်ထမ်းဆောင်ရင်း အာဏာရှင်စနစ် အမြစ်ပြုတ်ဖို့အထိ ခွန်အားတွေနဲ့ ဆက်လက် တော်လှန်နေကြပါတယ်။

ချင်းပြည်နယ်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ Chinland Defense Force (CDF)၊ Chin National Army (CNA/CNF)၊ People Defense Force (PDF) တို့အကြား စစ်ရေးတင်းမာမှုတွေရှိခဲ့ကာ လက်ရှိအချိန်အထိလည်း နေ့စဉ်နဲ့အမျှ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အဲဒီလို ပြင်းထန်တိုက်ပွဲတွေအတွင်း ဆေးဘက်ဆိုင်ရာ အကူအညီပေးနေသူတွေတောင် လက်နက်ကြီးဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ အကောင်းပကတိဘဝကို ဆုံးရှုံးခဲ့ရသူတွေလည်း ရှိပါတယ်။

တိုက်ပွဲတွေမှာ ဒဏ်ရာရသူတွေကို ကုသပေးရသူ ဆေးမှူး ကိုစိုး (အမည်လွှဲ) ကိုယ်တိုင်ဟာလည်း ၂၀၂၁ ခုနှစ်မှာ လုံလဲရ်တပ်စခန်းကို မနက်ပိုင်းတိုက်ဖို့ CNF ဘက်က ပြင်ဆင်ထားပေမယ့် စစ်ကောင်စီဘက်ကနေ ကြိုသိပြီး ၆၀ မမနဲ့ လှမ်းပစ်တာကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့အဖြစ်ကို ကြုံတွေ့ခဲ့ရသူပါ။

“ပေါက်ကွဲသံနဲ့အတူ ကျနော် သတိလစ်သွားတယ်။ ပြန်သတိရလို့ ကြည့်လိုက်တော့ ကျနော့်သူငယ်ချင်းတွေ အားလုံးလဲကျနေတယ်.. ဘယ်သူမှမလုပ်ရှားတော့ဘူး.. ကျနော်လည်းလှုပ်ရှားလို့မရတော့ဘူး… ဒါပေမယ့် ကျနော် ဆေးမှူးတစ်ယောက်အနေနဲ့ တာဝန်ကျေချင်တယ်… နောက်ထပ် ကျည်တစ်လုံးကျလာရင် ကျနော်တို့အားလုံး သေကုန်မယ်… အဲ့စိတ်နဲ့.. ကျနော် လုံးဝ သွားလို့မရပေမယ့် တစ်ရွတ်တိုက်နဲ့ သူငယ်ချင်းနှစ်ယောက်ကို ကျည်ကွယ်တဲ့နေရာအထိ ရွှေ့တယ်… ဒါပေမယ့် ကျနော် မနိုင်တော့ဘူး… သွေးလည်း အရမ်းထွက်နေတော့ အာခေါင်တွေလည်းခြောက်လာပြီ” လို့ ကိုစိုးက သူတွေ့ကြုံခဲ့တာကို ပြန်ပြောပါတယ်။

အဲဒီတုန်းက စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် စစ်ကြောင်းမှုးနဲ့ ဆေးမှူးအပါအဝင် တပ်သား ၅ ဦးလုံး ထိခိုက်ခဲ့ပါတယ်။ ထိခိုက်ခဲ့တဲ့ တပ်သားတွေထဲ တစ်ဦးကတော့ ခြေသလုံးအောက်ပိုင်း ပြတ်ထွက်သွားခဲ့ပြီး ကိုစိုးက လက်နက်ကြီးကျည်စ ကျောပြင်နဲ့ ခါးတွေမှာသာမက ခြေသလုံးတွေမှာပါ စိုက်ဝင်ခဲ့တာဖြစ်ပါတယ်။

“ကျနော် ခြေထောက်ကို ကျည်စတွေထုတ်ဖို့ ၃ ကြိမ် ခွဲစိတ်ခဲ့ရတယ်.. ကျနော် လမ်းသိပ်မလျှောက်နိုင်ဘူး၊ ဒါပေမယ့် ကျနော် နောင်တရတယ်ဆိုတာမျိုးတော့ မရှိဘူး။ စစ်သားတစ်ယောက်အနေနဲ့ စစ်ထဲဝင်ကတည်းကနေ ကိုယ့်အသက်ကို ကိုယ့်ဘဝကို မပိုင်ဆိုင်ဘူးဆိုတာ သိလိုက်ရတယ်.. ဘယ်အချိန်သေမလဲ.. ဘယ်အချိန် အသက်ထွက်မလဲဆိုတာ ပြောလို့မရဘူး.. အသက်တစ်ချောင်းက ဘုရားလက်ထဲမှာရှိတယ်.. သေရင်လည်း ကျေနပ်တယ်။ အသက်ရှင်ရင်လည်း ဘုရားသခင်ကို ကျေးဇူးတင်တယ်” လို့ သူက ပြောပါတယ်။

ဆေးကုသမှုခံယူပြီး လက်ရှိမှာ ဒဏ်ရာတွေ ပြန်ကောင်းနေပြီဆိုပေမယ့် နဂို ကျန်းမာတဲ့အခြေအနေကိုတော့ သူ ပြန်မရတော့ပါဘူး၊ ဒါပေမယ့် အခက်အခဲတွေကြား တော်လှန်ရေးအတွက် ရှေ့ဆက် တိုက်ပွဲဝင်သွားဖို့ကတော့ သူ့ဆုံးဖြတ်ချက်ပါ။

တော်လှန်ရေးအတွက် ပေးဆပ်ကြသူ နောက်တစ်ဦးဖြစ်တဲ့ ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့သား ဆလိုင်းအိုက်ကီးဟာလည်း ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ထဲကို စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ဝင်ရောက်ခဲ့တာပါ။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမှာ ၂ နှစ်ကျော်ကြာ ဗိုလ်လောင်းသင်တန်း တက်ရောက်ပြီး ခုခါမှာတော့ CNA ထဲမှာ ဒုတိယဗိုလ် တပ်စုမှူးအဆင့် ရှိနေပါပြီ။

၂၀၂၃ ခုနှစ် မေလမှာ ဟားခါးနဲ့ ဖလမ်းကြား စစ်ကော်မရှင်ရဲ့ တင့်ကား ၂ စီးနဲ့ စစ်ယာဉ်တန်း ၃၀ ကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေး (ဇိန်မှု စစ်ဆင်ရေး) မှာ စစ်ကော်မရှင်ဘက်က လက်နက်ကြီးပစ်ခတ်တာကြောင့် အဆုတ်နဲ့ နားမှာ ဒဏ်ရာရရှိခဲ့တာပါ။

“ကျနော်ထိတဲ့နေရာက အဆုတ်နဲ့ နားနားမှာ ထိတာ။ အဆုတ်နားမှာရှိတဲ့ အရိုး ၄ ခုက ကျိုးသွားတယ်… ခွဲစိတ်မှုတော့ နှစ်ခါလုပ်ပြီးပြီ.. မအောင်မြင်ဘူးလို့ ပြောရမှာပေါ့… မျက်စိနဲ့ အာရုံကြောဆက်ထားတဲ့နားမှာ ကျည်ခွံရှိနေတယ်… အရင်လို ပုံမှန် မဖြစ်နိုင်သေးဘူး… နည်းနည်းပါးပါးလှုပ်ရှားရင် မောတယ်.. အခု စကားပြောတဲ့အချိန်မှာရော၊ ရယ်တဲ့အချိန်မှာပါ ကျနော့်ရဲ့ နှုတ်ခမ်းက ရွဲ့နေတာပေါ့နော်.. အရင်လို ပုံမှန်အနေအထား မဟုတ်ဘူးပေါ့”

သူ့ဒဏ်ရာဟာ ဒီတိုင်းကြည့်ရင် သိပ်ပြင်းထန်မယ့်ပုံမပေါ်ပေမယ့် ဆရာဝန်တွေက ခွဲစိတ်ကုသမှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီးတာတောင် ခန္ဓာကိုယ်ထဲစိုက်ဝင်နေတဲ့ ကျည်ဆံတွေက ထုတ်မရနိုင်သေးတာပါ။

အဆုတ်ထဲမှာ စိုက်နေတဲ့ ကျဉ်ဆံကိုထုတ်ဖို့ ၂ ကြိမ်ခွဲစိတ်ခဲ့ပေမယ့် ကျည်ရှိတဲ့နေရာဟာ အရမ်းနက်တာကြောင့် ထုတ်မရဖြစ်နေပြီး နားရဲ့ အနောက်နားမှာစိုက်ဝင်နေတဲ့ ကျည်ခွံကလည်း အာရုံကြော ထိခိုက်မိမှာစိုးရတဲ့ အခြေအနေကို ရောက်နေတာပါ။

ဆလိုင်းအိုက်ကီးဟာ ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ ဒဏ်ရာရရဲဘော် အမြောက်အများထဲက တစ်ယောက်ပါ။ ပိုကောင်းတဲ့ ဆေးဝါးကုသမှုတွေခံယူဖို့ လွတ်မြောက်နယ်မြေမှာရှိတဲ့ ဒဏ်ရာရရဲဘော်တွေထားရှိတဲ့ ကုသရေးစင်တာတစ်ခုကို ရောက်ရှိနေတာပါ။

ဆလိုင်းအိုက်ကီးနေထိုင်တဲ့ ကုသရေးစင်တာထဲမှာ လက်ရှိ သူနဲ့အတူ ဒဏ်ရာရ တော်လှန်ရေးရဲဘော် အယောက် ၂၀ လောက် ကုသမှုခံယူလျက်ရှိကြပါတယ်။ တချို့ရဲဘော်တွေကတာ့ မိုင်းကြောင့် ခြေထောက်တဖက် ဒါမှမဟုတ်  နှစ်ဖက်စလုံး ဆုံးရှုံးရသူတွေလည်းရှိပါတယ်။

အခုလို တိုက်ပွဲဝင်ရင်း မသန်စွမ်းဖြစ်သွားသူတွေအတွက် ဆက်လက်တာဝန်ထမ်းဆောင်ချင်ရင် Chin National Ogranazation (CNO/CNDF) ကတော့ သင့်တော်တဲ့ တာဝန်တွေကို ပြန်ပေးနေတယ်လို့ ဆိုပါတယ်။

CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်းက “သူတို့ကို အသုံးတည့်တဲ့ဌာနမှာ ပြန်သုံးပါတယ်၊ တချို့ကို ဂိတ်စောင့်တာဝန်၊ တချို့ကို ရုံးမှာ ရုံးတာဝန်တွေမှာ ခွဲပြီးတော့ပေးတယ်။ အဲဒီလိုမျိုး လုပ်ဆောင်နေပါတယ်၊ ဒါ့အပြင် ပြန်ပြီး တာဝန်ထမ်းဆောင်တဲ့သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ ကူညီမှုများလည်း လုပ်နေပါတယ်” လို့ ပြောပါတယ်။

နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူတွေကိုဆိုရင် NGO အဖွဲ့အစည်းတွေကနေ လာရောက်ကူညီပေးတာမျိုးတွေ ရှိပေမယ့် ချက်ချင်းဖြစ်တဲ့ အရေးပေါ်ကုသမှုပိုင်းတွေမှာတော့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ တပ်ဖွဲ့တွေဆီက သိရပါတယ်။

တိုက်ပွဲအတွင်း ဒဏ်ရာရသူတွေအတွက် အရေးပေါ်ကုသမှုကို နီးစပ်ရာ ဆရာဝန်တွေ ခေါ်ကြရပြီး မရရင် ရှိတဲ့ ဆေးတပ်မှူးတွေနဲ့သာ ကုသနေရတာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေ ကျော်လွန်မှသာ အိန္ဒိယနိုင်ငံ၊ အိုင်ဇောလ်မြို့ကို သွားရောက်ဆေးကုသဖို့ ပို့ဆောင်ကြတာပါ။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ တိုက်ပွဲအတွင်း မသန်စွမ်းဖြစ်သွားသူတွေကို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တတ်နိုင်သလောက် ပူးပေါင်းကူညီမှုတွေ ပြုလုပ်ပေးနေတယ်လို့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ India for Myanmar ဟာလည်း CDF ၊ PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရပြီး မျက်စိနှစ်ဖက်စလုံး ဆုံးရှုံးသွားသူ၊ ဒဏ်ရာပြင်းထန်စွာရသူတွေကို ကဏ္ဍအလိုက် ခွဲပြီး ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က “အခုကတော့ အသေးစားဒဏ်ရာအပါအဝင် ဒဏ်ရာရတဲ့သူတွေက ရာဂဏန်းလောက်ရှိတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း ဘက်ဂျက်တွေကလည်း ကုန်တဲ့ အနေအထားရှိတယ်… ဒါကြောင့် မသန်စွမ်းအမျိုးအစားကိုပဲ ခွဲပြီးတော့ ထောက်ပံ့ခဲ့တယ်.. NGO အဖွဲ့အစည်းတွေက လှူတဲ့ဟာတွေကိုလည်း မျက်စိဆုံးရှုံး၊ ခြေလက်ဆုံးရှုံးသွားတဲ့သူတွေကိုပဲ အဓိက လှူဖြစ်တယ်” လို့ လက်ရှိ လုပ်ဆောင်နေတာကို ပြောပါတယ်။

နောက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Chin Relief Committee in Mizoram အဖွဲ့ဟာလည်း ချင်းပြည်နယ်ကနေ စစ်ရှောင်လာကြသူတွေထဲက ဒဏ်ရာရသူတွေကို ကူညီဆောင်ရွက်ပေးနေတာပါ။

လေးနှစ်ခွဲကျော်ကာလအတွင်းမှာ ကူညီခဲ့ရတဲ့ စာရင်းတွေအရ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာနဲ့ရောက်လာသူ  ၂၅၀ ကျော်ရှိတယ်လို့ လူနာကုသရေးတာဝန်ခံ Pu Steven Khamtluanga က ပြောပါတယ်။

“အဓိကတော့ CDF နဲ့ CNA ရဲဘော်တွေကို ကြည့်နေတယ် တကယ့် ဒုက္ခိတဖြစ်သွားတဲ့ လူနာကတော့ ၇၀ ကျော်ပေါ့… စုစုပေါင်း ထိခိုက်ဒဏ်ရာရရဲဘော်ကို ကုသပေးနေတာက ၂၅၀ ကျော်ရှိပြီ.. ဒီမှာရောက်လာတဲ့အချိန်မှာ ဆေးရုံတင်စရာမလိုတဲ့သူတွေက လူနာဆောင်မှာထားတယ်.. ဆေးရုံပြဖို့လိုတဲ့ဟာတွေကို ဆေးရုံပြပေးတယ်.. ဆေးရုံတင်စရာလိုတဲ့ဟာကို တင်ပေးတယ်.. ဒဏ်ရာသိပ်မပြင်းထန်တဲ့ Dressing တွေကတော့ အဆောင်မှာပဲ ကုသပေးပါတယ်”

Chin Relief Committee in Mizoram ဟာ နွေဦးတော်လှန်ရေး စတင်လာတဲ့နောက်ပိုင်းမှာ ပြည်ပရောက် ချင်းလူမျိုးတွေက ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

တော်လှန်ရေးကာလအတွင်း ဒဏ်ရာရရဲဘော်တွေကို ဆေးဝါးကုသမှုပေးနိုင်ဖို့အတွက် Vaurawng Medical Center အဖွဲ့ကနေ ကူညီထောက်ပံ့ပေးနေတာလို့ Pu Steven က ဆိုပါတယ်။ အခုလက်ရှိမှာ ချင်းတော်လှန်ရေးရဲဘော်တွေကို ကုသပေးနေတဲ့ စင်တာ ၄ ခုလောက်ရှိပါတယ်။

သူတို့ဆီရောက်လာတဲ့ ရဲဘော်တွေရဲ့ နေစရိတ်၊ စားစရိတ် အားလုံးကို သူတို့အဖွဲ့အစည်းက ကုန်ကျခံပြီး အပြင်ဆေးခန်းမှာ ကုသရေးကုန်ကျစရိတ်ကိုတော့ ရဲဘော်တွေရဲ့ မိခင်တပ်ရင်းတွေက ကုန်ကျလေ့ရှိကာ တကယ်လို့ အဆင်မပြေဘူးဆိုရင် ၎င်းတို့က စီစဉ်ပေးရတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ ရဲဘော်တွေဆေးကုသမှုတွေ ဆက်လက်ပေးနိုင်ဖို့ ပို့ဆောင်ရေးပိုင်းနဲ့ ငွေကြေးအဓိကလိုအပ်တယ်လို့ သူကဆိုပါတယ်။

“အဓိက စိန်ခေါ်မှုကတော့ လူနာတွေအတွက်တော့ ငွေကြေးပြသနာပဲ ငွေကြေးက အရမ်းခက်ခဲတော့လေ အဓိက လောလောဆယ် ကျနော်တို့ စိန်ခေါ်မှုကတော့ ငွေရေးကြေးရေးပြသနာပဲ”

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ မသန်စွမ်းအရေအတွက်ကို ၂၀၁၉ အထိ စာရင်းကောက်ခံမှုအရ မြန်မာလူဦးရေ ၅၅.၉ သန်းထဲမှာ ၁၃ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်ကြပြီး အဲဒီထဲမှာ ချင်းပြည်နယ်က မသန်စွမ်းလူဦးရေ ၂၁ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေတာပါ။ အဲဒီစာရင်းတွေထဲမှာ လက်ရှိ အာဏာသိမ်းကာလ တိုက်ပွဲတွေကြောင့် ထိခိုက်ပြီး မသန်စွမ်းဖြစ်သွားသူအရေအတွက် မပါဝင်သေးပါဘူး။

ချင်းပြည်နယ် တစ်ခုတည်းမှာ တော်လှန်ရေးအဖွဲ့ပေါင်း ၂၀ ကျော်ရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိတဲ့ ချင်းတော်လှန်ရေးရဲဘော်တွေရဲ့စာရင်းကို အတိအကျကောက်ယူဖို့ ခက်ခဲနေတာပါ။

အသေးစားဒဏ်ရာရရှိမှု၊ ကိုယ်လက်ဆုံးရှုံးမှု၊ အမြင်အာရုံဆုံးရှုံးမှုအပါအဝင် ဒဏ်ရာရရှိသူ အယောက် ၁,၀၀၀ ကျော်လောက်ရှိနေပြီလို့ ချင်းရေးရာအဖွဲ့ချုပ် ICA လက်ထောက်ညွန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ဆိုပါတယ်။

“ကျနော်တို့ တော်လှန်ရေးကို ဦးဆောင်နေတဲ့လူတွေရဲ့ သုံးသပ်မယ့် အနေအထားတစ်ခုမှာ ရောက်နေပြီလို့ပဲ ကျနော် ပြောချင်တယ်… ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ တော်လှန်နေတယ်.. အသက်တွေပေးနေတယ် မှန်တယ်.. ဒါပေမဲ့ ကျနော်တို့ ပေးလိုက်ရတဲ့ အသက်တွေအနေနဲ့က တန်ရဲ့လားပေါ့နော်… နိုင်ငံရေးအကျိုးအမြတ်တွေကို ဘယ်လောက်ထိ ရနေပြီလဲဆိုတာကို ကျနော်တို့ တော်လှန်ရေးခေါင်းဆောင်တွေ ပြန်ပြီးတော့ သုံးသပ်ဖို့ အချိန်တန်နေပြီလို့ ကျနော်က ပြောချင်ပါတယ်”

CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်းကလည်း တိုက်ပွဲတွေကြောင့် ထိခိုက်ပြီး မသန်စွမ်းဖြစ်သွားသူ အရေအတွက်ကိုတော့ လက်ရှိ လုံခြုံရေးအနေအထားအရ အချက်အလက်ကောက်ယူဖို့ ခက်ခဲနေပြီး တိုက်ပွဲတွေကြောင့် နေ့စဉ်ထိခိုက်မှုတွေ ရှိနေတဲ့အတွက် စာရင်းကောက်ယူဖို့ မဖြစ်နိုင်သေဘူးလို့ ပြောပါတယ်။

“ကျနော်တို့က ချင်းပြည်နယ်အတွင်း အာလုံးရဲ့ ထိခိုက်မှုကိုတော့ မသိနိုင်ဘူး… ကျနော်တို့ထဲမှာတော့ မသန်စွမ်းဖြစ်သွားသူ ရှိတယ်.. မျက်မမြင်တာ ရှိတယ်.. ကျန်တာက ခြေပြတ် လက်ပြတ်တွေ ဖြစ်တယ်” လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေကြား ထိခိုက်ဒဏ်ရာရ မသန်စွမ်းဖြစ်သွားသူ လူငယ်တွေထဲ တချို့က ဆက်လက် လက်နက်ကိုင်တိုက်ပွဲဝင်နေသလို တချို့ကတော့ လွတ်မြောက်နယ်မြေတွေမှာ မိသားစုဝင်တွေနဲ့ နေထိုင်ရင်း တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေကြပါတယ်။

မိသားစုထမင်းဝိုင်းကို အတမ်းတဆုံးဖြစ်တဲ့ ဆလိုင်းအိုက်ကီးက ပိုမိုကောင်းမွန်တဲ့ ကုသမှုတွေ လုပ်ရဦးမှာဖြစ်ပေမယ့် ရှေ့တန်းက ရဲဘော်တွေရဲ့ ကျဆုံးတဲ့သတင်းတွေ ကြားရတဲ့အခါမျိုးမှာ ရှေ့တန်းကိုပဲ သွားချင်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးထဲ ဝင်ရောက်တာ နောင်တရတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

“အမိန့်အောက်မှာနေရတော့ ကိုယ်ဖြစ်ချင်သလို ကိုယ်လုပ်ချင်သလို လုပ်လို့မရဘူး… အထက်အမိန့်ရဲ့ ညွန်ကြားချက်အတိုင်းပဲ နေနေရတယ်.. အခုချိန်မှာ ကျွန်တော့်ကို အထက်ကနေမှ ရှေ့တန်းသွားဖို့၊ စစ်ဆင်ရေးလုပ်ဖို့ ညွှန်ကြားလာခဲ့မယ်ဆိုရင် ကျွန်တော်က သွားဖို့အသင့်ပါပဲ” လို့ ဆလိုင်းအိုက်ကီးက ပြောပါတယ်။

ဒယ်နီရယ်ထန်းကတော့ “ကျနော့်ကိုယ်ကျနော်‌ နောင်တရတာမျိုး မရှိဘူး… စိတ်ညစ်ဝမ်းနည်းကြေကွဲတာမျိုးလည်း မရှိဘူး.. ရှေ့ဆက်ပြီးတော့ ဆက်လက်ကြိုးစားသွားဖို့၊ ကျန်ရစ်နေတဲ့ လူငယ်တွေ ကျနော့်အရွယ် လူငယ်တွေအတွက် စိတ်ခွန်အား ရှိလာပြီးတော့ ပိုပြီးတော့ တိုက်ပွဲဝင်ရဲဖို့ ဖြစ်စေချင်တယ်‌” လို့ သူ့ဆန္ဒကို ပြောပါတယ်။

ဒယ်နီရယ်ထန်းနဲ့ ဆလိုင်းအိုက်ကီးတို့လို လူငယ်တွေဟာ သူတို့ကြုံတွေ့နေရတဲ့ ခါးသည်းမှုကို ဥပက္ခာပြုရင်း အာဏာရှင်စနစ် ကျဆုံးဖို့အတွက် မသန်သော်လည်း တိုက်ပွဲဝင်ချင်တဲ့ စိတ်ဆန္ဒကတော့ ပြင်းပြနေကြဆဲပါ။

လက်ရှိမှာလည်း ဒယ်နီရယ်ထန်းတစ်ယောက် ဆေးကုသမှု ခံယူနေပေမယ့် ဒဏ်ရာပျောက်ကင်းလို့ ပြန်သက်သာလာရင် သူအဖြစ်ချင်ဆုံးဆန္ဒကတော့….

“ကျနော် ခြေတုကိုတပ်ပြီးတော့ ထန်တလန်ကိုသွားပြီးတော့ ပြန်တိုက်မယ်လို့ စိတ်ဆန္ဒ အမြဲရှိတယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.