• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»စားဝတ်နေရေးအတွက် တွေးပူနေရတဲ့ ချင်းပြည်သူတွေရဲ့သောက
Photo Crd: Mizzima

စားဝတ်နေရေးအတွက် တွေးပူနေရတဲ့ ချင်းပြည်သူတွေရဲ့သောက

0
By Editor on October 23, 2022 Featured

NMS

“ဆန်က ဖြတ် (၄) ဖြတ်မှာပါတဲ့ပုံစံဖြစ်တဲ့အခါမှာ ဆန်က ရောင်းလို့မရဘူး၊ ခွင့်ပြုချက်မရှိရင် သယ်လို့လည်းမရဘူး၊ ခွင့်ပြုချက်ရဖို့လည်း တော်တော်လေးတောင်းရတယ်”

ဒီစကားကို ချင်းပြည်နယ်၊ မင်းတပ်မြို့ မြို့မိ/မြို့ဖအဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီရဲ့ ဖြတ် (၄) ဖြတ်ပုံစံ လုပ်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောပြတာပါ။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူတွေဟာ အခြေအနေ (၂) မျိုးနဲ့ နေထိုင်နေရပါတယ်။
တစ်မျိုးက ကိုယ့်ရပ်/ကိုယ့်ရွာ/ကိုယ့်မြို့မှာ နေထိုင်နေရတယ်ဆိုပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်ကန့်သတ်မှုတွေကြောင့် အစစအရာရာမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ကြပ်တည်းစွာ နေနေရတာပါ။

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာ နယ်မြေခံတပ်ရင်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကနေ ဆန်တွေကို ထိန်းချုပ်ကန့်သတ်ထားပြီး မြို့ပေါ်မှာ လွတ်လပ်စွာ ဆန်သယ်ယူရောင်းချခွင့်မပြုတာဟာ အခုဆိုရင် တစ်နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မင်းတပ်မြို့ပေါ်က ဘာသာရေးအသင်းအဖွဲ့တွေ၊ ရပ်မိ/ရပ်ဖတွေက ဒေသခံပြည်သူတွေ စားသုံးဖို့အတွက် စစ်နယ်မြေမှူးရဲ့ ခွင့်ပြုချက်နဲ့ ဆန်တွေ သွားရောက်ဝယ်ယူကြပြီး စစ်နယ်မြေမှူးရဲ့ သတ်မှတ်ချက်အတိုင်း ပြန်လည်ရောင်းချပေးနေရပါတယ်။

“ဆန်ကိစ္စကတော့ မြို့မိမြို့ဖတွေအနေနဲ့ စစ်နယ်မြေမှူးဆီမှာစာတင်ထားတော့ စစ်နယ်မြေမှူးရဲ့ ခွင့်ပြုချက်နဲ့ ပခုက္ကူ ဆန်ပွဲရုံမှာ ဆန်မှာပြီးမှ မြို့ပေါ်မှာ တစ်မိသားစုကို ၅ ပြည်နှုန်းနဲ့သာ ရောင်းချပေးနေရတယ်” လို့ သူက ဆက်ပြောပါတယ်။

အဓိက, ကတော့ စစ်ကောင်စီက ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ရိက္ခာတွေ မစီးဆင်းစေချင်တဲ့အတွက် အခုလို ဖြတ် (၄) ဖြတ်ပုံစံမျိုးနဲ့ ထိန်းချုပ်နေတာဖြစ်ပေမယ့် ကြားထဲကနေ ပြည်သူတွေက မြေစာပင်ဖြစ်နေရပါတယ်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီနှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲများ (ဇန်နဝါရီ ၂၀၂၀ – စက်တင်ဘာ ၂၀၂၂)

“သူတို့က (စစ်ကောင်စီ) အိတ်လိုက်ခွင့်မပြုတာက ကျွန်တော်ထင်တာ သူတို့အမြင်ပေါ့ သူတို့က အိတ်ကများများဆံ့ပြီး များတဲ့အခါမှာ ဟိုဖက် (CDF) တောထဲရောက်မှာကိုစိုးရိမ်လို့ ဖြစ်ကောင်းဖြစ်မယ်လို့ ယူဆတယ်၊ ဆန်က တစ်မိသားစုကို ၅ ပြည်နှုန်းနဲ့ရောင်းပေးတာ၊ ကုန်လို့ရှိရင် နောက်ထပ်ပြန်ဝယ်၊ စစ်နယ်မြေမှုးရဲ့ အဓိက ခွင့်ပြုချက်နဲ့ သူတို့လမ်းညွန်ချက်ဖြစ်တယ်”

အခုဆိုရင် မင်းတပ်မြို့မှာ ဆန်တစ်ပြည်ကို ၂,၂၀၀ ကျပ်နဲ့ မိသားစုတစ်စုကို (၅) ပြည်နှုန်းသာ ဝယ်ယူခွင့်ရှိပါတယ်။

အဲဒီလို ရောင်းပေးနေပေမယ့် မိသားစုဝင်များတဲ့အခါကျတော့ ဆန်မလုံလောက်တာကြောင့် အခက်အခဲတွေ ရှိနေပါတယ်။

“လုံလောက်ဖို့ကတော့ နည်းနည်းတော့ခက်ခဲ၊ တချို့ကတော့ မိသားစုကများတော့ အိတ်လိုက်ဝယ်မှ၊ မိသားစုများတဲ့သူတွေအတွက်ကတော့ လုံလောက်မှုကတော့ နည်းပါးတယ်၊ တစ်နပ်နဲ့ သုံးလေးပြည်ချက်တဲ့ဟာတွေရှိတယ်၊ အဲ့အတွက်ကြောင့် နေ့တိုင်းနေ့တိုင်း ဝယ်ရမယ့်သဘောဖြစ်နေတယ်”

ဒါ့ကြောင့်လည်း မိသားစုများတဲ့ အိမ်ထောင်စုတွေက စစ်ကောင်စီကသတ်မှတ်တဲ့ ခွဲတမ်းနဲ့ မလုံလောက်တဲ့အတွက်ကြောင့် လျှော့စားရတာတွေ၊ တခြားလုံလောက်တဲ့ မိသားစုတွေဆီက ပြန်ရှာဝယ်စားနေရတဲ့အခြေအနေ ဖြစ်နေပါတယ်။

“ချွေတာပြီးမှ ခြိုးခြံပြီးမှ အတတ်နိုင်ဆုံးလုပ်ကြပေမယ့် အခက်အခဲကတော့ အများကြီးကြုံတွေ့ရတယ်၊ ရှေ့ခရီးဆက်ဖို့ကတော့ ပိုပြီးမှ ခက်ခဲလာမယ်လို့တော့ မြင်မိတယ်၊ တွေးမိတယ်” ဆိုပြီး တွေဝေစွာနဲ့ သူကပြောပါတယ်။

သူ့မှာ အမြဲတမ်းတောင်းနေမိတဲ့ဆုတောင်းတစ်ခုကတော့ “ကျွန်တော်တို့ ဘာသာရေးရှုထောင့်ကတော့ ဒီ နှစ်ဖက်လက်နက်ကိုင် တင်းမာနေတဲ့ အချိန်ကာလကို လျော့နည်းလာပြီးမှ ဖြေလျော့ပြီးမှ နိုင်ငံတော်ကို အမြန်ဆုံး တည်ငြိမ်အေးချမ်းမှ ဒီခက်ခဲမှုတွေကို ကျော်ဖြတ်နိုင်မယ်ဆိုတာတော့ ကျွန်တော်တို့ ဆုတောင်းခြင်းပေါ့နော်။ အဲ့တာတော့ ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းပါပဲ”

ချင်းပြည်နယ်မှာ ပြည်သူများစွာဟာ စစ်ကောင်စီရဲ့ ဖြတ် (၄) ဖြတ်ပုံစံ ကြုံနေရတဲ့အပြင် စစ်ကောင်စီက သူတို့ရဲ့ အိမ်တွေ၊ ရွာတွေ၊ မြို့တွေကို မီးရှို့ဖျက်ဆီးပစ်ခဲ့တာကြောင့် ရပ်/ရွာစွန့် ထွက်ပြေးပြီး စစ်ဘေးရှောင်ဘဝနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆင်းရဲကြပ်တည်းစွာနဲ့ နေထိုင်နေကြရတာပါ။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းမှာလည်း စားဝတ်နေရေးကြပ်တည်းနေတာနဲ့ အစားအသောက် အလုံအလောက် မရရှိမှုတွေနဲ့ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

“စစ်ဘေးရှောင်ဒုက္ခသည်တွေက အလှူရှင်တွေရဲ့ ပေးကမ်းလှူဒါန်းမှုအပေါ်မှာပဲ ရပ်တည်နေကြရပါတယ်။ ဒုက္ခသည်တွေအတွက် အစားအသောက်အခက်ခဲမှုက အကြီးဆုံး စိန်ခေါ်မှုဖြစ်တယ်” လို့ Myanmar Refugee Relief Committee – Mizoram (MRRCM) အတွင်းရေးမှူး ဆလိုင်းဟူးလျန် (Salai Hulian) က သူတို့ရဲ့ လက်ရှိအခက်အခဲကို ပြောပြတာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခ ပြင်းထန်လာတာကြောင့် ချင်းပြည်နယ်နဲ့ အခြားနေရာတွေက ဒေသခံပြည်သူတွေဟာ ချင်းပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အဲဒီ စစ်ဘေးရှောင်ပြည်သူတွေကို မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ ပနံသင့်နေတဲ့ အိန္ဒိယဗဟိုအစိုးရက တရားဝင် လက်မခံခဲ့ပါဘူး။

ဒါပေမယ့်လည်း မီဇိုရမ်ပြည်နယ်အစိုးရကတော့ သူ့သဘောနဲ့သူ စစ်ဘေးရှောင်ပြည်သူတွေကို နွေးထွေးစွာလက်ခံကြိုဆိုခဲ့ပါတယ်။ စစ်ဘေးရှောင်စခန်းတွေဖွင့်လှစ်ပေးခဲ့ပြီး ပြန်လည်နေရာချထားရေးတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေ လက်ရှိ လက်လှမ်းမှီသလောက် ရေတွက်ထားတာက ၃၈,၀၀၀ ကျော်ရှိပါတယ်၊ မရေတွက်နိင်သေးတာနဲ့ဆိုရင် အားလုံး ဦးရေ ၄၅,၀၀၀ ကျော် ရှိနိုင်မယ်ထင်ပါတယ်”

သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကနေ ကောက်ယူထားတဲ့ အချက်အလက်အရ ချင်းပြည်နယ်အတွင်းမှာကော မီဇိုရမ်ပြည်နယ်အတွင်းမှာပါ စစ်ဘေးရှောင်နေရတဲ့ပြည်သူ စုစုပေါင်း ၅၂,၄၄၀ ရှိနေပြီလို့ BNI-Myanmar Peace Monitoring Website (https://www.mmpeacemonitor.org/) အချက်အလက်အရ သိရပါတယ်။

Chin IDPs

အဲဒီ စစ်ဘေးရှောင်ပြည်သူတွေထဲက ထက်ဝက်ခန့်ဟာ မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၈ ခုမှာဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း (Relief Camp) တွေမှာ နေထိုင်နေကြပြီး ကျန်တဲ့တစ်ဝက်ကတော့ စခန်းပြင်ပမှာ အိမ်ငှားနေထိုင်နေကြပါတယ်။

Chin IDPs

“ဒုက္ခသည်တွေထဲမှာ အရပ်သား စစ်ဘေးရှောင်ဒုက္ခသည်နဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူတွေဆိုပြီးတော့ မတူညီတဲ့ ဒုက္ခသည်တွေရှိတာ တွေ့ရပါတယ်၊ အများစုကတော့ ဒုက္ခသည်စခန်းမှာနေပါတယ်၊ အချို့သောသူတွေကတော့ အိမ်ဌားနေပြီး စားဝတ်နေရေးအတွက် မိမိတတ်နိုင်ရာအလုပ်တွေ ရှာဖွေလုပ်ကိုင်စားသောက်နေထိုင်ကြတယ်”

ဒီစစ်ဘေးရှောင်ပြည်သူအများစုဟာ စေတနာအလှူရှင်တွေရဲ့ လှူဒါန်းထောက်ပံ့ပေးမှုတွေနဲ့သာ ရပ်တည်နေကြရတာပါ။

“အလှူရှင်တွေရဲ့ လှူဒါန်းမှုအပေါ် ရပ်တည်နေတာ‌ကြောင့် လှူဒါန်းမှုအားနည်းလာရင်တော့ ဒုက္ခသည်တွေရဲ့ အစားအသောက်၊ ရပ်တည်ရေးပိုင်းမှာ အခက်ခဲစိန်ခေါ်မှုများ ရှိလာမှာသေချာပါတယ်”

ဒီအခြေအနေကို တောင့်ခံနိုင်ဖို့ မီဇိုရမ်ပြည်နယ်အတွင်းနဲ့ နိုင်ငံတကာမှာနေထိုင်ကြတဲ့ လူတစ်ဦးချင်း၊ လူမှုအသိုင်းအဝန်းအခြေပြုအဖွဲ့အစည်းတွေ၊ NGO တွေကနေ လှူဒါန်းမှုရရှိတဲ့အပါ်မူတည်ပြီး MRRCM အနေနဲ့ အစားအသောက်၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးထောက်ပံ့မှု၊ ဆေးရုံတက်‌နေရသော်လည်း ငွေကြေးအခက်ခဲမှုကြောင့် ဆေးရုံစရိတ်မတတ်နိုင်သူများနဲ့ ဒုက္ခသည်စခန်းမှာရှိတဲ့ မိသားစုတွေထဲက ပိုပြီးခက်ခဲသော မိသားစုတွေကို ငွေသားနဲ့ သွားရောက်ကူညီတာတို့ စတာတွေနဲ့ လုပ်ဆောင်နေရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအပြင် ကျောင်းပညာရေးနဲ့ပတ်သက်ပြီး သူက အခုလိုရှင်းပြပါတယ်။

“ကျန်းမာရေးနင့်ပက်သက်ပြီး Mizorm Student Union, Out Patient Department, Institute of Chin Affair, CBAMA, တို့နင့် MRRCM တို့ ပူးပေါင်းပြီးတော့ နယ်စပ်ဒေသ Zokhawthar ကျေးရွာမှာ ဆေးခန်းဖွင့်ထားပါတယ်၊ Champai မြို့မှာရှိတဲ့ Zote ဒုက္ခသည်စခန်းကိုလည်း တစ်ပတ်တစ်ကြိမ်သွားရောက်ပြီး ဆေးတွေ ကူညီပေးလေ့ရှိတယ်၊ ပညာရေးကဏ္ဍမှာလည်း မီဇိုရမ်အစိုးရက အတတ်နိုင်ဆုံးကူညီပါတယ်၊ စစ်ဘေးရှောင်တွေ အထက်တန်းနဲ့ တက္ကသိုလ်အထိ တက်ရောက်နိင်ရေးအတွက် မီဇိုရမ်အစိုရနဲ့ ကြိုးစားနေတယ်”

မြန်မာ့အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ပတ်သက်ပြီး အိန္ဒိယ ဗဟိုအစိုးရနဲ့ နိုင်ငံတကာအဖွဲ့တွေ၊ အစိုးရတွေ ဆွေးနွေးနေမှုတွေရှိနေပေမယ့် လက်ရှိအချိန်ထိတော့ အားရမှုမရှိသေးပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းပေါင်း (၁၈၀) ကျော်က လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဦးဆောင်ပေးအပ်ခဲ့တဲ့ India for Myanmar အဖွဲ့က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က အခုလိုသုံးသပ်ထားပါတယ်။

“အန္ဒိယရဲ့ လက်ရှိ မြန်မာ့ဒီမိုကရေစီလုပ်ရှားမှုအပေါ် ရပ်တည်ချက်ကိုတော့ လုံးဝအားရမှု မရှိဘူး၊ အားရမှုမရှိတာကြောင့် အိန္ဒိယနိုင်ငံမှာရှိတဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေနဲ့ နိုင်ငံရေးပါတီကို အကူညီတောင်းပြီးတော့မှ သူတို့အစိုးရကို ဖိအားပေးပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို ကျွန်ပ်တို့လုပ်ရတာဖြစ်တယ်၊ ဆိုတော့ လက်ရှိအိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ဟာ အင်မတန် စိတ်ပျက်စရာကောင်းတဲ့ အနေထားဖြစ်တယ်၊ စစ်ကောင်စီလုပ်သမျှကို ထောက်ခံအားပေးနေတဲ့ပုံစံဖြစ်တယ်၊ ကျွန်ပ်တို့ ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေဘက်ဆိုရင်တော့ အသံတစ်ခါမှ မထွက်ဖူးဘူးလို့တောင် ပြောလို့ရတယ်”

သူတို့တောင်းဆိုထားတဲ့ အချက် (၄) ချက်ကတော့ –

  • ပထမအချက် အိန္ဒိယနိုင်ငံ ပြည်သူများအနေနင့် မြန်မာနိုင်ငံပြည်သူတွေနဲ့ အတူရပ်တည်ပေးဖို့၊
  • ဒုတိယအချက်က အိန္ဒိယစိုးရအနေနဲ့ စစ်ကောင်စီကို သံတမန်ရေးအရ အသိမှတ်ပြုနေတဲ့ဟာ၊ နောက်ပြီးတော့မှ လက်နက်တွေ ပံ့ပို့ပေးနေတဲ့ဟာတွေကို ရပ်တန့်ပေးဖို့ ဖိအားပေးပေးဖို့၊
  • တတိယအချက်ကတော့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်ပေးဖို့၊
  • စတုတ္ထအချက်က လူသားချင်းစာနာထောက်ထားမှုကို အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပံ့ပို့ပေးဖို့

ဒါ့ကြောင့် ဒေသခံပြည်သူတွေရဲ့ဘဝဟာ စစ်အာဏာရှင်ရဲ့ထိန်းချုပ်မှုကို ခံနေရသ၍ ဘယ်မှာနေနေ ကိုယ်နဲ့ ကိုယ့်မိသားစုစားဖို့ အခြေခံလိုအပ်ရာတွေ မရှိတာ၊ မလုံလောက်တာနဲ့ ကန့်သတ်ခံနေရတာတွေ ကြုံနေရမှာပါပဲ။

ဒါ့အပြင် သူတို့ရဲ့အခွင့်အရေး၊ သူတို့ရဲ့ရပိုင်ခွင့်တွေ ဆုံးရှုံးနေရမှာပါပဲ။

“ကျွန်တော်တို့ ဆုတောင်းခြင်းပေါ့နော်။ အဲ့တာတော့ ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းပါပဲ”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.