မာဂရက် – စစ်ကိုင်တိုင်း၊ ကလေးမြို့နယ်၊ နန်းကသဲမြစ်တောင်ပိုင်းအုပ်စု၊ မြစ်သာမြစ်၏ အနောက်ဘက်ကမ်း တင်သားကျေးရွာတွင် စစ်တပ်သတင်းပေးသည့် ဒလန်အိမ်တွင် ယမန့်ညပိုင်း လက်လုပ်မိုင်း ပေါက်ကွဲကာ တစ်ဦးသေဆုံးပြီးနောက် ယနေ့တွင် စစ်ကောင်စီတပ်များ ရောက်လာသဖြင့် ရွာသူရွာသားများ တိမ်းရှောင်နေရကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၆ နေ့ ယမန်နေ့ည ၁၂ နာရီအချိန်တွင် စစ်တပ်သတင်းပေးသူသည် မိမိအိမ်ကို ပြည်သူလူ ထုများ ရောက်လာမှာ ကြိုတင်သိထားခြင်းကြောင့် လက်လုပ်မိုင်းထောင်းထားခဲ့ပြီး ပြည်သူများ ရောက်လာချိန်တွင် ဘက်ထရီကြပ်ပင်ကိုညှပ်ပြီး ရှော့တိုက်လက်လုပ်မိုင်း ပေါက်ကွဲသောကြောင့် သတင်းပေးသူ၏ အစ်မတော်စပ်သူမှာသေဆုံး ခဲ့ကြောင်းသိရသည်။
“မနေ့ညက စစ်ကောင်စီဘက်ကနေခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် သတင်းပေး ဒလန် ၃ ယောက်ရဲ့အိမ်ကို ပြည်သူတွေက သတင်းမပေးဖို့သတိပေးတဲ့အနေနဲ့ ခဲနဲ့သွားထုကြတာ၊ အဲမှာသူတို့က သူတို့အိမ်မှာ ပြည်သူလာရင်ဖောက်ခွဲဖို့ဆွဲမိုင်းချထားတာ၊ မနေ့ကတော့ အိမ်ရှင်က အိမ်မှာမရှိတော့ဘူး၊ သူ့အစ်မတစ်ယောက်တည်းကျန်ခဲ့တော့ ပြည်သူတွေလာပြီဆိုပြီး မိုင်းခွဲလိုက်တဲ့ချိန် သူ့ဟာသူထိပြီးသေသွားတယ်၊ အလောင်းကိုဘယ်လို လုပ်လိုက်လည်းတော့မသိဘူး၊ ပြည်သူဘက်က သုံးယောက်လည်းထိတယ်၊ ညတွင်းချင်းဘဲ ဒဏ်ရာကိုချုပ်ပေးလိုက်တယ်” ဟု ဒေသခံရွားသားတစ်ဦးမှပြောသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့များဖက်မှ စစ်ကား ၄ စီးနှင့် ရဲကား ၁ စီးရောက်ရှိလာကာ လူနေအိမ်များတွင်လည်း လက်နက်ရှာဖွေမှုများပြုလုပ်နေပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကာ ရွာသူရွာသားများလည်း တိမ်းရှောင်နေရကြောင်းသိရသည်။
“ကျွန်တော်တို့ ပြည်သူလူထုထဲက ဘာမှမဆိုင်တဲ့ကလေး ၂ ယောက်ကို ရိုက်ပြီးမှ စစ်တယ်၊ ဖမ်းပြီး မှ ရိုက်ပြီးကားတင်သွားတာ အခုကျွန်တော်တို့ ရွာဂိတ်ပေါက်မှာ ရောက်နေတယ်လို့ကြားတယ်၊ နောက်တယောက်က လူလတ်ပိုင်းအရွယ် သံတယရှိမှုနဲ့ ဖမ်းပြီးတော့ ရိုက်နက်ပြီး မေးမြန်းတယ် ၊အခု ဒီရာသီဥတုက နေကပူတဲ့အထဲ ကျွန်တော်တို့ဖက်မှာ လယ်ပြင်မှာ အကုန်ထွက်ပြီးမှ ရှောင်ပြီး တိမ်းပြီးနေရတဲ့ ဘဝရောက်တာပေါ့၊အဓိကလူငယ်တွေနဲ့ ယောကျာင်တွေပဲရှောင်နေကြတာပေါ့ သူတို့ကလည်း လက်နက်မရမချင်း မထွက်ဘူးဆိုပြီးမှပေါ့” ဟု တင်သားရွာသားတစ်ဦးက ပြောသည်။
တင်သားရွာသည် ကလေးမြို့နှင့် ၃၆ မိုင်ခန့်ကွာဝေးပြီး မကွေးတိုင်းဒေကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစပ်၊ ချင်းပြည်နယ်အဆုံးတွင် တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိသည်ဟု သိရသည်။