ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် မေလ ၂၆ ရက်ညပိုင်းကစ၍ ယနေ့မနက်ပိုင်းအထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုနှင့် ဘာသာရေးအဆောက်အအုံအပါဝင် နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။
တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့၏ အထိုင်တပ်စခန်းများကို PDF-Zoland နှင့် ချင်းညီနောင်တပ်ဖွဲ့ဝင် များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုကြသော်လည်း သီးခြားအတည်ပြု၍မရသေးပေ။ ချင်းညီနောင် နှင့် PDF-Zoland ဘက်ကို ဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်သည်။
ထိုတိုက်ပွဲကြောင့် မေလ ၂၆ ရက်ည နှင့် ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု တီးတိန်မြို့ ဒေသခံတစ်ဦးကပြောသည်။
“အဓိက လေးလုမ်း၊ လေးတော့တန်းရပ်ကွက်နဲ့ စကစ တပ်စွဲတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်တာ၊ စကစဘက်က Y 12 နဲ့ ၈ကြိမ်လောက်ဗုံးချတယ်၊ ဒီနေ့မနက်တော့ Jet Fighter နဲ့ ၃ကြိမ်လောက် ဗုံးကြဲ တယ်၊ လူနေအိမ် တော့ တော်တော် များများ ပျက်စီးတယ်၊ CCJ Hall လည်း အများကြီးပျက်စီးတယ်” ဟု တီးတိန်မြို့ဒေသခံက ပြောသည်။
တီးတိန်မြို့ပေါ်တွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် ဒေသခံပြည်သူတချို့က ပြီးခဲ့သည့်ရက်ပိုင်းက တီးတိန် မြို့လမ်းမ ပေါ်တွင် အုပ်စုလိုက် ဆုတောင်းခြင်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
တိုက်ပွဲမဖြစ်ခင်ရက်ပိုင်းကတည်းက တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအနီးတဝိုက်တွင်နေထိုင်ကြ သော ပြည်သူများနှင့် မြို့ခံ ၄ ပုံတစ်ပုံခန့်မှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သလို ယခုအခါ တိုက်ပွဲဖြစ်ပွားပြီးနောက် တီးတိန်တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
တီးတိန်မြို့တွင် တွန်းဇံမြို့က စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော် ခိုလုံလျှက်ရှိသော်လည်း ယခုတိုက်ပွဲကြောင့် ထပ်မံပြီး တိမ်းရှောင်နေကြရသည်ဟု သိရသည်။
တီးတိန်မြို့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။