ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥက္ကဋ္ဌ Steven နဲ့ အမေးအဖြေ
ချင်းပြည်နယ်တွင် CDM ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် တရားဉပဒေ စိုးမိုးရေးအတွက် စတင်ဆောင်ရွက်နေပြီဟု သိရသည်။ ချင်းပြည်နယ်ပြည်သူ့ ရဲတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာကြသော CDM ရဲတပ်ဖွဲ့များက စတင်ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ လက်ရှိအနေအထား၊ အမှုကိုင်တွယ် ဖြေရှင်းမှု၊ တရားဉပဒေ စိုးမိုးရေး စသည့် ကိစ္စနှင့် ပတ်သက်ပြီး ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥက္ကဋ္ဌ Steven ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အကြောင်း မမေးခင်မှာ အရင်ဆုံး စစ်အာဏာမသိမ်းခင်တုန်းက တာဝန်ထမ်းဆောင်ခဲ့တာတွေကို ပြောပြပေးလို့ရပါလား။
ဖြေ။ ။ ကျွန်တော်အရင်တုန်းက ဒီ CDM မဝင်ခင်တုန်းကပေါ့နော်၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှာ အရာရှိ နည်းပြဆရာ တစ်ယောက်အဖြစ် ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အရာရှိတွေကို မွေးထုတ်တဲ့ကျောင်း ပေါ့နော်။ အဲ့ဒီ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းကနေ CDM ဝင်လာတာ ဖြစ်တယ်။ အဲဒီမတိုင်ခင်က ကျွန်တော် နိုင်ငံတကာဆက်ဆံရေး အရာရှိသော်လည်းကောင်း၊ Air Marshal အဖြစ် သော်လည်းကောင်း ကျရာတာဝန် အမျိုးမျိုးမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကျွန်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ထမ်းဆောင်တာဖြစ်ပါတယ်။ ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာဆိုရင် ဌာနပိုင်းဆိုင်ရာ အမျိုးမျိုး ရှိပါတယ်။ အဲ့ဒီ ဌာနအမျိုးမျိုးထဲမှာမှ နိုင်ငံတကာဆက်ဆံရေးတို့၊ အဲဒီမှာလိုအပ်ချက်အရ တွဲဘက်ဆက်ဆံရေး အရာရှိအဖြင့် တာဝန်ထမ်းဆောင်တာ ဖြစ်တယ်။ ပြီးရင် နောက်တစ်ခုက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ Air Marshal တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ နောက်တစ်ခုက အမှုစစ်အရာရှိတစ်ယောက်အဖြစ်လည်း ကျွန်တော် ၁၀ နှစ်ကျော် ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်။
မေး။ ။ ဘယ်လိုကြောင့် CDM လုပ်ပြီး ဒီတော်လှန်ရေးထဲရောက်ဖြစ်တာပါလဲ။
ဖြေ။ ။ ဘာကြောင့် CDM ဝင်တာလည်းဆိုတာတော့ ထွေထွေထူးထူး ပြောနေစရာ သိပ်မလိုတော့ဘူး ထင်ပါတယ်။ ဒါအားလုံးသိပြီးသားဖြစ်တယ်၊ ဒီအာဏာသိမ်းမှုကြောင့်ပေါ့နော်။ ကျွန်တော်တို့ကလည်း ဒီအာဏာရှင်စနစ်ကို မလိုလားဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ ဒီနိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာနှင့် ပူးပေါင်းတဲ့အချိန်မှာပဲ ဖြစ်ဖြစ် ဒီအာဏာရှင်ရဲ့ မကောင်းမှုတွေ ပေါ့နော်၊ အာဏာရှင်ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်နိုင်မယ့် လမ်းကြောင်းတွေ အကုန်လုံး ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်ပါဘူး အားလုံးက သိနေပြီးသားဖြစ်တယ်။ အဲ့တိုင်းပါပဲ ကျွန်တော်လည်း ဒါကိုကောင်းကောင်းမွန်မွန် သိရှိနားလည်တာဖြစ်တဲ့အတွက် ဒါကိုမလိုလားလို့ ကျွန်တော် CDM ထဲ ဝင်လာတာ ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။
မေး။ ။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ဘယ်လိုရည်ရွယ်ချက်နဲ့ စတင် ဖွဲ့စည်းခဲ့ကြလဲ။
ဖြေ။ ။ အဓိက ဒီချင်းဘက်ကနေ CDM ဝင်လာတာက အယောက် ၉၀၀ ဝန်ကျင်း ရှိပါတယ်။ အဲ့ဒီ ၉၀၀ ဝန်းကျင်မှာမှ အယောက် ၅၀၀ လောက်ကတော့ ဒီလို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ချက် ရှိတာဖြစ်တဲ့ အတွက် ကျွန်တော်တို့အားလုံး စုစည်းပြီးမှ အစည်းဝေးလုပ်ကြတယ်။ အဲ့ဒီအစည်းအဝေးဆုံး ဖြတ်ချက်အရ ပေါ့နော်၊ ဒီ ၉ .၁၀ .၂၀၂၂ မှာပဲ ကျွန်တော်တို့ အစတုန်းကတော့ ရဲတပ်ဖွဲ့ပုံစံ မဟုတ်ဘဲနဲ့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကော်မတီ ဆိုပြီးတော့ စတင်ဖွဲ့စည်းတာ ဖြစ်တယ်။ နောက်မှပဲ ကျွန်တော်တို့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဆိုပြီးတော့ တစ်ဆင့်ချင်းစီ ကျွန်တော်တို့ ပြန်လည်သွားရတာဖြစ်တယ်။
ဘာဖြစ်လို့ ကျွန်တော်တို့ ဖွဲ့စည်းလဲဆိုရင်တော့ ကျွန်တော်တို့ ဒီတော်လှန်ရေးကာလက အချိန်တန်ရင်တော့ ကျွန်တော်တို့နိုင်မှာ ဖြစ်တယ်၊ နိုင်ဖို့လည်း ၁၀၀ မှာ ၁၀၀ ယုံကြည်တယ်။ အဲ့ဒီတော့ ဒီတော်လှန်ရေးကာလ အလွန်မှာ ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ တရားဥပဒေလုပ်ငန်း၊ တရားဥပဒေ စိုးမိုးရေး တာဝန်တွေကို ဆောင်ရွက်ဖို့အတွက် ကျွန်တော်လိုလူတွေ လိုအပ်လာမှာဖြစ်တယ်။ တပ်ဖွဲ့တွေလည်း လိုလာတော့မှာ ဖြစ်တယ်။ အရင်တုန်းက အဟောင်းတွေကို ပြန်သုံးဖို့ကလည်း အဆင်ပြေတော့မှာ မဟုတ်ဘူး၊ တချို့လူတွေက အဆင်ပြေတယ်လို့ ပြောရင်တောင်မှ ပြည်သူတွေက လုံးဝလက်ခံမှာ မဟုတ်တဲ့အတွက် အဟောင်းတွေကို အကုန်လုံး ပယ်ဖျက်ပြီးတော့မှ အသစ်နဲ့ပဲ ကျွန်တော်တို့ ပြန်လည်လုပ်သွားမှာ ဖြစ်တယ်။
အဲ့ဒီတော့ ရဲတပ်ဖွဲ့ဆိုတဲ့ဟာကလည်း ကြိုက်သလို ပြီးစလွယ်လေးနဲ့ ဖွဲ့လို့ရတဲ့ အဖွဲ့စည်းတခု မဟုတ်ဘူး။ သူက အနုစိပ်နဲ့ သေချာလုပ်ထားတဲ့ တတ်မှရတဲ့ ပညာရပ်တွေနဲ့ တည်ဆောက်ထားတဲ့အဖွဲ့ ဖြစ်တယ်။ အဲ့ဒါကြောင့် မို့လို့ ကျွန်တော်တို့က ဒီတော်လှန်ရေးအတွက် သာမက တော်လှန်ရေးကာလအလွန် အတွက်ပါ သော်လည်းကောင်း ကျွန်တော်တို့က သေချာပြင်ဆင်ပြီးတော့မှ တော်လှန်ရေးကာလမှာလည်း တရားဥပဒေ စိုးမိုးရေး သေသေချာချာလေး ဆောင်ရွက်နိုင်အောင် ဆိုပြီးတော့မှ ကျွန်တော်တို့ ဖွဲ့စည်းတာ ဖြစ်တယ်။
မေး။ ။ ချင်းပြည်နယ် ရဲတပ်ဖွဲ့အနေနဲ့ အဓိက ဘာတွေကို ဆောင်ရွက်ကြမှာပါလဲ။
ဖြေ။ ။ အဓိကကျွန်တော်တို့ ဒီပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ ဒီတရားဥပဒေစိုးမိုးမှုမရှိဘူးဆိုရင် ဒီနိုင်ငံက နိုင်ငံပျက်နဲ့ အတူတူပါပဲ။ အဲ့တာကြောင့် ဒီတော်လှန်ရေးကာလမှာသော်လည်းကောင်း တော်လှန်ရေး အလွန်အတွက် သော်လည်းကောင်း ကျွန်တော်တို့ ဒီတရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးမှ လုပ်တာဖြစ်တယ်။
ပုံစာ – ချင်းပြည်နယ် ပြည်နယ်အဆင့် အခြေခံအမှုစစ်သင်တန်းဆင်းပွဲတခု။
မေး။ ။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ရဲတပ်သားသင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ အဲဒီသင်တန်း အခြေအနေလည်း ရှင်ပြပါဦး။ အဓိက ဘာတွေပို့ချခဲ့ကြလဲပေါ့။
ဖြေ။ ။ ကျွန်တော်တို့ ဒီရဲတပ်သားသင်တန်းမဟုတ်ဘဲနဲ့ အဲ့ဒီဟာက အခြေခံအမှုစစ် သင်တန်းလို့ ကျွန်တော်တို့ ပြောတာ ဖြစ်တယ်။ ချင်းပြည်နယ် ပြည်နယ်အဆင့် အခြေခံအမှုစစ်သင်တန်း အမှတ်စဉ် (၁)/၂၀၂၃ ပါ။ အဲ့ဒီဟာက ဘယ်လိုမျိုးသင်တန်းလည်း ဆိုလို့ရှိရင် ကျွန်တော်တို့ အရာရှိတွေ သင်ယူလေ့လာတဲ့ ဘာသာရပ်တွေ ကျွန်တော်တို့ သင်ပေးပါတယ်။ ဒီရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှာ မသင်ကြားဖူးတဲ့ ဘာသာရပ်တွေလည်း သင်ကြားပို့ချတာတွေလည်း ရှိပါတယ်။ ဒါကို မြို့နယ်အားလုံးကနေ လာရောက် တက်ရောက်တာ ရှိတယ်။
အင်အားကတော့ ၈၈ ယောက် ပေါ့နော်။ ကျွန်တော်တို့မှာ တခြားအခက်ခဲတွေ ရှိတဲ့အတွက်ကြောင့် အင်အားကို ကန့်သတ်ပြီးမှ သင်တန်းခေါ်တာ ဖြစ်တယ်။ သင်တန်းမှာ ဘာဘာသာရပ်တွေကို ပို့ချပေးတာလဲဆိုရင်တော့ အခြေခံစစ်ရေးပြတို့ အခြေခံစစ်ရေးတို့ သင်ပေးတာ ရှိတယ်။ နောက်တစ်ခုကတော့ အမှုစစ် ဘာသာရပ်ကို ကောင်းကောင်းမွန်မွန် သင်ပေးတာရှိတယ်။ နောက်ပြီးတော့ နိုင်ငံတကာ ဥပဒေရယ်၊ လူ့အခွင့်ရေးရယ်၊ ဖက်ဒရယ် ဒီမိုကရေစီရဲတပ်ဖွဲ့ စနစ်ရယ် အဲ့ဒီဟာတွေကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်နဲ့ ကျွန်တော်တို့ သင်ကြားပို့ချပါတယ်။
မေး။ ။ လက်ရှိရဲတပ်ဖွဲ့မှာ ချင်းပြည်နယ်တစ်ခုလုံး စုစုပေါင်းအင်အား ဘယ်လောက် ရှိနေပါပြီလဲ။
ဖြေ။ ။ အင်အားကတော့ ပြောရမယ်ဆိုရင်တော့ အလုံအလောက် ကောင်းကောင်းမွန်မွန် ရှိပါတယ်လို့ ကျွန်တော်တို့ ပြောလိုပါတယ်။ အလွန်ဆုံးနဲ့ မှတ်ရမယ်ဆိုရင်တော့ အင်အား ရာနဲ့ချီ ရှိပါပြီ။ အင်အားလည်း တော်တော်ကောင်းကောင်း ရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့အခက်ခဲတွေရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့က ပေါ်ပေါ်တင်တင်နဲ့ တရားဥပဒေ စိုးမိုးရေးကို သိပ်မလုပ်သေးဘူးပေါ့နော်။ အဲ့လိုပြောလို့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှု မရှိဘူးလားဆိုရင်တော့ ရှိပါတယ်။ တော်တော်များများ နေရာမှာရှိပါတယ်။
ပြည်နယ်အဆင့်နဲ့ မြို့နယ်အဆင့် ဆိုပြီးမှ ကျွန်တော်တို့ ခွဲခြားတာ ရှိတယ်။ ပြည်နယ်အဆင့်မှာတော့ တိုက်ရိုက် ကိုင်တဲ့အမှုတွေ ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့က မြို့နယ်ကို ပြန်ချပြီးမှ မြို့နယ်ရဲတပ်ဖွဲ့ကနေ ပြန်ဆောင်ရွက် တာတွေ ရှိပါတယ်။ ပြီးတော့ မြို့နယ်အလိုက်မှာ ကိုယ့်ရဲ့ဒေသ အလိုက်ပေါ့နော် ရဲ့တပ်ဖွဲ့တွေက ကိုယ့်ရဲ့ လုပ်ထုံး၊ လုပ်ပိုင်ခွင့်နဲ့ အညီ ဥပဒေနဲ့အညီပေါ့နော် ကျွန်တော်တို့ ဒီကျင့်ဝတ်တွေနဲ့အညီ သေချာဆောင်ရွက် နေတာတွေ ရှိပါတယ်။ အမှုပေါင်းကတော့ တော်တော်များများ ရှိနေပါတယ်ဆိုတာ ကျွန်တော် ပြောလိုပါတယ်။
မေး။ ။ ချင်းပြည်နယ် ၉ မြို့နယ်စလုံးမှာ မြို့နယ်အဆင့်ရဲတပ်ဖွဲ့တွေရော ဖွဲ့စည်းကြပြီလား။
ဖြေ။ ။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့က ပြည်နယ်တစ်ခုလုံးအတွက် ဖွဲ့စည်းထားတဲ့ရဲတပ်ဖွဲ့ ဖြစ်တဲ့အတွက် အားလုံးအတွက် ဖွဲ့စည်းထားတာ ဖြစ်တယ်ဆိုတာ နားလည်စေချင်တယ်။ မတူတာ တခုတော့ရှိတယ်၊ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းတွေ ထားနိုင်တဲ့နေရာ ရှိသလို၊ မထားနိုင်သေးတဲ့ နေရာတွေလည်းရှိတယ် ဆိုတာပဲ ကွာပါတယ်။ ပြီးတော့ ခုတပ်ဖွဲ့ဝင်တွေက ချင်းပြည်နယ်ရဲ့ ၉ မြို့နယ်မှာ နေထိုင်ကြတဲ့သူတွေ အားလုံးပါသလို အခြား တိုင်းနဲ့ ပြည်နယ်ကနေ လာပြီး တာဝန်ထမ်းဆောင်တဲ့သူတွေလည်း ရှိပါတယ်။
မေး။ ။ ဘယ်လိုမျိုးအမှုတွေကို အဆင့်ဆင့် အရေးယူဆောင်ရွက်မှုတွေ လုပ်နေပါပြီလဲ။
ဖြေ။ ။ ကျွန်တော်တို့က မြေပြင်မှာ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေအကုန် ရှိပါတယ်။ အဲ့မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီးတော့မှ တရားစွဲစီရင်တာတွေ အကုန်လုံး လုပ်နေပါပြီ။ အမှုပေါင်းကတော့ ခန့်မှန်းချေ ၂၀၀ နီးပါး လောက်တော့ ကပ်နေပါတယ်။ ဒါက ကျွန်တော်တို့ ဒီမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကနေ စုံစမ်းစစ်ဆေး ပြီးမှ တရားစွဲတင်တဲ့ အမှုပေါင်းတွေ ဖြစ်တယ်။ ပြည်နယ်ရဲတပ်ဖွဲ့မှာတော့ သူတို့က အမှုတိုင်တာ ရှိတယ်၊ အဲ့ဒီဟာကို ကျွန်တော်တို့ လက်ခံပြီးမှ မြို့နယ်အလိုက်မှာ ကိုယ့်ရဲ့ မြို့နယ်ရဲတပ်ဖွဲ့တွေကို ကျွန်တော်တို့ ပြန်လွှဲတာတွေ ရှိပါတယ်။
ပြီးတော့ နောက်တစ်ခုက အမှုတွေက ချက်ချင်း ဆောင်ရွက်လို့မရတဲ့ အမှုတွေလည်း ရှိပါတယ်။ အဲ့ဒီအမှုတွေကို ဒီအတိုင်းထားခဲ့မှာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ သေချာ စုစည်းထားတယ်။ ကျွန်တော်တို့က သေချာ သိမ်းထားတယ်။ ပြီးရင် အချိန်ခါ အခြေနေအရ ပြီးတာနဲ့ဆိုရင် ကျွန်တော်တို့က မြေပြင်မှာ သေချာလေး စနစ်တကျ အရေးယူ ဆောင်ရွက်တာတွေလုပ်မှာ ဖြစ်တယ်၊ အမှုစစ်ဆေးတာတွေ ဆောင်ရွက်မှာ ဖြစ်တယ် ဆိုတာ ကျွန်တော် ပြောလိုပါတယ်။ ပြည်နယ်အဆင့်က ဒီမှုတွေပဲ လက်ခံတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ သူ့ဟာနဲ့သူ ရှိပြီးသား။
ပြောရမယ်ဆိုရင်တော့ ပြည်နယ်အဆင့်ကတော့ ဌာနချုပ်ပိုင်းကို သွားပြီးတော့ တခြားကတော့ မြို့နယ် ရဲတပ်ဖွဲ့တွေက အမှုစုံစမ်းစစ်ဆေးတာတွေ ရှိတယ်။ အဲ့လိုပြောလို့ ပြည်နယ်အဆင့်ကနေ အမှုစစ်ဆေးတာတွေ မလုပ်ဘူးလား ဆိုတာလည်း မဟုတ်ပါဘူး။ ဒီမြို့နယ်ကနေ လိုအပ်ချက်အရ မြေပြင်အထိကို ဆင်းပြီးမှ ဆောင်ရွက်ဖို့ မလိုအပ်သေးလို့ပေါ့နော် ကျွန်တော်တို့ မလုပ်ရသေးတာ ဖြစ်တယ်။ တကယ်လို့များ မြို့နယ် တချို့မှာ လိုအပ်လာပြီဆိုလို့ရှိရင် ကျွန်တော်တို့က ပြည်နယ်အဆင့်ကနေ ဆင်းလာပြီးတော့မှ ဆောင်ရွက်ဖို့ ရှိပါတယ်။ အဲ့လိုပြောလို့ ကျွန်တော်တို့ ground မှာ မဆင်းဘူးလားဆိုရင် မဟုတ်ပါဘူး၊ ကျွန်တော်တို့ ပုံမှန် မြေပြင်ထဲမှာ ကျွန်တော်တို့ အမြဲတမ်း ရှိပါတယ်။ အခုလက်ရှိလည်း ကျွန်တော်တို့ ပြင်တွင်းမှာ အမြဲရှိပါတယ်။
မေး။ ။ အခုလက်ခံထားတဲ့ အမှုထဲမှာ ဘယ်လိုအမှုက အများဆုံးပါလဲ။
ဖြေ။ ။ အမှုကတော့ ဒီ စကစဘက်ကနေ ကျူးလွန်တဲ့အမှုတွေ ရှိသလို အများသူအချင်းချင်းကနေ ကျူးလွန်တဲ့ အမှုတွေ ရှိပါတယ်။ ဥပမာ- ခိုးမှုတို့၊ မုဒိမ်းမှုတို့၊ တော်တော်များများကတော့ မူးယစ်ဆေးဝါးမှုလည်း တော်တော်များများ ရှိတယ်။ ဥပမာ အရက်သေစာ(BE) အဲ့လိုမျိုးပေါ့နော်။ နောက်တခုကတော့ သစ်တောမှုတွေ၊ ပိုင်နက်ကျူးကျော်တဲ့ အမှုတွေ အဲ့လိုမျိုး တော်တော်များများ အမှုစုံတွေပဲ။ အဲ့ဒီထဲမှာ ကျွန်တော်တို့ သတိထားပြီးတော့ ဆောင်ရွက်တဲ့ အမှုတွေက လူသတ်မှုတွေ၊ မုဒိမ်းမှုတွေပေါ့နော်။ အဲ့ဒီအရာတွေကို သေချာ ဆောင်ရွက်တာတွေ ရှိတယ်။ ပြီးတော့ မူးယစ်ဆေးဝါးကိုလည်း ကျွန်တော်တို့ ထိထိရောက်ရောက် အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်။
ပြီးတော့ နောက်တခုက နယ်မြေကိစ္စပေါ့နော်၊ တော်လှန်ရေး မတိုင်ခင်မှာ အိမ်မှာ သေချာရှိနေကြတယ်၊ ခြံတွေလည်း သေချာခတ်ထားကြပေမဲ့ တော်လှန်ရေး ဖြစ်လည်းဖြစ်ရော၊ ဒီအာဏာသိမ်းမှု ဖြစ်လည်းဖြစ်ရော၊ စစ်အာဏာရှင်ရဲ့ နှောက်ယှက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ပြည်သူတွေ တော်တော်များများ ရှိပါတယ်။ သူတို့တွေက သူတို့ရွာအိမ်တွေမှာ မနေရဲတော့တာ ဖြစ်တဲ့အတွက် လွတ်မြောက်နယ်မြောက်ဘက်ကို စစ်ဘေးရှောင် သွားကြတယ်၊ အဲ့မှာ တချို့လူတွေက ဘာလုပ်တာလဲဆိုရင် အဲ့ဒီလူမရှိတဲ့နေရာလေးတွေမှာ အိမ်တွေဘာတွေ ဆောက်တာ ရှိတယ်၊ ပြီးတော့ ခြံစည်းရိုးခတ်ပြီးမှ သူတို့ကိုယ်ပိုင်အဖြစ် ပြန်လုပ်တာတွေလည်း ရှိတယ်။ အဲ့ဒီအရာတွေအတွက်လည်း ကျွန်တော်တို့မှာ စိန်ခေါ်မှု တော်တော်လေး များပါတယ်။ အခုလက်ရှိမှာ အဲ့လိုမျိုး အမှုပေါင်းလည်းရှိတယ်၊ နောက်လည်း ရှိလာမယ်လို့ မျှော်လင့်တယ်။ အဲ့ဒီတော့ နယ်မြေပိုင်ဆိုင်မှု ကိစ္စတွေကမှ အစ စနစ်တကျ ရှိလာဖို့ ကျွန်တော်တို့လည်း ဆက်လက်ပြီးမှ အကောင်းဆုံး ကြိုးစားနေတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး။ ။ အခုလက်ရှိ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာရော ဘယ်လိုစိန်ခေါ်မှုတွေ ရှိပါလဲ။
ဖြေ။ ။ ဘယ်လို စိန်ခေါ်မှုလည်း ဆိုရင်တော့ စကစတွေက အမှန်တိုင်းပြောရရင် မြို့ပေါ်တွေမှာလောက်ပဲ ရှိတော့တယ်။ တခြားမြို့ပြင်တို့ တခြားဒေသတွေမှာတော့ ကျွန်တော်တို့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ပြီးတော့ CDF တို့၊ CNA၊ CNDF ရှိမယ်၊ PDF ရှိမယ်၊ သူတို့တွေနဲ့လည်း ကျွန်တော်တို့ ပူးပေါင်းပြီးမှ လုပ်နေပါတယ်။ ဆိုတော့ နယ်မြေပိုင်းမှာတော့ အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲကတော့ ဒီ Budget ပိုင်း မှာတော့ အခက်ခဲရှိတယ်။ အမှန်တိုင်းပြောရရင် ဒါပေမဲ့ အဲ့လိုအခက်ခဲရှိလည်း ကျွန်တော်တို့ လုံးဝ နားမှာ မဟုတ်ပါဘူး။ အခုလည်း ပြည်သူလူထုရဲ့ ဒီထောက်ပံ့မှုတွေနဲ့ ဆက်လက် ရှင်သန်နေမယ်ဆိုတာကိုလည်း ကျွန်တော်တို့ ပြောလိုပါတယ်။ အခက်ခဲကတော့ တစ်ခြားကဏ္ဍတော့ အမျိုးမျိုး ရှိမှာပေါ့နော်။ ဒါပေမဲ့ အဲ့ဒီအခက်ခဲတွေကြောင့် ကျွန်တော်တို့ ရပ်နားမှာ မဟုတ်ဘူး၊ ဆက်လက်ပြီးတော့မှ ကျွန်တော်တို့ ကြိုးစားသွားမယ်ဆိုတာ ပြောလိုပါတယ်။
မေး။ ။ မြို့နယ်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့တို့ရဲ့ ချိတ်ဆက်မှုက ဘယ်လိုရှိပါလဲ။
ဖြေ။ ။ အားလုံးက ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့အတွက် တပ်ဖွဲ့ထဲမှာရှိတဲ့ ဌာနတခုနှင့် တခု ချိတ်ဆက်တဲ့ပုံစံ အတိုင်းပဲ ပုံမှန်ချိတ်ဆက်နေပါတယ်။ Internet ၊ ဖုန်းနဲ့ ကိုယ်တိုင်လာရောက် ဆောင်ရွက်တာတွေလည်း ရှိပါတယ်။ အခက်အခဲကြားကနေ အဆင်ပြေအောင် အတတ်နိုင်ဆုံး ချိတ်ဆက် ဆောင်ရွက်မှုတွေ လုပ်နေပါတယ်။
မေး။ ။ NUG အစိုးရနဲ့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီနဲ့အညီ (၂၃-၃-၂၀၂၃) ရက် နေ့မှာ မဟာမိတ်ဖွဲ့ထားတဲ့ တပ်ဖွဲ့ကြီး ဖြစ်ပါတယ်။
မေး။ ။ တခြား ဘာများဖြည့်စွက်ပြောချင်တာရှိပါလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဒီတော်လှန်ရေးကာလမှာ စစ်ရေးဆိုတာ အရမ်းအရေးကြီးတယ်ဆိုတာလည်း အားလုံး နားလည်ကြတယ်။ ဒါပေမဲ့ စိုးရိမ်တာတခု ဘာရှိလဲဆိုရင် စစ်ရေးကဏ္ဍကို ကျွန်တော်တို့ စစ်တိုက်နေတဲ့ အတောအတွင်းမှာ နောက်မှာကျန်နေတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူလူထုကို တရားဥပဒေနဲ့ ကာကွယ်စောင့်ရှောက် ဖို့ကိုလည်း မမေ့သင့်ဘူးလို့ ကျွန်တော်ယူဆတယ်။ အဲ့ဒီတော့ စစ်တပ်ကိုပဲ ဦးစားမပေးပဲနဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍကိုလည်း ထဲထဲဝင်ဝင်ပေါ့နော် ဦးစားပေးကြဖို့ ကျွန်တော်တိုက်တွန်းလိုတယ်။
အကြောင်းရင်းကတော့ ဥပမာ ကွျန်တော်တို့ စစ်တိုက်တယ်၊ တိုက်နေရင်းနဲ့ ဒီပြည်သူလူထုတွေရဲ့ ဘဝရှင်သန်ရေးပေါ့နော် ဒီတရားဥပဒေ စိုးမိုးရေးကဏ္ဍပိုင်းကို ကျွန်တော်တို့ လုံခြုံအောင် မလုပ်နိုင်ဘူးဆိုရင်တော့ ခိုးဆိုးလုနှိုက်မှုတွေ ဥပမာ၊ မုဒီမ်းကောင်တွေ၊ လူသတ်တရားခံတွေ၊ သူခိုးတွေ၊ ဂျပိုးတွေ၊ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်တဲ့ မကောင်းတဲ့လူ တွေပေါ့နော်၊ ပြီးတော့ ပြစ်မှုအမျိုးမျိုး ကျူးလွန်တဲ့လူတွေ၊ စကစမှ မဟုတ်ဘူးနော်၊ စကစ မရောက်နိုင်တဲ့ နေရာတွေမှာလည်း ပြည်သူအချင်းချင်းတွေကိုယ်တိုင်က ပြစ်မှု ကျူးလွန်လာတွေ ရှိပါတယ်။ အဲ့ဒီဟာတွေကအစ ကျွန်တော်တို့က သေချာလေး ဖြေရှင်းကိုင်တွယ်ဖို့ အရမ်းလိုအပ်လာတာ ဖြစ်တယ်။ ပြီးတော့ စကစ စခန်းတွေမှာလည်း ပြည်သူလူထုက အမှုတိုင်တာတွေလည်း ရှိလား ဆိုရင်တော့ မြို့ပေါ်တွေမှာ လောက်ပဲ ရှိတယ်။ အဲ့မြို့ပေါ်တွေတောင်မှ တော်တော်လေးကို နည်းပါးလာတယ်။ ဘယ်မှာတွေ တိုင်ကြလဲ ဆိုရင်တော့ ကျွန်တော်တို့ အခုလက်ရှိ အသစ်ဖွဲ့စည်းထားတဲ့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်တဲ့ မြို့နယ်ဒေသ ရဲတပ်ဖွဲ့အသီးသီးစီ သူတို့ တိုင်ကြားလာတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တွေ ကိုလည်း အာရုံစိုက်ပြီးတော့မှ အလေးထား စေချင်တယ်လို့ ပြောလိုပါတယ်။
အလေးပြုပါလို့ ဆိုလိုတာ မဟုတ်ပဲနဲ့ အဲ့ဒီတရား ဥပဒေစိုးမိုးရေး ကဏ္ဍလေးကို ဒီတော်လှန်ရေးကာလ၊ စစ်ရေးကာလ ဆိုပေမယ့် ကောင်းကောင်းမွန်မွန် ကျွန်တော်တို့ ဒီထက်မက ပိုမို ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ဖို့ ကူညီပေးစေချင်တယ်ဆိုတာ ထည့်သွင်းပြောလိုပါတယ်။ စဉ်းစားကြည့်လိုက်ပါ စစ်တိုက်တယ်၊ ကျွန်တော်တို့ နိုင်တယ်ဆိုပါစို့ ပြည်သူလူထုတွေ အကျင့်စာရိတ္တ ပျက်ပြားနေတယ် ဆိုရင်တော့ အဲ့ဒီနိုင်ငံက ထပ်ကောင်းဖို့ဆိုတာက မလွယ်ကူတော့ပါဘူး။
အဲ့တော့ တော်လှန်ရေးကာလ အတောတွင်းမှာ အဲ့လိုမျိုး အကျင်းစာရိတ္တ ပျက်ပြားမှု မရှိခင်လေးမှာ ကျွန်တော်တို့ တရားဥပဒေစိုးမိုးမှု ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်း နိုင်မယ်ဆိုရင်တော့ တော်လှန်ရေးအောင်မြင်ပြီးတဲ့ နောက်ပိုင်းမှာ အကျင့်စာရိတ္တပျက်ပြား၊ မကောင်းတဲ့လူတွေ သိပ်မရှိတော့ဘဲ ရှေ့ဆက်သွားနိုင်မယ်ဆိုတာ ဖြစ်တယ်။ အဲ့ဒါကြောင့် ဒီစစ်ရေးက အရေးကြီးတယ်၊ ကျွန်တော်တို့ အနေနဲ့လည်း ဒီစစ်ရေးကို နံပါတ် ၁ အနေနဲ့ ထားပါတယ် ။ ဒါပေမဲ့ ဒီတရားဥပဒေစိုးမိုးမှုကို ဆောင်ရွက်နေတဲ့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သော်လည်း ကောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ကိုသော်လည်းကောင်း တခြားပြည်နယ်တွေမှာရှိတဲ့ ရဲတပ်ဖွဲ့တွေသော်လည်းကောင်း အလေးထားပြီးမှ ဆောင်ရွက်ပေးကြပါလို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။