• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»“ဒီတော်လှန်ရေးအောင်နိုင်ဖို့ ဘယ်နည်းလမ်းကို သုံးရမလဲဆိုတာကို တော်လှန်ရေး ခေါင်း ဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက တိတိကျကျ ၊ ကုန်ခဲ့တဲ့ အချိန်တွေကို ပြန်သုံး သပ်ပြီးမှ ဘယ်လိုအချိုးအကွေ့တွေ ပြုလုပ်ရမယ်ဆိုတာ သေသေ ချာချာပြန်လည် ဆန်းစစ်သုံးသပ်ဖို့ အရမ်းကို လိုအပ်နေပြီလို့”

“ဒီတော်လှန်ရေးအောင်နိုင်ဖို့ ဘယ်နည်းလမ်းကို သုံးရမလဲဆိုတာကို တော်လှန်ရေး ခေါင်း ဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက တိတိကျကျ ၊ ကုန်ခဲ့တဲ့ အချိန်တွေကို ပြန်သုံး သပ်ပြီးမှ ဘယ်လိုအချိုးအကွေ့တွေ ပြုလုပ်ရမယ်ဆိုတာ သေသေ ချာချာပြန်လည် ဆန်းစစ်သုံးသပ်ဖို့ အရမ်းကို လိုအပ်နေပြီလို့”

0
By Editor on October 21, 2023 Featured

(006SV)

စစ်အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်ခံရ မှုကြောင့် ကလေးငယ် နဲ့ အမျိုးသမီးတွေအပါအ၀င် ချင်းလူမျိုး ၅၀၀ ကျော်သေဆုံးခဲ့ ရပြီလို့ ချင်းရေး ရာအဖွဲ့ချုပ် (ICA)က အောက်တိုဘာလ ၁၀ ရက်နေ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

ခုခံတော်လှန်စစ်အားကောင်းတဲ့ ချင်းပြည်နယ်မှာ ဘာကြောင့် အရပ်သားနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ သေဆုံးမှုမြင့် တက်နေရတာဘာပါလဲ၊ လက်ရှိချင်းပြည်နယ်က စစ်ရေးအခြေအနေနဲ့ အလားအလာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းရေးရာအဖွဲ့ချုပ်(ICA) လက်ထောက်ညွန်ကြား ရေးမှူး Salai Van Sui San ကို ခိုနူမ်းသုန်သတင်းဌာန က ဆက်သွယ် မေးမြန်းထားသည်။

မေး –  စစ်ကောင်စီကြောင့် ချင်းပြည်နယ်က အရပ်သားပြည်သူ သေဆုံးမှုတွေဟာ ဘယ်လိုဖြစ်ပွားခဲ့ပါသလဲ။

ICA –    အာဏာသိမ်းပြီး ၂နှစ်ကျော်အတွင်းမှာ ချင်းအမျိုးသားတွေ သေဆုံးမှုက ၅၂၈ ဦးရှိတယ်။ အရပ်သားပြည်သူတွေ သေဆုံးမှုက ၂၇၁ ဦးအထိ ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် စစ်တပ်က သေနတ်နဲ့ပစ်သတ်တာ ၁၀ ဦး ရှိတယ်။ သာမန် အရပ်သား၊ တိုက်ပွဲမှာ မပါပဲနဲ့ တောင်ယာသွားရင်၊ အလုပ်လုပ်ရင်း စစ်တပ်စစ်ကြောင်းနဲ့ တိုးလို့ အသတ်ခံရတာက ၇၈ ဦး ရှိပါတယ်။ လူသားဒိုင်းအဖြစ်အသုံးပြုတာက အယောက် ၁၀၀ ကျော်ရှိတယ်။ အဲထဲမှာ အသတ်ခံရတာက ၉ ဦးထိ ရှိတယ်။ ဖမ်းခံရပြီး ထောင်ထဲမှာ အလောင်းပြန်ကောက်ရတာက ၅ ဦးအထိ ရှိတယ်။ မတရားဖမ်းဆီးမှုနဲ့ မုဒိမ်းကျင့် သတ်ဖြတ်တာ စုစုပေါင်းက ၂၆ ဦးထိ ရှိပါတယ်။ မြေမြုပ်မိုင်းကြောင့် သေဆုံးမှုက ၂၁ ဦး ရှိတယ်။ ဘာသာရေးနဲ့ သက်ဆိုင်သူတွေ သင်းထောက် လူကြီးတွေ အသတ်ခံရတာက ၈ ဦး ရှိတယ်။ လေကြောင်းတိုက်ခံရမှုကြောင့် သေဆုံးသူက ပြည်သူ ၂၈ ဦးရှိပါတယ်။ ပြည်သူ သေဆုံးမှုထဲမှာ အမျိုးသမီး ၃၈ ဦးနဲ့ အမျိုးသား ၁၇၉ ဦး၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ်က ၂၄ ဦးထိ ရှိပါတယ်။

မေး – အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်ကလေးငယ်တွေဟာ ဘယ်လိုကြောင့် ဒီလိုသေဆုံးမှု များပြားခဲ့ရပါသလဲ။

ICA –    ဒီကလေးငယ်တွေ အများဆုံး သေဆုံးရတာက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုပေါ့နော်။ အဲမှာ အဖြစ်များတယ်။ ပြီးတော့ လေကြောင်းက ဗုံးကြဲချိန်မှာကလေးတွေက မပုန်းခိုတတ်တာရော ၊ မိဘတွေက မကာကွယ်ပေးလိုက်နိုင်တာရော၊ တချို့ဆိုရင် သားအမိ ၂ဦးလုံး အသက်ဆုံးရှုံးတာတွေ ရှိပါတယ်။

မေး –  မြေမြုပ်မိုင်းကြောင့် သေဆုံးမှုတွေလည်း များပြားတယ်လို့ ဆရာတို့ အစီရင်ခံစာက ဆိုပါတယ်။ ဘယ်လိုအခြေအနေတွေ ကြောင့်ပါလဲခင်ဗျာ။

ICA –    မြေမြှုပ်မိုင်းကြောင့် ပြည်သူတွေ သေဆုံးရတာက ၂၁ ဦးထိ ရှိတယ်။ အများစုက ချင်းပြည်သူတွေက တောင်ယာ တစ်နှစ်မလုပ်ရင် စားဖို့က အခက်အခဲရှိသွားပြီး အဲချိန်မှာ တောင်ယာသွားချိန်မှာ စစ်ကောင်စီထောင်တဲ့ မိုင်းကို နင်းမိကြတာ ဖြစ်ပါတယ်။ ဒီဟာက စစ်ကောင်စီမိုင်းလို့ ပြောနိုင်တာက ပေါက်ကွဲအားက လက်လုပ်မိုင်း မဟုတ်တဲ့အတွက်ကြောင့် စစ်ကောင်စီမိုင်းလို့ ပြောနိုင်ခြင်းဖြစ်ပါတယ်။

မေး – တော်လှန်ရေး ၂ နှစ်ခွဲကျော်မှာ CDF တပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့တယ်လို့ သိရတယ်။ ဘယ်လိုအခြေအနေတွေနဲ့ ဘာကြောင့်ပါလဲ။

ICA –    အောက်တိုဘာလ ၁ ရက်အထိ ဒေသခံခုခံတော်လှန်ရေးတပ်ဖွဲ့တွေ ကျဆုံးမှုက ၃၁၁ ဦးအထိ ရှိပါတယ်။ အဲ ၃၁၁ ဦးက အမျိုးသမီးက ၁၅ ဦးနဲ့ ကျန်တာက အမျိုးသားရဲဘော်တွေ ဖြစ်တယ်။ ၂၀၂၁ ခုနှစ်ထဲမှာ ၇၇ ဦး ကျဆုံးတယ်။ ၂၀၂၂ မှာ ၁၁၀ ဦးကျဆုံးတယ်။ ၂၀၂၃ အောက်တိုဘာ ၁ ရက်အထိ ၉၀ ကျော် ကျဆုံးတာကို တွေ့ရတယ်။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ၂၀၂၃ ခုနှစ် ၉ လပိုင်းအထိ သေဆုံးမှုဟာ အရင် ၂ နှစ်ထက် သေဆုံးမှု ရာခိုင်နှုန်း များနေတာကို တွေ့ရတယ်။ ဒီဟာက ဘာလို့လဲဆိုတော့ ဒီနှစ်ထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပိုအသုံးများလာတာကို တွေ့ရတယ်။ ကျနော်တို့ ချင်းအမျိုးသားတော်လှန်ရေး တပ်တွေမှာ လေကြောင်း အသုံးပြုစရာလည်း မရှိဘူး။ လေယာဉ်ကို ပစ်ရမယ့် ဟာ (လက်နက်)လည်း မရှိဘူး။ ဒီဟာကို ပင်မရန်သူကဲ့သို့ သဘောထားပြီးမှ သာလွန်အင်အားတွေ သုံးပြီးမှ ဒီလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့အတွက်ကြောင့် ဒီနှစ်ထဲမှာ ကျနော်တို့ ချင်းအမျိုးသား တော်လှန်ရေးတပ်ဖွဲ့တွေ သေဆုံးမှုတွေ ပိုများလာတာကို တွေ့ရပါတယ်။

မေး –  ဘာသာရေးခေါင်းဆောင်တွေ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ပြုလုပ်ခံရပါတယ်။ ဘာသာရေး အဆောက်အဦး တွေလည်း အများအပြားမီးရှို့ဖျက်စီးခံရပါတယ်။ စစ်ကောင်စီဟာ ဘယ်လိုတွေ ကျူးလွန်နေပါသလဲ။

ICA –    ဘာသာရေးအဆောက်အဦးမှာ ၁၀၁ လုံးအထိ ဖျက်ဆီးထားတာကို တွေ့ရတယ်။ သူတို့က ဘာသာရေးအဆောက် အဦးထဲမှာ တပ်သွားစွဲတာကို တွေ့ရပါတယ်။ သူတို့က တပ်စွဲရုံနဲ့ မလုံလောက်ပဲနဲ့ ဘာသာရေးအဆောက်အဦးထဲမှာ ရှိတဲ့ အရာဝတ္တုပစ္စည်းတွေကို ဖျက်စီးတယ်။ လိုချင်တာကို ယူတယ်။ အဲဒါမျိုုးတွေ အများကြီး တွေ့ရတယ်။ ပြီးရင် ခရစ်ယာန်ဘုန်း ကြီးအပါအဝင် သင်းထောက်လူကြီးတွေကို သတ်ဖြတ်တာက ၈ ဦးထိ ရှိနေပါတယ်။ ခရစ်ယာန်ပါစတာ တစ်ဦးကို မတရား ထောင်ဒဏ် နှစ် ၂၀ ချမှတ်တာလည်း ရှိပါတယ်။ ခုလို ဘာသာရေးအဆောက်အဦးနဲ့ ဘာသာရေးဆရာတွေကို ရက်ရက်စက်စက် လုပ်တာက နိုင်ငံတကာဥပဒေကို စိန်ခေါ်နေပြီးလားပေါ့။ စာသင်ကျောင်းဆောင်တွေ၊ ဘာသာရေးအဆောက်အဦးတွေကို ခုလို လုပ်နေတာက နိုင်ငံတကာဥပဒေကို စစ်ကောင်စီက သိသိသာသာစိန်ခေါ်နေတာ တွေ့ရတယ်။ ဒါက ခရစ်ယာန်ကိုမှ မဟုတ်ပါဘူး။ စစ်ကိုင်းမှာဆိုရင်လည်း ဗုဒ္ဓ ဘာသာရေးအဆောက်အဦးတွေ၊ ဘုန်းကြီးကျောင်းတွေကို ကြိုက်သလို တပ်စွဲတယ်၊ မီးရှို့တယ်။ အဲလိုမျိုးတွေ အများကြီး တွေ့ရတယ်။ ဒါက နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေနဲ့ ဂျီနီဗာကွန်ဗန်းရှင်းတွေကို ချိုးဖောက်နေတာ တွေ့ရပါတယ်။ ဒါကို တာဝန်ရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း လက်ပိုက်ကြည့်နေရမယ့်အချိန်၊ Statement ထုတ် နေရမယ့်အချိန် မဟုတ်တော့ပဲနဲ့ တကယ့်လက်တွေ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ အရမ်းကို လိုအပ်နေပါပြီ။

မေး –  စစ်ကောင်စီတပ်ဟာ ချင်းအမျိုးသားတွေရဲ့ နေအိမ်နဲ့ အဆောက်အဦးအမြောက်အများကို မီးရှို့ဖျက်စီးခဲ့ပါတယ်။ ဒါကရော ဘယ်လိုဥပဒေတွေကို ချိုးဖောက်ရာ ရောက်ပါသလဲ။

ICA –    ချင်းပြည်နယ်အပါအဝင် ချင်းလူမျိုးတွေ နေထိုင်တဲ့ နေရာတွေမှာ ချင်းအမျိုးသားတွေ ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေ ဖျက်စီးတာက ၂၁၀၀ ကျော်အထိ ရှိနေပြီ။ ဒါက International Human Law ကို သိသိသာသာ ချိုးဖောက်နေတာ တွေ့ရပါ တယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံတကာဥပဒေမှာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာ၊ ပြည်သူတွေ နေတဲ့အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေကို လုံးဝဖျက်စီးပိုင်ခွင့် မရှိပါဘူး။ တပ်စွဲပိုင်ခွင့်လည်း မရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီတွေက ဒါတွေကို သိသိသာသာ ချိုးဖောက်နေတာ တွေ့ရပါတယ်။

မေး –  စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ချင်းပြည်နယ်က အရပ်သားပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနေပါသလဲ။

‌ICA –    လေကြောင်းတိုက်ခိုက်မှုက ၂၀၂၃ မှာ ပိုစိပ်လာတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှာ လေကြောင်းရန်ကို ကာကွယ်တိုက်ခိုက်မယ့် လက်နက်လည်း မရှိပါဘူး။ မရှိတဲ့အတွက် ပြည်သူတွေက ပုန်းရတာပဲ လုပ်ရတယ်။ သူတို့ကို ကာကွယ်ပေးနိုင်တဲ့ သူ မရှိဘူး။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးမှုက ပိုပိုတိုးလာတာ တွေ့ရပါတယ်။

မေး –  စစ်ကောင်စီတပ်ဟာ ချင်းပြည်သူ အမျိုးသမီး ငယ်တွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ရုံသာမက အသက်ကိုပါ သတ်ဖြတ်ခဲ့ပါ တယ်။ ဘယ်တပ်တွေက ကျူးလွန်ခဲ့တာပါလဲ။

ICA –    စစ်ကောင်စီတပ်တွေက ချင်းအမျိုးသမီး ၆ ဦးအထိကို အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ရုံသာမကပဲနဲ့ အသက်ကိုပါ သတ်ဖြတ်ခဲ့တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါက စစ်ကောင်စီက စစ်ကြောင်းထိုးလာချိန်မှာ အကြောင်းကြောင်းကြောင့် ထွက်ပြေးဖို့ မရလိုက်တဲ့ အမျိုးသမီးငယ်တွေကို သူတို့ စိတ်ပါရင် ပါသလို ရက်ရက်စက်စက်နဲ့ မုဒိန်းကျင့်တယ်။ သတ်ဖြတ်တာတွေ ကြုံတွေ့နေရတယ်။ ဘယ်တပ်ရင်းတွေက ကျူးလွန်းသလဲဆိုတာတော့ ပြောဖို့ ခက်တယ်။ တချို့ ဟာတွေက ခလရ – ၂၆၈ ကလည်းများတယ်။ တချို့က စစ်ကောင်စီက တပ်အင်အား မလုံလောက်တော့ တပ်ပေါင်းစုံလို့ ခေါ်ရမှာပေါ့ ဒီတပ်ရင်းတွေ ပူးပေါင်းပြီး စစ်ကြောင်း ထိုးလာတာတွေ တွေ့ရတယ်။

မေး  – ဒီအစီရင်ခံစာထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ဖြည့်စွက်ပြောကြားချင်တာပြောပါခင်ဗျာ။

ICA –    ဒါက ၂ နှစ်ခွဲကျော်တွင်းမှာ ချင်းပြည်သူတွေရဲ့ သေဆုံးမှု ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ချင်းအားဖြင့် တော်လှန်ရေးမှာ အသက်ပေါင်း မြောက်များစွာ ပေးဆပ်ရပြီးပြီဆိုတာ သိသိသာသာ၊ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ဒါကြောင့် အသက်ပေး ဆပ်ရတဲ့ ချင်းအမျိုးသားတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းကရော NUG ဘက်ကရော အာမခံချက်တွေ ပေးနိုင်မလဲဆိုတဲ့ ဟာကို တချက်ပြန်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ ဘာလို့လည်းဆိုတော့ အသက်တွေ ပေးသွားရတာ ချင်းအမျိုးသားရေးအတွက် ဘာမှမရမယ့် အသက်ပေးဆပ်မှုမျိုးကိုတော့ ကျနော်အနေနဲ့ မဖြစ်စေချင်ဘူး။ ကျနော်တို့ ပေးလိုက်တဲ့ အသက်တွေက အဓိပ္ပါယ် ရှိတဲ့ ပေးဆပ်မှုပဲ ဖြစ်စေချင်တယ်။ အခုလည်း ဖြစ်နေပါတယ်။ ချင်းအမျိုးသားတွေ ခုလိုမျိုးအသက်ပေးဆပ်နေခြင်းအားဖြင့် မြေပေါ်မှာ စီးကျနေတဲ့ သူတို့ရဲ့ သွေးက အလကား အလဟသမဟုတ်ပါဘူး။ ဒီသွေးရဲ့ အော်ခေါ်သံကို တချိန်ချိန် ပြန်ကြားရမှာပါ။ ဒီတော်လှန်ရေးကို အောင်နိုင်ဖို့ ဘယ်နည်းလမ်းကို သုံးရမလဲဆိုတာကို တော်လှန်ရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင် ဆရာတွေက တိတိကျကျ ၊ ကုန်ခဲ့တဲ့ အချိန်တွေကို ပြန်သုံးသပ်ပြီးမှ ဘယ်လိုအချိုးအကွေးတွေ ပြုလုပ်ရမယ်ဆိုတာ သေသေ ချာချာပြန်လည် ဆန်းစစ်သုံးသပ်ဖို့ အရမ်းကို လိုအပ်နေပြီလို့ ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဒီလိုပြောလိုက်ခြင်းအားဖြင့် တော်လှန်ရေးကို ရပ်တန့်မယ်၊ အရှုံးပေးမယ်လို့ ပြောလိုခြင်း မဟုတ်ပါဘူး။ တော်လှန်ရေးကို ဘယ်လိုအရှိန်မြှင့်ပြီးတော့ ပြည်သူ တွေ အထိနာမှု နည်းပါးအောင် ဘယ်လိုဆက်လုပ်ရ မလဲ ဆိုတာ ပြည်သူတွေ အားလုံးပူးပေါင်းပြီး နည်းလမ်းရှာဖို့ အရမ်းကို လိုအပ်နေပြီ။ ဒီလိုနည်းလမ်းရှာတဲ့နေရာမှာ ပြည်သူတွေ အနေနဲ့ ရာနှုန်းပြည့် ပူးပေါင်းကြဖို့ လိုအပ်ပါတယ်။ Non CDM တွေက လည်း ဘဝပေးအခြေအနေကြောင့် CDM လုပ်ဖို့ အဆင်မပြေဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ဘယ်လိုအသုံး ဝင်နိုင်မလဲဆိုတာ စဉ်းစားပြီးတော့ ပြည်သူတွေ အတူတကွ ပူးပေါင်းဖို့ အရမ်းကို လိုအပ်နေပါတယ်။

မေး – ဒီလိုဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးအထူးတင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.