ဆလိုင်းထန်
မြို့ကို ဘယ်တော့မှ စွန့်ခွာမသွားဟု ဆုံးဖြတ်ထားသော်လည်း မတတ်နိုင်တော့သည့်အဆုံး ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရသည်ဟု ထန်တလန်ဒေသခံ အသက် (၄၀) ကျော်အရွယ် ကိုရှန်က ပြောသည်။
“မချမ်းသာသော်လည်း ပျော်ပါသည်” ဟု ဆိုင်းဘုတ်ထောင်ထားသည့် ထန်တလန်မြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၄၉၆၂) တွင် တည်ရှိပြီး အေးချမ်းသည့်ဒေသတစ်ခုဖြစ်သော်လည်း ယခုအခါ မြို့ပျက်ကြီးအလား အသွင်ပြောင်းနေပြီဟုလည်း ၎င်းက ပြောသည်။
“အခုတော့ အာဏာရူးတဲ့သူတွေကြောင့် ဘယ်သူမှ မပျော်နိုင်တော့ဘူး” ဟု ကိုရှန်က သူ့ခံစားချက်ကို ပြောပြသည်။
အသက် (၄၀) ကျော်အရွယ်အထိ အေးချမ်းမှုကို ခံစားခဲ့ရသူဖြစ်ပြီး မြို့ကို ချစ်စိတ်ဖြင့် အခြားသူများစွန့်ခွာနေကြသော်လည်း မိမိကတော့ ဖြစ်အောင်နေမည်ဟု စိတ်ကူးကာ မိသားစုဝင်များကိုသာ ဘေးလွတ်ရာ ပို့ဆောင်ခဲ့သည်။
သို့သော် ညဘက်တွင် သေနတ်သံများ မကြာခဏ ကြားရသည့်အပြင် စစ်ကောင်စီအဖွဲ့ဝင်များသည် မြို့တွင်းဝင်ရောက်ကာ နေအိမ်များကို မွှေနှောက်ရှာဖွေခြင်းပြုလုပ်သဖြင့် အသတ်ခံရမည့်အရေးလည်း ရှိနေပြန်သည်။
“ဒါ့အပြင် အရေးကြီးတာက ပြည်သူတွေ ရှိနေရင် CDF တွေအတွက် လုပ်ရကိုင်ရတာ အခက်အခဲ ဖြစ်မယ်ဆိုပြီးတော့ ပထမဆုံးအကြိမ် စစ်ဘေးရှောင်အဖြစ် ရောက်ရှိခဲ့တာပါပဲ” ဟု ကိုရှန်က သူ့အတွေ့အကြုံကို ပြောပြသည်။
အေးချမ်းသည့် ချင်းပြည်နယ်သည် စစ်အာဏာသိမ်းပြီးချိန်မှစ၍ မငြိမ်သက်မှုများ ဖြစ်လာကာ နောက်ဆုံး မြို့ကို စွန့်ခွာ ထွက်ပြေးမှုများလည်း ရှိလာခဲ့သည်။
ချင်းပြည်နယ်၌ ထန်တလန်မြို့သည် ပထမဆုံး ပြည်သူများ စွန့်ခွာထွက်ပြေးရသည့်မြို့တော့ မဟုတ်ပေ။ ပထမဆုံး စွန့်ခွာထွက်ပြေးခံရသည့်မြို့မှာ မင်းတပ်မြို့ဖြစ်ပြီး ဒေသခံများမှာ ယနေ့အထိ နေရပ်မပြန်နိုင်ကြ သေးပေ။
ထန်တလန်သည် ဒေသခံများ စွန့်ခွာထွက်ပြေးရသည့် ဒုတိယမြောက်မြို့ဖြစ်ပြီး လူပေါင်း တစ်သောင်းခန့်အတွက် ဒုက္ခပင်လယ်ဝေစေခဲ့ခြင်း ဖြစ်သည်။
ထန်တလန်မြို့နယ်တွင် သြဂုတ်လအတွင်းမှစ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စက်တင်ဘာလ (၁၈) ရက်နေ့တွင်မူ ထန်တလန်မြို့တွင်းတိုက်ပွဲ ဖြစ်ပေါ်ခဲ့ကာ လက်နက်ကြီးကျည်ကျရောက်မှုများကြောင့် နေအိမ် (၁၉) လုံး မီးလောင်ကျွမ်းခဲ့သည်။
ထိုမြို့တွင်းတိုက်ပွဲသည် စစ်ကောင်စီနှင့် CDF (ထန်တလန်)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNA) ပူးပေါင်းအဖွဲ့အကြား ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ သေဆုံးသူ (၃၀) ကျော်အထိ ရှိခဲ့သည်ဟု CDF ဘက်က ထုတ်ပြန်ခဲ့သည်။
ထန်တလန်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများမှတစ်ဆင့် စက်တင်ဘာလ (၂၂) ရက်နေ့က ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်မှုတွင် စစ်ကောင်စီအဖွဲ့ဝင်များ သေဆုံးသည့်အကြောင်း မပါဝင်ပေ။
နေအိမ်များ မီးလောင်နေချိန် မီးငြှိမ်းသတ်ရန် လာရောက်သည့် သင်းအုပ်ဆရာတစ်ဦးလည်းစစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရပြီး ထိုဖြစ်ရပ်ဆိုးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့် ဒေသခံများသည် မိမိတို့၏ မလုံခြုံမှုကို ခံစားလိုက်ရသဖြင့် မြို့ကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
“အဲဒီမတိုင်ခင်မှာ မြို့ပေါ်မှာ တစ်ချက်နှစ်ချက် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ဒီလောက် မဆိုးခဲ့ဘူး။ အဲဒီရက်ပိုင်း စစ်ကောင်စီက ထန်တလန်မြို့ကို တအားလုပ်တယ်။ မီးလောင်မှုအပြီးမှာတော့ ဘယ်သူမှ မနေရဲကြတော့ဘူး” ဟု ထန်တလန်မြို့ကို စွန့်ခွာခဲ့ရသည့် ထန်တလန်ဒေသခံ တောင်သူတစ်ဦးက ပြောပြသည်။
ထိုကာလများအတွင်း စစ်ကောင်စီသည် ထန်တလန်ပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ ညအချိန်မတော် ဧည့်စာရင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့က ဆိုကြသည်။
သြဂုတ်လ (၂၅) ရက်နေ့တွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ ရှိကာ မပေါက်ကွဲသည့် လက်နက်ကြီးကျည်ကို ၀ိုင်းကြည့်နေချိန် ပေါက်ကွဲခဲ့ပြီး တစ်ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာလ (၉) ရက်နေ့တွ င်ထန်တလန်မြို့တွင်း၌ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် တစ်နှစ်သား ကလေးငယ် တစ်ဦးအပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးလည်း မီးလောင်ကျွမ်းခဲ့ရသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများ အရှိန်မြှင့်လာသည်က စက်တင်ဘာလ (၁၀) ရက်နေ့တွင် ဖြစ်သည်။
အိန္ဒိယနယ်စပ်အနီးရှိ လုံလဲရ်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို CDF (ထန်တလန်) နှင့် CNA ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာ ခဲ့ကြရသည်။
စက်တင်ဘာလ (၁၁) ရက် ညပိုင်းတွင်မူ လုံလဲရ်ရွာ စစ်တပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လုံလဲရ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က (၁၂) ဦး သေဆုံးခဲ့ကြောင်း CDF (ထန်တလန်) က ထုတ်ပြန်ခဲ့သည်။
ထိုဖြစ်စဉ်များအပြီး မကြာမီ မြို့တွင်းတိုက်ပွဲဖြစ်ပေါ်လာကာ မြို့လုံးကျွတ် ထွက်ပြေးရသည့်အခြေအနေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထန်တလန်မြို့နယ်အတွင်းရှိ ခွာဟရိန်းတောင်ကြော၊ ဗန်ဇန်းတောင်ကြော၊ ဇနတ်တောင်ကြော၊ ဗိုင်လာမ်းတောင်ကြော၊ ဘွောလ်တောင်ကြော စသည့် တောင်ကြောများရှိ ကျေးရွာများတွင် ခိုလှုံသည့် စစ်ဘေးရှောင်များမှာ (၇၇၂၅) ဦးရှိကြောင်း Thantlang Placement Affairs Committee – TPAC က အောက်တိုဘာလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသူလည်း တစ်ရာနီးပါးရှိသည်ဟု သိရသည်။
ကျေးရွာများတွင် ခိုလှုံနေကြရသူများသည် ထွက်ပြေးလာခဲ့စဉ်က ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည် စသည်တို့ကို တစ်ပိုင်တစ်နိုင်သာ သယ်ယူခဲ့ကြရသဖြင့် တစ်လကျော်ကြာသည့်အချိန်၌ ယင်းရိက္ခာများ မရှိကြတော့ပေ။ ခိုလှုံရာ ကျေးရွာခံများက စောင့်ရှောက်ကျွေးမွေးထား၍သာ ယနေ့အထိ အသက်ရှင်သန်နေကြရသည်။
“ရွာကလူငယ်တွေ ဦးဆောင်ပြီး ကူညီပေးကြပါတယ်။ မနက်စာ ညစာ စားသောက်လို့ရအောင် လုပ်ပေးကြတယ်။ ဘယ်အလှူရှင်ကမှ မလာသေးပါဘူး။ ကိုယ့်ဟာကိုယ်ပဲ ရုန်းကန်နေကြရတာပါ” ဟု ကိုရှန်က ပြောသည်။
ထို့ပြင် စစ်ဘေးရှောင်များ စိတ်သက်သာရာ ရစေရန်အတွက်လည်း ဘုရားဝတ်ပြုဆုတောင်းပေးခြင်းများကို အမြဲပြုလုပ်ပေးသည်ဟု ဆိုသည်။
နေထိုင်ရန်အတွက်မူ ကျေးရွာများရှိ စာသင်ကျောင်းများ၊ ဘုရားကျောင်းများ၊ ဝန်ထမ်းအိမ်ရာများတွင် အဆင်သင့် တက်နေနိုင်ကြသော်လည်း မိုးအကုန် ဆောင်းအကူး ရာသီအကူးအပြောင်းတွင် သက်ကြီးအချို့နှင့် ကလေးငယ်များ မကျန်းမာမှုများလည်း ရှိနေကြောင်း သိရသည်။
ကျန်းမာရေးဝန်ထမ်းများမှာလည်း CDM ပြုလုပ်ထားသဖြင့် ဆေးကုသရန် အခက်အခဲများ ရှိသည်ဟု ဆိုကြသည်။
မြို့ပေါ်သို့ ပြန်သွားရန်လည်း မလုံခြုံသဖြင့် မည်သူမှ ပြန်မသွားနိုင်ကြသေးပေ။
ထို့ပြင် စက်တင်ဘာလ (၃၀) ရက်နေ့က ဟားခါးမြို့မှ ပြန်လာသည့် ထန်တလန်မြို့မိမြို့ဖများ စီးလာသည့် အိမ်စီးကားကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ထန်တလန်မြို့နယ် တရားသူကြီးဟောင်း၊ မြို့မိမြို့ဖအဖြစ် ဆောင်ရွက်နေသည့် အသက် (၇၃) နှစ်အရွယ် ဦးရာလ်သူး သေဆုံးခဲ့ခြင်းကြောင့် မြို့ပေါ်သို့ သွားရန် မည်သူကမှ စိတ်မကူးရဲကြတော့ပေ။
အိမ်ထောင်သည်တစ်ဦးဖြစ်သည့် ကိုရှန်သည် စပျစ်ခြံစိုက်ပျိုးခြင်း၊ ဝဥစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ မိသားစုနှင့်အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းလိုသူ ဖြစ်သည်။
အိမ်နဲ့ခွဲခွာနေရသည်မှာ တစ်လခန့် ကြာမြင့်လာချိန် အိမ်ကိုလွမ်းမိသော်လည်း မိမိတို့၏ စွန့်လွှတ်ခဲ့ရမှုများက အခြားသူများနှင့်ယှဉ်လျှင် အနည်းအကျဉ်းသာ ဖြစ်သည်ဟု တွေးမိသည်။
“တစ်ချို့တွေဆို အသက်တွေ ပေးထားကြတာ၊ မိသားစုတွေ သေကွဲရှင်ကွဲတွေ ခွဲနေကြရတာ၊ ကျွန်တော်တို့က မြို့ကို စွန့်၊ အိမ်ကိုစွန့်ခဲ့ရတာပဲ ရှိတယ်။ ဒီလောက်တော့ ပေးဆပ်မှ ဖြစ်မယ်” ဟု ကိုရှန်က သူ့ခံယူချက်ကို ပြောပြသည်။
ထန်တလန်မြို့ဝန်းကျင်တွင် တိုက်ပွဲများက ဖြစ်ပွားနေဆဲ ဖြစ်သည်။ အောက်တိုဘာလ (၁၅) ရက်နေ့နေ့က ထန်တလန် CDF နှင့် စစ်ကောင်စီတို့ မြို့တွင်းပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး ရဲတစ်ဦးသေဆုံးခဲ့သည်။
ပြည်သူနှင့် မပူးပေါင်းသည့် စစ်သားနှင့် ရဲများကို ထန်တလန် CDF အနေဖြင့် အချိန်မရွေး တွေ့သည့်နေရာတွင် ပစ်ခတ်မည်ဟုလည်း သတိပေးထားသည်။
မကြာမီ ရောက်ရှိလာတော့မည့် နေ့သစ်ကို ကြိုဆိုရင်း အိမ်ပြန်ချိန်ကို စောင့်မျှော်နေကြောင်း ကိုရှန်က အောက်ပါအတိုင်း ပြောဆိုလိုက်လေသည်။
“ကျွန်တော်တို့ဘက်က ဒေသကာကွယ်ရေးအဖွဲ့တွေ အနိုင်ရမှပဲ မြို့ထဲကို ပြန်လာလို့ရမယ်”