ရေး – ဆလိုင်းထွန်းလှကျော်
အိန္ဒိယ၏ အရှေ့မျှော်ဝါဒတံခါးပေါက်/ အိန္ဒိယ၊ တရုတ်နှင့် သူတို့၏ဆုံမှတ်
“အိန္ဒိယနှင့် တရုတ်ဟာ အနာဂတ်မှာ ပိုပြီး အတူတူ ဩဇာ ညောင်းကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
၁၉၃၈ ခုနှစ်မှာ တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည့် နောင်အိန္ဒိယ၏ ပထမဦးဆုံး ဝန်ကြီးချုပ်ဖြစ်လာမည့် ပဏ္ဍိတ်ဂျဝါဟလာနေရူးမှ ထိုစဉ် တရုတ်ပြည်၏သမ္မတ ချန်ကေရှိတ်ကို ပြောခဲ့ခြင်းဖြစ်သည်။ သူသည် တရုတ်ကို မိတ်ဆွေအဖြစ် မြင်ထားခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ကိုလိုနီခေတ်အလွန် စစ်အေးကာလသစ်အတွင်း၌ ကွန်မြူနစ်တို့မှ တရုတ်ပြည်ကို သိမ်းပိုက်ခဲ့ပြီးသည့် အချိန်တွင်လည်း နေရူး၏ ဘက်မလိုက်၊ ကြားနေရေး ဝါဒအောက်မှာပင် အိန္ဒိယနှင့် တရုတ်တို့မှာ ချစ်ကြည်ရင်းနှီးစွာ အတူပူးပေါင်း ဆောင်ရွက်ရေးက ခိုင်မြဲလျှက်ပင် ရှိနေခဲ့သည်။ နေရူးသည် အိန္ဒိယကိုသာမက တရုတ် ကိုပါ “ဖွံ့ဖြိုးဆဲ ကမ္ဘာသစ်” ၏ အဓိက အခန်းကဏ္ဍနေရာ၌ ပါဝင်စေလိုခဲ့သူတစ်ဦး ဖြစ်ပါသည်။ သို့သော် ပဏ္ဍိတ်နေရူး၏ အိန္ဒိယ၊ တရုတ် အတူတူပူးပေါင်း ဆောင်ရွက်ရေးမှာ ၁၉၅၀ ခုနှစ်အလွန်နှောင်းပိုင်း နယ်နိမိတ် ပြဿနာများကြောင့် တင်းမာမှုများတိုးလာရင်း မှေးမှိန်သွားခဲ့ရသည်။
တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းများသည် သွေးစွန်းသော ပြည်တွင်းစစ်များမှတစ်ဆင့် အာဏာကို ရရှိလာခဲ့ကြသူများဖြစ်သည်။ ထို့အတွက်ကြောင့် ထိုသူတို့မှာ အတိတ်မှ မန်ချူးအင်ပါယာပိုင် နယ်နိမိတ်များအတိုင်း နယ်မြေများကို ပြန်လိုချင်ခဲ့ကြသည်။ ၁၉၅၁ ခုနှစ်တွင် တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော်မှ တိဘက်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး တိဘက်၏ တန်ပြန်တော်လှန် ပုန်ကန်မှု များကိုလည်း ၈ နှစ်ကြာမျှ ချေမှုန်းခဲ့ကြရပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားသည်လည်း တိဘက် အရေးနိမ့်ပြီး ၁၉၅၉ ခုနှစ်မှာပင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။။ အိန္ဒိယအစိုးရမှလည်း နွေးထွေးစွာဖြင့် လက်ခံခဲ့ကြကာ ဘုန်းတော်ကြီးသည်လည်း အိန္ဒိယမှာပင် နေထိုင်ခဲ့ရသည်။ ဤဖြစ်ရပ်များ နောက်ပိုင်း အိန္ဒိယအပေါ် တရုတ်၏ ဖိအားများ ပို၍တိုးလာစေခဲ့သည်။
တရုတ် ခေါင်းဆောင်များသည် ၁၉ ရာစု အစောပိုင်းအထိ မန်ချူးအင်ပါယာ အစိတ်အပိုင်းထဲ၌ ပါဝင်ခဲ့သည့် တိဘက် ဒေသတစ်ခုလုံးကို တရုတ်အပိုင် နယ်နိမိတ်ဟုဆိုလာပြီး နယ်မြေချဲ့ထွင် လာခဲ့ကြ သည်။ မက်မဟွန်မျဉ်း (ဗြိတိသျှအိန္ဒိယပိုင် အာသံနယ်နိမိတ်နှင့် မန်ချူး အင်ပါယာပိုင် တိဘက်နယ်နိမိတ် တို့မှာ ရှင်းလင်း ပြတ်သားမှု မရှိခဲ့၍ ၁၉၁၄ ခုနှစ်မှာ ဗြိသိသျှ သံတမန် မက်မဟွန်၏ ညှိနှိုင်းပေးမှုကြောင့် ပေါ်ပေါက်ခဲ့သော နယ်ခြားမျဉ်း။) တောင်ခြေ ဒေသအားလုံး တရုတ်အပိုင်ဟူ၍ စတင်ပြောဆိုခဲ့သည်။ ထို့နောက် အန္ဒိယပိုင် ဟိမဝန္တာ၏ တစ်ဖက်စွန်းဘက်၌ရှိသော အက်ဆိုင်ချင်းဒေသ ကသ္မီယ ပြည်နယ်အထိ လမ်းဖောက်ခဲဲ့သည်။ အိန္ဒိယမှ သံတမန် နည်းလမ်းအရ ဖြေရှင်းခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။
တစ်ဖက်တွင်လည်းပဲ တရုတ်သည် တိဘက်သူပုန်များကို ထောက်ပံ့ပေးနေသည့် အမေရိကန် အစိုးရနှင့် အိန္ဒိယတို့ ပူးပေါင်းသွားကြမည်ကိုလည်း စိုးရိမ်ခဲ့ရသည်။ ထို့အတွက်ကြောင့် ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်မှ လူလှိုင်းလုံး စစ်ဆင်ရေးနည်းနှင့် အက်ဆိုင်ချင်းအနီး အိန္ဒိယတပ်စခန်း များကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ အန္ဒိယတပ်များသည်လည်း အကျအဆုံး များခဲ့ရသည်။ နိုဝင်ဘာ လလယ်လောက်တွင် အိန္ဒိယ၏ တပ်စခန်း အားလုံးနီးပါးလောက်ကို တရုတ်တပ်များမှ သိမ်းပိုက်နိုင် ခဲ့ကြသည်။ အာသံ၏ အလယ်ပိုင်း တက်စ်ပူမြို့ကိုပင် သိမ်းခဲ့ကြသည်။ နိုဝင်ဘာ (၂၁) ရက်နေ့ အရောက်တွင် တရုတ်မှ အပစ်အခတ်ပြန်ရပ်စဲခဲ့ပြီး မက်မဟွန်းမျဉ်း အနောက်ဘက်ကို ပြန်ဆုတ်ခဲ့သည်။ တရုတ်သည် စင်းကျန်မှနေ၍ တိဘက်လမ်းကို ထိန်းချုပ်နိုင်ခဲ့ပြီး အိန္ဒိယ၏ ခြိမ်းခြောက်မှုရန်ကလည်းပဲ သူ့အတွက် ပူစရာမလိုတော့ပေ။ တရုတ်မှာ သူအလိုရှိသည်ကို ရရှိသွားခဲ့တော့သည်။ ထိုနောက်ပိုင်း များတွင် တရုတ်က “ယဉ်ကျေးမှုတော်လှန်ရေး”၊ အန္ဒိယက ပါကစ္စတန်နှင့် စစ်ဖြစ်ကာ နှစ်နိုင်ငံစလုံး ပဋိပက္ခကိုယ်စီနှင့် နပန်းလုံးနေခဲ့ ကြရတော့သည်။
၁၉၈၀ နောက်ပိုင်းနှစ်များတွင် အိန္ဒိယနှင့် တရုတ်တို့၏ ဆက်ဆံရေး ပြန်လည်ကောင်းမွန် လာခဲ့သည်။ ထိုစဉ် အိန္ဒိယတွင် ရာဂျစ်ဂန္ဒီ (နေရူး၏မြေး) မှာ ဝန်ကြီးချုပ်ဖြစ်ပြီး တရုတ်ပြည်၌ တိန့်ရှောက်ဖိန် ဦးဆောင်သော ကာလဖြစ်သည်။ ရာဂျစ်ဂန္ဒီ၏ ၁၉၈၈ ခုနှစ် တရုတ်ပြည် ခရီးစဉ်၌ တိန့်ရှောက်ဖိန်မှ “နောင်လာမယ့် ရာစုဟာ အာရှခေတ်သာ ဖြစ်မယ်ဆိုရင် အိန္ဒိယနဲ့ တရုတ်နှစ်ခုလုံးဟာ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတွေ ဖြစ်မှာပဲ” ဟူ၍ ဆိုခဲ့သည်။ ထိုနောက်ပိုင်းနှစ်များအတွင်း အရှေ့အာရှ နိုင်ငံများသည် အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံစလုံးတို့၏ ကုန်သွယ်မှုနဲ့ ဈေးကွက်သစ် ရရှိနိုင်မှုများအတွက် အရေးပါသည့်ဒေသများ ဖြစ်လာခဲ့သည်။
၁၉၇၀ နှောင်းပိုင်း တိန့်ရှောက်ဖိန်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် တရုတ်စီးပွားရေး ပြန်လည် ဦးမော့လာခဲ့ရသည်။ အလားတူ တရုတ်သည် အရှေ့တောင်အာရှဒေသတွင်း နိုင်များနှင့်ပါ စီးပွားရေးအရ ဆက်ဆံရေး ပိုအားကောင်း လာခဲ့ရသည်။ တစ်ဖက်တွင်လည်း စီးပွားရေး တံခါးဖွင့်ဝါဒနှင့်အတူ တိုးတက် ပြောင်းလဲလာနေခဲ့သည့် အန္ဒိယမှနေ၍ ၁၉၉၀ ဝန်းကျင်ခန့်အတွင်း၌ “အရှေ့မျှော် ပေါ်လစီ” ကို ချမှတ် လာခဲ့သည်။ ရည်ရွယ်ချက်မှာ အရှေ့ဖျားမှ ကြီးကြီးမားမား ချမ်းသာနေကြသော နိုင်ငံများနှင့် ဆက်ဆံပြီး ဈေးကွက်သစ်၊ မိတ်ဆွေသစ်များ ရှာဖွေသွားနိုင်ဖို့ပင်ဖြစ်သည်။
တရုတ်တွင် ဆင်းရဲလွန်းသည့် ကုန်းတွင်းပိတ် ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် အနောက်နှင့် အနောက်တောင်ဘက်တို့ ဖြစ်ကြသည်။ အန္ဒိယတွင်ကား ဆင်းရဲသည့် ကုန်းတွင်း ပိတ် ပြည်နယ်များမှာ အရှေ့နှင့် အရှေ့မြောက်ဘက်ဒေသတို့ ဖြစ်ကြသည်။ ထိုဒေသနှစ်ခု၏ကြားတွင် မြန်မာနိုင်ငံမှာ သူတို့၏ ဆင်းရဲတွင်း ထွက်ပေါက်ကြီးတစ်ခုပမာ တည်ရှိနေသည်။
အရှေ့မျှော်ဝါဒ တံခါးပေါက်
တရုတ်သည် မြန်မာစစ်အစိုးရနှင့် ၁၉၈၀ နှောင်းပိုင်းမှစ၍ ကုန်သွယ်မှုများ တိုးလုပ်လာခဲ့သည်။ မြန်မာစစ်အစိုးရတို့မှာလည်း အနောက်နိုငံများ၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် အားကိုးမှီခို စရာဆို၍ တရုတ်နိုင်ငံတစ်ခုသာ ရှိလာခဲ့သည်။ ထိုနောက်ပိုင်းများ၌ တရုတ်သည် မြန်မာနိုင်ငံအပေါ် ဩဇာလွမ်းမိုးမှု ကြီးသထက် ကြီးလာခဲ့သည်။ အဆိုပါဖြစ်ရပ်ကို တရုတ်ပြိုင်ဘက်ဖြစ်သည့် အိန္ဒိယမှ သူ့အတွက် အနာဂတ် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်လာခဲ့သည်။
ထို့အတွက်ကြောင့် အိန္ဒိယအစိုးရသည် ဖွံ့ဖြိးမှုနည်းပါးလှပြီး ကုန်းတွင်းပိုင်း ဒေသတစ်ခုဖြစ်သော မီဇိုရမ်ပြည်နယ်ကို ပင်လယ်ထွက်ပေါက် ရရှိနိုင်စေရန်နှင့် အရှေ့တောင်အာရှ ဒေသတခွင် နိုင်ငံများနှင့် ချိတ်ဆက်မှုများ ပြုလုပ်နိုင်ရန်တို့ကို ရည်ရွယ်၍ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးမှု စီမံကိန်းကို ၂၀၀၂ နှစ်လောက်တွင် စတင်၍ လုပ်ဆောင်ခဲ့သည်။ ထို့နောက် အန္ဒိယအစိုးရသည် စီမံကိန်းကို ဆောင်ရွက်သွား နိုင်ရန်အတွက် မြန်မာ စစ်အစိုးရနှင့် နှစ်နိုင်ငံ သဘောတူလက်မှတ်ကို ၂၀၀၈ ခုနှစ်အတွင်းတွင် ရေးထိုး သွားခဲ့သည်။ အဆိုပါစီမံကိန်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ ခန့် ရင်းနှီးမြှပ်နှံထားသော စီမံကိန်းတစ်ခုလည်း ဖြစ်သည်။
အလားတူ အဆိုပါ ကုလားတန်စီမံကိန်းသည် အိန္ဒိယအရှေ့မျှော်ဝါဒ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရှေ့တောင်အာရှ နိုင်ငံများနှင့် ချိတ်ဆက်သွားနိုင်ရန် တစ်ခုတည်းသောတံခါးပေါက်တစ်ခု ဖြစ်နေသည့်အပြင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ဩဇာလွှမ်းမိုးမှုကို လျှော့ချသွားနိုင်ရန်အတွက် တရုတ်နှင့် အာဏာချိန်ခွင်လျှာညှိနေသည့် စီမံကိန်းလည်း ဖြစ်သည်။
အိန္ဒိယအစိုးရသည် သူ၏နိုင်ငံတွင်းရှိ ဆင်းရဲပြီး ကုန်းတွင်းပိုင်း ဒေသများဖြစ်ကြသော အရှေ့မြောက်ဒေသများကို နိုင်ငံ၏ အရှေ့၊ အနောက်နှင့် တောင်ပိုင်းဒေသများနှင့် ချိတ်ဆက်ကာ ကုန်သွယ်မှုများ ပြုနေစေချင်သည်။ တစ်ဖက်တွင်လည်း အိန္ဒိယအစိုးရသည် နိုင်ငံ၏ကြားတွင် တည်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှောင်ရှားသွားကာ ပလက်ဝမှနေ၍တစ်ဆင့်သာ အိန္ဒိယနိုင်ငံတွင်း ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပြန်ချိတ်ဖို့ ကြိုးစားနေသည်။ ထို့အတွက်ကြောင့် ပလက်ဝသည် ပထဝီအနေအထားအရ ကုလားတန် စံမံကိန်းအတွက် အလယ်ဗဟို အချက်ချာကျရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ တစ်ဖက်တွင်လည်း ပလက်ဝသည် အိန္ဒိယ အရှေ့မျှော်ဝါဒ၏ မဟာဗျူဟာအရ အချက်အချာကျသော တံခါးပေါက်တစ်ခုလည်း ဖြစ်လာနေသည်။
အိန္ဒိယ၏ အရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပူးရ်မှနေ၍ ပလက်ဝမြိုနယ်၊ စက်ပစ်ပြင် ကျေးရွာအထိ ၁၂၉ ကီလိုမီတာ အရှည်ရှိသော အဝေးပြေးလမ်းမကြီး၊ ထိုမှတစ်ဆင့် ၁၅၈ ကီလိုမီတာ အရှည်ရှိသော ကုလားတန် မြစ်ကြောင်းအတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်း၊ နောက်ဆုံး စစ်တွေ ဆိပ်ကမ်းမှ ရေမိုင် ၅၃၉ ကီလိုမီတာ အကွာအဝေးရှိသော ဘင်္ဂလားပင်လယ်ပြင်ကိုဖြတ်ကာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားဆိပ်ကမ်းနှင့် ချိတ်ဆက်ပြီး ကုန်သွယ်မှုများ ပြုသွားနိုင်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းအတွက် စစ်တွေဆိပ်ကမ်းတည်ဆောက်မှု၊ ကုလားတန်မြစ်ကြောင်း တူးဖော်မှုနှင့် ပလက်ဝဆိပ်ကမ်း တည်ဆောက်မှုတို့မှာ အပြီးအသတ် ဆောင်ရွက်ပြီးသွားကြပြီးဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်တွင် မြန်မာ့ပြည်တွင်းစစ် (နယ်စပ်ဒေသ မတည်ငြိမ်မှု) ပြဿနာများသည် အဆိုပါ စီမံကိန်း အပြီးသတ် ဆောင်ရွက်သွားနိုင်ရန် (နောက်ဆုံး ကျန်ရှိနေသေးသည့် ပလက်ဝ-ဇိုရမ်ပူးရ် အဝေးပြေးလမ်းမ ဖောက်လုပ်ရေးမှာ) အတားအဆီးကြီးတစ်ခု ဖြစ်လာနေတော့သည်။ အကြောင်းမှာ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့သည့် ပလက်ဝ-ဇိုရမ်ပူးရ် အဝေးပြေးလမ်းမ ဖောက်လုပ်မည့် လမ်းကြောင်းများပေါ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြပြီး လမ်းဖောက်လုပ်မည့် စီမံကိန်းမှာ လည်း အဆိုပါတိုက်ပွဲများကြောင့်ပင် ရပ်တန့်သွားခဲ့ရတော့သည်။
မြန်မာစစ်တပ်၊ ထိုစဉ် NLD အစိုးရနှင့် အိန္ဒိယအစိုးရတို့သည် ရက္ခိုင့်တပ်တော် (AA)ကို ကုလားတန် စီမံကိန်းအတွက် အဓိက အတားအဆီး တစ်ခုအဖြစ် သဘောထားခဲ့ကြသည်။ အိန္ဒိယအစိုးသည် AA နှင့် မြန်မာစစ်တပ်တို့ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ချိန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် အိန္ဒိယတပ်မတော်ကို ပလက်ဝနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင့်တလိုင်ခရိုင်မှာ တပ်ချစေခဲ့သည်။ ဤဖြစ်ရပ်ကို AA ဘက်မှ “အိန္ဒိယစစ်တပ်သည် မြန်မာစစ်တပ်နှင့် ပေါင်းပြီး AA ကို ဆန့်ကျင်နေသည်” ဟူ၍ အိန္ဒိယကို သံသယရှိနေခဲ့သည်။
၂၀၁၉ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင်တော့ AA မှ ကုလားတန်တံတား စီမံကိန်းအတွက် တံတား သံပေါင်များ တင်ဆောင်လာခဲ့သည့် ရေယာဉ်ကို “စစ်သားများ လိုက်ပါလာသည်” ဆိုသည့် အကြောင်းပြချက်ဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ ထို့နောက် မတ်လ ၃၀ ရက်နေ့တွင်လည်း အဆိုပါစီမံကိန်းအတွက် လမ်းလုပ်သား ၁၃ ဦးကို AA မှ ဖမ်းဆီးခဲ့ပြီး ၅ ဦးကို ဧပြီလ (၁) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကာ ကျန် ၈ ဦးကို ဩဂုတ်လ (၁၆) ရက်နေ့တွင်မှ ပြန်လွှတ်ပေးခဲ့သည်။ အလားတူ နိုဝင်ဘာ ၃ ရက်နေ့တွင်လည်း အိန္ဒိယ နိုင်ငံသား ၅ ဦး၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝှေ့တင်းနှင့် အခြား ၄ ဦး၊ စုစုပေါင်း ၁၀ ဦးကို AA မှ ထပ်မံဖမ်းဆီးခဲ့ပြီး ဦးဝှေ့တင်းမှအပ ကျန် ၈ ဦးကို နောက်တစ်နေ့မနက်တွင် ပြန်လွှတ်ပေးခဲ့သည်။ အိန္ဒိယနိုင်ငံသား တစ်ဦးဖြစ်သည့် Mr. Vinoogopal မှာ AA ခေါ်ဆောင်သွားချိန်မှာပင် သေဆုံးသွားခဲ့သည်။ နိုဝင်ဘာ ၂၂ ရက်နေ့တွင်လည်း စစ်တွေမှ ပလက်ဝသို့ ထွက်ခွာလာသည့် ရေယာဉ်ကို AA မှ ကျောက်တော်မြို့မရောက်မီ၊ ကသစ်တောရွာအနီးမှာပင် ထပ်မံ၍ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နောက်ဆုံး ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၂) ရက်နေ့တွင်လည်း ပလက်ဝဆိပ်ခံတံတား တည်ဆောက်ရေး စီမံကိန်း လုပ်သား (၁၅) ဦးကို AA မှ ထပ်မံဖမ်းဆီးခဲ့ကာ နောက်တစ်နေ့မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့် စီမံကိန်းလုပ်သားများအား ဖမ်းဆီးမှုများတိုင်းတွင် AA သည် “မြန်မာစစ်တပ်နှင့် ပတ်သတ်ဆက်နွယ်သောကြောင့်” ၍ဟူ အကြောင်းပြခဲ့သော်လည်း အခြားတစ်ဖက်တွင်မူ အိန္ဒိယအစိုးရကို လှန့်ပြီး သတိပေးခဲ့ပုံလည်းရသည်။ ဤသည်ကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ “ကုလားတန်မြစ်ကြောင်းကို အသုံးပြုပြီး သွားလာနေတဲ့ ကုလားတန်စီမံကိန်းဆိုင်ရာ သင်္ဘောတွေက သွားလာခွင့်အတွက် AA ကို အကြောင်းကြားဖို့လိုအပ်ပြီး အိန္ဒိယဘက်ကလည်း AA တည်ရှိနေမှုကို အသိအမှတ်ပြုပေးရမယ်” ဟု ဆိုခဲ့သည်။
အိန္ဒိယဘက်ကမူ ထိုစဉ် တရုတ်နှင့် နယ်စပ်ပြဿနာ အငြင်းပွားနေသည့် အချိန်ဖြစ်သောကြောင့် ကုလားတန်စီမံကိန်းအား အနှောင့်အယှက် ပြုနေမှု၏ နောက်ကွယ်၌ တရုတ်ရှိနေကြောင်း ပြောဆိုခဲ့သည်။ အလားတူ AA သည် ကုလားတန်စီမံကိန်း အတွက် အိန္ဒိယအစိုးရကို သူတို့နှင့်လာပြီး ညှိနှိုင်းမှု ပြုစေချင်ခဲ့သည်။ ဤသည်ကိုလည်း “ရခိုင်ပြည်မှာ လုပ်မယ်၊ ကိုင်မယ်ဆိုရင် ကျွန်တော်တို့နဲ့ ညှိနှိုင်းပြီး လုပ်မယ်ဆိုရင် ပိုပြီးအကျိုးစီးပွား ရှိနိုင်တယ်။”ဟူ ၍ ဗိုချုပ်ထွန်းမြတ်နိုင်မှ ဧရာဝတီ၏ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် ကုလားတန်စီမံကိန်းကို ဆောလျင်စွာ အပြီးသတ်နိုင်ဖို့ တွန်းတွန်းတိုက်တိုက်ဖြင့် လုပ်ဆောင်ခဲ့သည်။ ထို့အတွက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှနေ၍ ၂၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သော ထိုစဉ် သမ္မတဦးဝင်းမြင့်၏ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်တွင်လည်း “ပလက်ဝ – ဇိုရမ်ပူးရ်လမ်း ဖောက်လုပ်မှုကို ဆောလျင်စွာ ပြီးစီးစေရေးအတွက် ကတိပြုခဲ့တယ်” ဟူ၍ အိန္ဒိယသံရုံးမှ ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) နေ့ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းများတွင် မြန်မာနိုင်ငံတွင်းနှင့် နယ်စပ်ဒေသ မတည်ငြိမ်မှုများ ပိုမိုတိုးများလာခဲ့ရသောကြောင့် အဆိုပါ “ပလက်ဝ – ဇိုရမ်ပူးရ်လမ်း” ဖောက်လုပ်မှုကို ထပ်မံ၍ ရပ်တန့်ခဲ့ရ ပြန်သည်။
ကုလားတန် စီမံကိန်းနှင့် ပလက်ဝဒေသ ဖွံ့ဖြိုးရေး
ပလက်ဝသည် တောတောင် လျှိုမြောင်များနှင့် တောင်ကုန်း တောင်တန်းများ ပေါများသည့် ဒေသ တစ်ခုဖြစ်နေသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ပါ ခက်ခဲနှေးကွေးသည့် ဒေသတစ်ခု လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်း အဆင်းရဲဆုံး ပြည်နယ်ထဲမှ အဆင်းရဲဆုံး ဒေသတစ်ခုဟုလည်း ဆိုကြပါသည်။ ပလက်ဝဒေသခံ အများစုမှာ ကုလားတန်မြစ်ကြီးကိုပင် အဓိကအမှီသဟဲ ပြုနေကြရပြီး သားငါးရှာဖွေမှုများ၊ ကုန်ရောင်းကုန်ဝယ်ပြုမှုများ၊ ခရီးသွားလာမှုများနှင့် မြစ်ကမ်းနံဘေးများပေါ်၌ သီးနှံစိုက်ပျိုးမှုများ ပြုလုပ်ကြကာ အသက်မွေးဝမ်းကြောင်း ပြုနေကြသည်။
ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၈၈ ရွာရှိသည့်အနက် ရွာပေါင်း ၃၀၀ ကျော်တို့သည် ကုလားတန် မြစ်ကြောင်းတစ်လျှောက်၌ တည်ရှိနေကြပြီး ဒေသခံလူဦးရေ ၁ သိန်းကျော် မှီတင်းနေထိုင်ကြ သည်ဟုလည်း ဆိုကြသည်။ ကုလား တန်စီမံကိန်းသာ အထမြောက်သွားခဲ့လျှင် ကုလားတန်မြစ်ကြောင်း တစ်လျှောက်မှ အဆိုပါရွာပေါင်း ၃၀၀ ကျော်တို့သည် နယ်စပ်ဒေသများ ဖြစ်မှုကြောင့် ဖွံ့ဖြိုးစည်ကားလာ လိမ့်မည်ဟု ဒေသခံများနှင့် ထိုစဉ် ချင်းပြည်နယ် အစိုးရဖွဲ့ဝင်များက ယုံကြည်ခဲ့ကြသည်။
အလားတူ ကုလားတန်စီမံကိန်းသည် ချင်းပြည်နယ်၏ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လည်း ဆင်းရဲတွင်း တံခါး ထွက်ပေါက်တစ်ခုပမာ ဖြစ်လာလိမ့်မည်ဟုပင် ယုံကြည်ခဲ့ကြသည်။ အဆိုပါစီမံကိန်းမှာ ပလက်ဝ နှင့် စစ်တွေမြို့ကို ဗဟိုပြုပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှနေ၍ အရှေ့ဘက်ဒေသကို ချိတ်ဆက်မည့် ကုန်သွယ်ရေး လမ်းကြောင်းကြီးတစ်ခု ဖြစ်နေသောကြောင့် စီမံကိန်းအောင်မြင်ပြီး ဒေသဖွံ့ဖြိုးမှုများ အားကောင်းလာခဲ့လျှင် ပလက်ဝဒေသခံများသည် သူတို့၏ စိုက်ပျိုးသီးနှံများကို အရည်အသွေးမြှင့် တင်ကာ ကုန်ကူးသန်းရောင်းဝယ်မှုများ ပြုနိုင်ကြမည့်အပြင် ကုန်သွယ်ရေးလမ်းကြောင်းနှင့် ဆက်စပ် သော အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာနိုင်ကြမည် ဖြစ်သည်။
တစ်ဖက်တွင်လည်း စီမံကိန်းကို အခြေခံပြီး ထိုစဉ် ချင်းပြည်နယ်အစိုးရသည် ပလက်ဝကို ပြည်နယ်၏ အခြားသော မြောက်ပိုင်းမြို့နယ်များနှင့် ချိတ်ဆက်နိုင်ရန် ကြိုးစားခဲ့ကြသည်။
ထို့အတွက်ကြောင့် ပလက်ဝ – မတူပီ – မင်းတပ် – ဟားခါးလမ်း စတင်ဖောက်လုပ်နေမှုကို ထိုစဉ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ်က “ပလက်ဝမြို့က အဆင်းရဲဆုံး။ အဓိကတော့ လမ်းပန်းကောင်းသွားရင် တိုးတက်သွားမယ်။ အခုပြည် ထောင်စုအစိုးရ အဆင့်ကနေပြီးတော့ ပလက်ဝကနေ မတူပီ၊ မင်းတပ်၊ ဟားခါးလမ်းကို စဖောက် နေတယ်။ ကုန်သွယ် စီးဆင်းနိုင်အောင် ကုလားတန်မြစ်ကို အခြေခံရမယ်။ ကုလားတန်စီမံကိန်း ပြီးဆုံးတဲ့နောက် ပလက်ဝမြို့ ဖွံ့ဖြိုးလာမယ်” ဟူ၍ ၂၀၁၆ ခုနှစ်တွင် ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။
အလားတူ ထိုစဉ် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်မှလည်း “ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနဲ့ မြောက်ပိုင်း တွန်းဇံ၊ မတူပီ၊ ဟားခါးတို့ ဆက်သွယ်မယ့် လမ်းကြောင်းကိုဖောက်မယ်။ အဲ့မှာထွက်တဲ့ ကုန်ပစ္စည်းတွေကို ပလက်ဝပို့ပြီး ပလက်ဝကနေ ကုလားတန်ဆိပ်ကမ်း၊ အဲ့ကတစ်ဆင့် အိန္ဒိယကို ပြန်ပို့မယ်” ဟု ဆိုခဲ့သည်ကို တွေ့ရှိရသည်။
ပလက်ဝဒေသခံများသည်လည်း ကုလားတန်စီမံကိန်းကြီးကို အပြုသဘောဆောင် ရှုမြင်ခဲ့ကြကာ အနာဂတ် စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် အခွင့်အလမ်းကောင်းဟူ၍ သဘောထားခဲ့ကြသည်။
ပလက်ဝမြို့နယ်ရှိ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးဇနီအောင်မှ “စီမံကိန်းရှိတာ ကျွန်တော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ပလက်ဝမြို့နယ်က ဆက်သွယ်ရေး အရမ်း ခက်ခဲတယ်။ နောက်ပိုင်းမှာ အိန္ဒိယက ကားလမ်းဖောက်မယ်ဆိုတော့ ကျွန်တော်တို့ ဒေသထွက်ကုန် အများကြီး ထုတ်လို့ရနိုင်တဲ့အတွက် ဒေသခံအနေနဲ့ အများကြီးကြိုဆိုပါတယ်”ဟု ၂၀၁၆ ခုနှစ်အတွင်း ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။။ အလားတူ ပလက်ဝမြို့နယ် ကုလားတန် ဒေသထဲမှ ဒေသခံ ကိုဟိုက်လင်းမှလည်း “ဒီမှာသာ လမ်းပွင့်ပြီး ဖွံ့ဖြိုးသွားရင် ကျွန်တော်တော့ သူဌေး ဖြစ်ပြီ” ဟူ၍ သူ၏ ကုလားတန်စီမံကိန်းအပေါ် ထားရှိသည့် အနာဂတ် စိတ်ကူးအိမ်မက်ကို ၂၀၂၀ ပြည့်နှစ် တွင် ဧရာဝတီကို ဖွင့်ချသွားခဲ့သည်ကိုလည်း တွေ့ရှိရသည်။
ချင်းတိုးတက်ရေးပါတီ (CPP) မှလည်း ကုလားတန်စီမံကိန်းသည် ချင်းပြည်နယ်အတွက် အဓိကအားထားရမည့် စီမံကိန်းဖြစ်သကဲ့သို့ အဆိုပါစီမံကိန်းကြောင့်ပင် စီးပွားရေး အခွင့်အလမ်းများ ပွင့်လာပြီး ချင်းပြည်နယ် အစိုးရအတွက်လည်း အခွန်ကောက်ခံမှုနှင့် ဝင်ငွေများကောင်းလာနိုင်ကာ ရေရှည်အတွက် အန်မတန်မှကောင်းသည့် အလားအလာတစ်ခုဟူ၍ ယုံကြည်ခဲ့ပါသည်။
သို့သော် တစ်ဖက်တွင်လည်း ချင်းမျိုးသားပါတီ (CNP) နှင့် ရခိုင်မြစ်ချောင်းများကွန်ရက်တို့မှ သူတို့၏ ကွင်းဆင်းလေ့လာချက်များအရ စီမံကိန်းဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှုမရှိကြောင်းနှင့် ကုလားတန်မြစ်ကို အဓိက မှီခိုအားထားကာ အသက်မွေးဝမ်းကြောင်ပြုနေကြရသော ဒေသခံရွာသားများအတွက် ထိခိုက်များမှုရှိနိုင်ကြောင်း ဝေဖန်ထောက်ပြခဲ့ကြသည်။