ရေး – ဆလိုင်းထွန်းလှကျော်
ဒေသခံများ လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုများ
(က) အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှု (ဝါ) ပေါ်တာဆွဲမှုများ
ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့၏ စစ်ရေးလှုပ်ရှားမှုများနှင့်အတူ ဒေသခံပြည်သူများအတွက် နောက်ဆက်တွဲ ကပ်ပါလာခဲ့သည့် ပြဿနာတစ်ခုမှာ အတင်းအဓမ္မ ပေါ်တာဆွဲခံကြရ ခြင်းပင် ဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားရာ ဒေသများအတွင်း နေထိုင်ကြသော ဒေသခံပြည်သူများမှာ နှစ်ဖက်တပ်များ၏ ပေါ်တာဆွဲခံရမှုများနှင့် မြန်မာစစ်တပ်မှ လူသားဒိုင်းအဖြစ် အသုံးပြုမှုများ ရှိခဲ့ပြီး ၎င်းတို့ကိုပင် နှစ်ဖက်တပ်များကိုယ်တိုင် အပြန်အလှန် ငြင်းဆန်ခဲ့ကြသည်ကိုလည်း တွေ့ရှိ ရသည်။ ၂၀၁၆ ခုနှစ်အတွင်း မြန်မာစစ်တပ်မှ တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်သည့် ပလက်ဝ – ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ကျေးရွာများမှ ဒေသခံ ချင်းလူမျိုးတို့အား လမ်းပြအဖြစ် အတင်းအမ္မ ခေါ်ဆောင်သွားခြင်း၊ စားနပ်ရိက္ခာနှင့် ဓာတ်ဆီတို့ကဲ့သို့သော ကုန်ပစ္စည်းများကို သယ်ယူပေးရန် ဖိအားပေး စေခိုင်းခြင်းနှင့် စစ်လက်နက်ပစ္စည်းများကို ထမ်းယူပေးရန် ဖိအားပေး ခေါ်ဆောင်သွားခြင်းများ ရှိခဲ့သည်ဟု CHRO ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ အတွင်းတွင်လည်း ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာမှ ဒေသခံပြည်သူ ၄၉ ဦးတို့ကို မြန်မာစစ်တပ်မှ ခေါ်ယူခဲ့ကာ မီးဇာမှ ခမောင်းဝကျေးရွာရှိ တပ်မ ၇၇ လက်အောက်ခံတပ်အထိ ခြေလျင်ခရီးဖြင့် ဆန်နှင့်စားနပ်ရိက္ခာများကို သယ်ယူခိုင်းခဲ့သည်ဟု RFA မှ ဖော်ပြခဲ့သည်။ ထိုသို့ ခေါ်ဆောင်သွားခဲ့ခြင်းမှာ အဓမ္မသဘောမျိုးမဟုတ်ဟု မြန်မာစစ်တပ်မှ ပြောဆိုသော်ခဲ့လည်း အချို့မှာ စိတ်ဆန္ဒမပါဘဲ လိုက်ပါသွားခဲ့ကြရသည်ကို ထိုစဉ် မီးဇာကျေးရွာ အုပ်ချုပ်ရေးမှူးမှ “တချို့တွေတော့ မလုပ်ချင်ကြဘူး။ တချို့တွေတော့ လုပ်ချင်ကြတယ်။ ဒါပေမယ့် မလုပ်ရင်လည်း မကောင်းဘူး ဆိုပြီးတော့ ထမ်းကြရတာပဲ။ ကျွန်တော်တို့ အုပ်ချုပ် ရေးပိုင်းကနေ လူစုပေးရတယ်။ ကျွန်တော် တို့ဘက်လည်း အရမ်းအခက်အခဲ ဖြစ်တယ်။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဘယ်သူမှတော့ ဒီကိစ္စကို မလိုချင်ကြဘူး ” ဟု Chin World သတင်း ဌာနမှာ ပြောဆိုခဲ့သည်ကို တွေ့ရှိရသည်။
ရက္ခိုင့်တပ်တော်သည်လည်း ဆန်နှင့် ရိက္ခာပစ္စည်းများ သယ်ယူရန် ပလက်ဝဒေသခံများကို အတင်းအဓမ္မ ခိုင်းစေမှုများ ရှိခဲ့ကြောင်း ဒေသခံများကိုယ်တိုင် ပြောဆိုကြသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလထဲတွင် AA တပ်သားများ ပလက်ဝမြို့နယ်၊ ကျီးလေရွာသို့ ဝင်ရောက်လာခဲ့ကြပြီး ရွာသားများနှင့် မပြေမလည်ဖြစ်ခဲ့ကြကာ ရိုက်နှက်ခြင်း၊ ပစ္စည်းများ သယ်ခိုင်းခြင်းများ ရှိခဲ့သည်။
ထိုသည်ကို “၂၀၂၀ ဇန်နဝါရီ ၁၇ ရက်နေ့မှာ AA စစ်သားတွေက လာပြောတယ်။ တစ်ယောက်မှ တောမထွက်နဲ့တဲ့။ တစ်ခုခုဖြစ်ရင် ငါတို့တာဝန်မယူဘူးတဲ့။ ကျွန်တော်တို့လည်း တစ်ယောက်မှ တောမထွက်ပဲ အိမ်မှာ နေတယ်။ လူထုဗဟိုပြု ဘောလုံးကွင်း အကောင်အထည် ဖော်နေတာ ရှိတော့ ကျွန်တော်တို့လည်း အိမ်မှာ ဒီအတိုင်း နေနေတာထက်စာရင် လုပ်အားပေး ရပ်ရွာကိစ္စ လုပ်ရအောင်ပေါ့။ ဒီလိုနဲ့ ပေါက်ပြားတွေ၊ ဂေါ်ပြားတွေနဲ့ ကျွန်တော်တို့က တူးကြတယ်။ တူးနေတုန်း သူတို့က ဟိုးကျောက်ပြင်ကို အားလုံးလာခဲ့တဲ့။ မြစ်ဆိပ်ကိုခေါ်တာ။ အဲ့ဒီမှာ သူတို့ စက်လှေရပ်ခိုင်းထားတယ်။ လှေမှာ ဆန်အိတ်တွေ၊ ဘီယာ၊ အရက်၊ ဆား၊ ငရုတ်သီးကအစ အကုန်ပါတယ်။ အဲ့ဒီကုန်တွေကို သယ်ဖို့ ကျွန်တော်တို့ကို အကုန်ခေါ်တယ်။ စက်လှေထဲက ကုန်မှန်သမျှ အထက်ရွာ ဇရပ်ကို ပြောင်းပေးရတယ်။ နောက် ယောက်ျားတွေချည်း မနိုင်တော့ မိန်းမတွေရော အကုန်ထွက်ထမ်း။ မနက် ၉ နာရီကျော်လောက် ကနေ စထမ်းကြတာ နေ့လယ် ၁၂ ရာရီလောက်ကျတော့ ပြီးတယ်။ ဆန်အိတ်က ၁၅၀ ကျော် ၂၀၀ လောက်ရှိမယ်။ ကျွန်တော်တစ်ယောက်တည်းတောင် ဆန်အိတ် ၆ အိတ် ထမ်းလိုက်ရတယ်။ မုန့်တစ်ထုပ်ထမ်းတယ်။ ကျွန်တော် ၇ ခေါက် အသွား/အပြန် ထမ်းရတယ်။ ကျွန်တော့အမျိုးသမီး ဆို ၈ ခေါက် ထမ်းရတယ်။ ဆန်အိတ်က ၆ ခေါက်။ ဆန်အိတ်တွေ အကုန်ထမ်းကြရတာပဲ။ နောက်ပြီး သူတို့က လူလတ်ပိုင်းကို တစ်ဖက်စုတယ်။ လူကြီးပိုင်းကို တစ်ဖက်စုတယ်။ လူကြီးပိုင်းကို ထမင်းချက်ခိုင်းတယ်။ လူလတ်ပိုင်းကိုကျတော့ ဆန်အိတ်တွေ ထမ်းခိုင်းတယ်။ လူလတ်ပိုင်း ၄၀ ကျော်လောက်ရှိတယ်။ ဆန်တွေက စက်လှေကနေယူပြီး အထက်ရွာဇရပ်ကို သယ်ခိုင်းထားတဲ့ ဆန်တွေ။ မောင်နှမရွာဘက်ကို ထပ်ထမ်းခိုင်းတာ။ ၂ နာရီလောက်ကြာတယ်။ ထမ်းကြတာ။ မိုးချုပ်တော့ စာလေးခွေကြော်တွေကို တစ်ယောက် ၁ ထုပ်စီ ပေးတယ်။ စားခိုင်း တယ်။ စားပြီးတော့ ထပ်ထမ်းခိုင်းတယ်။” ဟူ၍ ကျီးလေရွာမှ ရပ်မိရပ်ဖတစ်ဦးမှ ဧရာဝတီတွင် ပြောဆိုသွားခဲ့သည်ကို တွေ့ရှိရသည်။
တစ်ဆက်တည်းအနေဖြင့် “ပစ္စည်းတွေ ထမ်းပေးရတဲ့ အတွက်ရော ရွာသားတွေကို ဘာပေးလဲ။ အခကြေးငွေရသလား” ဟူသည့် ဧရာဝတီ၏ အမေးကို အဆိုပါ ရပ်မိ/ရပ်ဖမှ “ဘာမှမပေးဘူး။ ဝရမ်းတုတ်ပဲ ရတယ်” ဟူ၍ ပြန်ဖြေသွားခဲ့ပါသည်။ AA တပ်ဖွဲ့ဝင်များသည် ကျီးလေရွာသားများကို ဝါးလုံးများဖြင့် ရိုက်နှက်ခဲ့ကြသည့်အပြင် ခြေထောက်များဖြင့် ကန်ကျောက်ခဲ့ကြသည်များကိုပါ ပြုလုပ်ခဲ့ကြသည်ဟုလည်း ပြောဆိုသွားခဲ့သည်။
(ခ) စစ်ဘေးဒဏ်သင့် ပြည်သူများ
ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့၏ ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ မှစ၍ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများ နောက်ထပ် ရင်ဆိုင်ကြုံတွေ့ ခဲ့ကြရသည့် ပြဿနာမှာ “နေရပ်စွန့် ခွာ ထွက်ပြေးတိမ်းရှောင်ကြရမှု” ပင် ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက် နေ့တွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားရာ နယ်မြေများအတွင်းရှိ AA တပ်ဖွဲ့ဝင်များမှ စားနပ်ရိက္ခာနှင့် အလုပ်သမားများကို ဖိအားပေးတောင်းဆိုခဲ့မှုကြောင့် မရာချင်းမျိုးနွယ်စု ၃၀၀ ရာခန့် အိန္ဒိယနိုင်ငံ သို့ ထွက်ပြေးခဲ့ကြပြီး ၂၀၀ ကျော်တို့မှာ နီးစပ်ရာကျေးရွာများ၌ စစ်ဘေးရှောင်အဖြစ် တိမ်းရှောင်ခဲ့ကြသည်။
ထိုနောက်ပိုင်းတွင် AA နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲပြင်းထန်မှု၊ လုပ်အားပေးခိုင်းစေမှု၊ အတင်းအဓမ္မ ဆန်တောင်းခံမှုနှင့် ဖမ်းဆီးရိုက်နှက်မှုများကြောင့် နယ်စပ်ဒေသရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် မီဇိုရမ်ပြည်နယ်၊ လောင့်တလိုင်ခရိုင်သို့ စစ်ဘေးဒုက္ခသည်များအဖြစ် တစ်စတစ်စဖြင့် ထွက်ပြေး ခိုလုံသွားခဲ့ကြသည်။ CHRO မှလည်း ၂၀၁၇ နှစ်အတွင်း နယ်စပ်အနီးရှိ ကျေးရွာပေါင်း ၂၀ ကျော်တို့မှ မရာနှင့် ခူမီးချင်းမျိုးနွယ်စု ၆၀၀၀ ကျော်တို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်သို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးသွားခဲ့ကြကြောင်း သူ၏ Annual Report တွင် ထည့်သွင်းဖော်ပြခဲ့သည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင်လထဲသို့ ရောက်လာသောအခါတွင်လည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင့်တလိုင်ခရိုင်မှာ ပလက်ဝမြိုနယ်မှ စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော် ရောက်နှင့်နေကြပြီး ဖြစ်ကြောင်း လောင့်တလိုင့်ခရိုင် ရဲမှူးတစ်ဦးမှ အတည်ပြုပြောကြားခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ မြန်မာစစ်တပ်မှ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသအတွင်းရှိ ဒေသခံ စစ်ဘေးသင့် ပြည်သူများအား အိမ်ထောင်စုတစ်ခုစီကို တစ်လလျှင် ဆန် (၁၂) ပြည်စီသာ ဝယ်ယူခွင့်ပြုကြောင်း ကန့်သတ်မှုများ ရှိလာခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း ပလက်ဝမြို့နယ်ရှိ ရှင်းလက်ဝကျေးရွာနှင့် မီးဇာကျေးရွာတို့တွင် ကျေးရွာ ၁၁ ရွာခန့်တို့မှ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ နီးပါးရှိလာခဲ့သည်ဟု သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရှိရသည်။ ဇူလိုင်လနှင့် ဩဂုတ်လသို့ ရောက်လာသောအခါ ပလက်ဝရှိ စစ်ဘေးရှောင် ပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်ခဲ့ကြရပါသည်။ လမ်းပန်း၊ ဆက်သွယ်ရေး ခက်ခဲမှုနှင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုများကြောင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်/ စစ်ဘေးသင့် ပြည်သူများ၏ လူဦးရေစာရင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဒေတာအချက်အလက် အတိအကျတို့ကို စုဆောင်းရရှိနိုင်ရန် များစွာ အခက်အခဲများ ရှိခဲ့သည်ဟု CHRO မှ ဆိုခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင် ၄၀၀၀ အထိ ရှိခဲ့သည်ဟုလည်း CHRO ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
အလားတူ “ပလက်ဝမြို့နယ် အတွင်း စစ်ကြောင့် ကျေးရွာ ၁၀ ရွာခန့် လုံးဝ ပျက်သွားပြီဖြစ်ပြီး နေအိမ်၊ စာသင်ကျောင်းတွေပါ ပြောင်းရွေ့သွားကြပြီ” ဟု ထိုစဉ် ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က BBC ကို ပြောဆိုခဲ့သည်ကိုလည်း တွေ့ရှိရသည်။
၂၀၂၀ ပြည့်နှစ်အတွင်းသို့ ရောက်ရှိလာသောအခါ ပလက်ဝမြို့နယ်အတွင်း AA နှင့် မြန်မာ စစ်တပ်တို့၏ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ကြသည်။ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက် မှုများကြောင့် ဒေသခံပြည်သူများ၏ အသက်၊ အိုးအိမ် ထိခိုက်ပျက်စီးမှုများ ပိုမိုရှိလာခဲ့ကာ မြို့နယ်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူ အရေအတွက်မှာလည်း အဆမတန် တိုးများလာခဲ့ရသည်။ ထိုနောက်ပိုင်း စစ်ဘေးဒုက္ခသည် စခန်းပေါင်း ၃၆ ခုအထိရှိလာခဲ့ပြီး စစ်ရှောင်ပြည်သူ ၁၁,၀၁၀ ဦးအထိ ရှိလာခဲ့ကြောင်း UNOCHA မှ နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။ ထိုစဉ် ချင်းပြည်နယ် အစိုးရမှလည်း ပလက်ဝမြို့နယ်အတွင်း လူဦးရေ တစ်သိန်းတစ်သောင်းကျော် ရှိနေသည့်အနက် နေရပ်မစွန့်ခွာနိုင်ဘဲ စစ်ဘေးဒဏ်ခံနေရသူ ၆၀,၀၀၀ ခန့်အထိရှိနေသည်ဟု ဆိုခဲ့ သည်ကို တွေ့ရှိရသည်။ ထို့အတူ အဆိုပါ စစ်ရှောင်ပြည်သူများနှင့် စစ်ဘေးသင့်ပြည်သူများမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့်လည်း မကြာခဏပင် ရင်ဆိုင်ခဲ့ကြရသည်များ ရှိခဲ့သည်။
(ဂ) ဖမ်းဆီးခံရမှု၊ ပျောက်ဆုံးမှုနှင့် ထိခိုက် သေဆုံးမှုများ
ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံချင်းလူမျိုးများမှာ AA ပလက်ဝသို့ ဝင်ရောက်လာပြီးနောက်၊ စစ်ရေးလှုပ်ရှားမှုများ စတင်၍မပြုလုပ်မီကတည်းကပင် အဖမ်းဆီးခံရမှုများနှင့် ရင်ဆိုင် နေခဲ့ကြရသည်ဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် ပလက်ဝဒေသခံ ချင်းလူမျိုးများမှာ ထိုအချိန်ကာလ၌ မြန်မာစစ်တပ်ထက် AA ၏ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် ရိက္ခာတောင်း ခြင်းကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခါးစည်းခံနေကြရဟန် တူသည်။ အလားတူ AA ၏ မဆင်မခြင် မိုင်းထောင်မှုများကြောင့် မိရိုးဖလာ တောင်ယာအလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေကြရသော ဒေသခံချင်းလူမျိုးများ ထိခိုက်သေဆုံးမှု ရှိခဲ့ကြရသည့်အပြင် မြန်မာစစ်တပ်၏ လေကြောင်းဖြင့် ရမ်းတမ်း ပစ်ခတ်မှုများကြောင့်လည်း ဒေသခံ ချင်းလူမျိုး များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ကျေးရွာများပါ ပျက်စီးဆုံးရှုံးခဲ့ကြရသည်များ ရှိခဲ့သည်ကို တွေ့ရှိရသည်။
AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲမဖြစ်ပွားမီ “၂၀၁၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ရက္ခိုင့်တပ်တော် ဗျူဟာတပ်ခွဲ (၅) မှ ပျဉ်စိုရွာသို့ အသွား၌ ခူမီးချင်းအမျိုးသား ၈ ဦးကို ဖမ်းဆီးခဲ့ကြရာ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း” CHRO မှ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့ သတင်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြခဲ့သည်။ အလားတူ “ပျဉ်စိုရွာမှ အသက် ၃၀ အရွယ် ခူမီးချင်းအမျိုးသား လိန်းမင်းမှာ အဆိုပါနေ့တွင်ပင် အမဲလိုက်သွားခဲ့ရာ ပျောက်ဆုံးသွား ကြောင်း၊ ပျောက် ဆုံးသွားသည့်နေရာမှာ ပျဉ်စိုရွာသား ၈ ဦး အဖမ်းခံရသည့် နေရာဖြစ်နေသော ကြောင့် AA ဖမ်းဆီး သွားခြင်းဖြစ်နိုင်ကြောင်း” ထုတ်ပြန်ချက်ထဲတွင် သုံးသပ်ဖော်ပြထားခဲ့သည်။ သို့သော် အဆိုပါ လိန်းမန်းမှာ ၆ ခန့်လအကြာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့ တွင်မှ AA ထံမှ ပြန်လည်လွတ်မြောက်လာကြောင်း CHRO မှပင် 2020 Annual Report တွင် ပြန်လည်ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဖဖေဖော်ဝါရီ (၂) ရက်နေ့အတွင်း AAမှ ကင်းသလင်းကျေးရွာရှိ ခူမီးချင်းတိုင်း ရင်းသား ၅၄ ဦးတို့ကို ကာယကံရှင်တို့၏ ဆန္ဒသဘောမပါဘဲ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာသို့ တစ်ဖက်သတ် ခေါ်ယူသွားကြောင်း ခူမီးမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် သက်ကြီးရွယ်အိုများ၊ အမျိူသမီးနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များလည်း ပါဝင်ခဲ့ကြကြောင်း သိရသည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ “ကျွန်တော်တို့က သူတို့ကို ဒုက္ခရောက်နေလို့၊ သူတို့အသက်အန္တရာယ် ကြုံနေရတဲ့အချိန်မှာ ကူညီပေးလာတာပဲရှိတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူတို့လွတ်လွတ်လပ်လပ်နေတာ၊ သူတို့သွားချင်ရင် သွားတာပဲ ဘာမှ ပြောစရာမလိုပါဘူး၊ ကျွန်တော်တို့နဲ့” ဟု ဖမ်းဆီးတာမဟုတ်ပဲ၊ ကူညီပေးခြင်းသာ ဖြစ်ကြောင်း၊ လွတ်လွတ်လပ်လပ် နေလို့ရကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။
သို့သော် ထိုထဲမှနေ၍ ထွက်ပြေးလာခဲ့ကြရသည့် အိမ်ထောင်စုများရှိခဲ့ကြကာ ဇွန်လ ၂၆ ရက်နေ့၌ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသူ ၁၂ ဦးထဲမှ တစ်ဦးက “AA အဖွဲ့က သီးခြားစီထားပြီး တောင်ယာလုပ်ငန်းအပါအဝင် စားနပ်ရိက္ခာစုဆောင်းခြင်း၊ ထင်းခွေခြင်း၊ ထမင်းဟင်းချက် လုပ်ငန်းကို လုပ်ကိုင်စေခြင်း၊ ထွက်ပြေးရန် တိုင်ပင်မှုများရှိပါက ချုပ်နှောင်မှုများ ပြုလုပ်ခြင်း၊ ကျန်းမာရေး မကောင်းသည့် အမျိုးသမီးတစ်ဦးဆိုလျှင် ကုသရန်ဆေးဝါးမရှိရ၍ သေဆုံးရခြင်းများ ဖြစ်ခဲ့သည်” ဧရာဝတီ ကို ဆိုခဲ့သည်။
ကျန်ရှိနေခဲ့သည့် ကျေးရွာသား ၃၉ ဦးကို ဩဂုတ်လ ၂ နေ့တွင် အရပ်လူကြီးများ၏ လက်ထဲသို့ ပြန်အပ်လိုက်ပြီဖြစ်ကြောင်း AA မှ ထုတ်ပြန်ခဲ့သည်။
အလားတူ AA ၏ ပလက်ဝဒေသခံများအား ဖမ်းဆီးမှုများကို ၂၀၂၀ ပြည့်နှစ်အထိ တွေ့ရှိရပြီး ထိုအထဲတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အတွင်း အိန္ဒိယနိုင်ငံသားများ အပါအ ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံရမှု၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ဆီးဖလောင်းရွာသား ၃ ဦးသေဆုံးမှု၊ ကျီးလေရွာသား ၁၃၀ ကျော် ဖမ်းဆီးခံရမှုနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ချင်းလူငယ် ၄ ဦး ဖမ်းဆီးခံရမှုတို့မှာ ချင်းနိုင်ငံရေးအသိုင်း ဝိုင်းများအကြား ကျယ်လောင်စွာ ပြောဆိုမှုများ ရှိခဲ့ကြသည့်အပြင် AA နှင့် ဒေသခံချင်းလူမျိုးများ ကြားတွင်လည်း ယုံကြည်မှု ပို၍ကင်းမဲ့သွားစေခဲ့သည်။
AA ၏ ဖမ်းဆီးမှုကြောင့် ပျောက်ဆုံးသွားခဲ့ကြသည့် ချင်းလူမျိုးများ ရှိသကဲ့သို့ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည်ကိုပင် မသိရဘဲ၊ သတင်းအစအန ကင်းမဲ့စွာဖြင့် ပဟေဠိ ဆန်ဆန် ပျောက်ဆုံးသွားခဲ့ကြရသော ချင်းလူမျိုးများလည်း အမှန်ပင် ရှိနေခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီမှ သဘောထားတစ်စောင် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်ထဲတွင် “AA နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ပျောက်ဆုံးသွားရသည့် ချင်းတိုင်းရင်းသား အနည်းဆုံး ၁၅ ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ အောက်တို့ဘာလအတွင်း ရင်းချောင်း ကျေးရွာမှ ၃ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၊ သံတောင်ကျေးရွာမှ ၁ ဦး၊ ဇူလိုင်လ ၁၆ ရက်တွင် ဘောင်ဝ ကျေးရွာမှ ၄ ဦး၊ ဩဂုတ်လ ၉ရက်နေ့တွင် သံတောင်ရွာမှ နောက်ထပ် ၁ ဦးနှင့် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ နောက်ထပ် ၅ ဦးတို့ ဖြစ်ကြောင်း” ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်ကို AA ရော မြန်မာစစ်တပ်ပါ နှစ်ဘက်စလုံးမှ ၎င်းတို့လက်ချက်မဟုတ်ကြောင်းကို ငြင်းဆိုခဲ့ကြကြောင်း CHRO မှ ထုတ်ပြန်ခဲ့သည်။
မြန်မာစစ်တပ်၏ ရမ်းတမ်းပစ်ခတ်မှုများကြောင့်လည်း ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှာ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ကျေးရွာများပါ ပျက်စီးခဲ့ကြရကြောင်းကိုလည်း တွေ့ရှိရသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၄) ရက်နေ့တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီး မြန်မာစစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် မိတ်စာဝ ၂ နှင့် ၃ တို့တွင် ရွာသား ၁၂ ဦးသေဆုံးခဲ့ကြရပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။ အလားတူ ဧပြီလ ၇ ရက်နေ့တွင်လည်း မြန်မာစစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ရမ်းတမ်းပစ်ခတ်မှုများကြောင့် နှမဒါကျေး ရွာအုပ်စု၊ နန်းချောင်းကျေးရွာမှ ဒေသခံ ၇ ဦးသေဆုံးခဲ့ကြရကာ ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။
ထို့သို့ မြန်မာစစ်တပ်၏ ရမ်းတမ်းပစ်ခတ်မှုများကို CNLD မှ “လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့် ကျေးရွာများတွင် AA နှင့် ရခိုင်များ အခြေချနေထိုင်ခြင်းမရှိဘဲ ချင်းများသာ နေထိုင်ကြပြီး ယခုကဲ့သို့ တပ်မတော်မှ မဆင်မခြင် တိုက်ခိုက်မှုများအပေါ် အပြင်းအထန် ကန့်ကွက်သည်” ဟု ထုတ်ပြန်ခဲ့သည်။
ပလက်ဝတွင် AA နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ ချင်းပြည်သူများအနေဖြင့် ပေါ်တာဆွဲခံရမှုများ၊ မြေမြှပ်မိုင်းကြောင့် သေဆုံးမှုများ၊ ဆန်နှင့် စားနပ်ရိက္ခာများ လုယူခံရမှုများနှင့် ကလေးစစ်သား စုဆောင်းခံရမှုများ ရှိနေကြောင်း သတင်း မီဒီယာများ၏ ဖော်ပြချက်များအရ သိရှိရသည်။
(ဃ) တံခါးပိတ်သွားခဲ့ကြရသော စာသင်ကျောင်းများ
၂၀၂၀ ပြည့်နှစ်၊ မင်းတပ်ခရိုင်၊ ပလက်ဝ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ဒေသဆိုင်ရာ အချက်အလက်များအရ ပလက်ဝမြို့နယ်အတွင်း ကျေးရွာအုပ်စု ၉၅ အုပ်စု၊ ကျေးရွာပေါင်း ၃၈၈ ရွာနှင့် စာသင်ကျောင်းပေါင်း ၃၈၄ ကျောင်းရှိကြောင်း သိရှိရသည်။ သို့သော် ပလက်ဝမြို့နယ်အတွင်း AA နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် ၂၀၁၈ ခုနှစ်လောက်မှ စတင်ကာ စာသင်ကျောင်း အချို့ ပိတ်ထားရကြောင်း RFA မှ ဖော်ပြခဲ့သည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ အရောက်တွင် ပလက်ဝမြို့နယ်၌ စာသင်ကျောင်းပေါင်း ၁၁၈ ကျောင်း ပိတ်ထားခဲ့ရကြောင်း ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က ပြောဆိုခဲ့သည်။
“ပြီးခဲ့တဲ့ နှစ် ၂၀၁၇ – ၂၀၁၈ မှာ ပိတ်ထားရတဲ့ စာသင်ကျောင်း ၄၃ ကျောင်း ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၁၈ ကျောင်းအထိ ရှိလာပါတယ်။ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။ ပညာရေးဝန်ကြီးဌာနမှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ဖြည့်ဆည်းပေးခဲ့သော်လည်း လုံခြုံရေးအရ မသွားရဲကြဘူးဟူ၍လည်း ပြောဆိုခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလထဲသို့ အရောက်တွင် ပလက်ဝမြို့နယ်မှ ဆရာ၊ ဆရာမများမှာ ရာနှင့်ချီ၍ ပြောင်းရွှေ့ခွင့် လျှောက်ထားမှုများ ရှိလာခဲ့သည်။ အကြောင်းရင်းမှာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုများကြောင့် နယ်မြေလုံခြုံမှုများ ကင်းမဲ့လာကာ အသက်အန္တရာယ်အရ စိုးရိမ်မှုများ ရှိခဲ့သောကြောင့်ပင် ဖြစ်သည်။
ထိုစဉ်ပလက်ဝမြို့နယ် ပညာရေးမှူးက “တိုက်ပွဲဖြစ်တဲ့ အချိန်မှာ သွားလို့မရတာတို့၊ ပြောရမယ်ဆိုရင် ကြောက်တာလာည်း ပါတာ ပေါ့လေ။ ကျောင်းအုပ်ဆရာ တစ်ယောက် ရက်ရက်စက်စက်သတ်တာ တွေ့ရပြီးနောက်မှာ ဆရာ၊ ဆရာမတွေက အများအားဖြင့် လန့်ကြတယ်။ မသွားရဲ့ကြဘူး ဖြစ်နေတယ်” ဟူ၍ BBC ကို ပြောသွားခဲ့သည်။
၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်အတွက် အထက်တန်း ကျောင်းသားများကို ဇူလိုင်လ ၁၃ ရက်နေတွင် တစ်နိုင်ငံလုံး၌ ကျောင်းအပ်လက်ခံခဲ့ကြပြီ ဖြစ်သော်လည်း ပလက်ဝမြို့နယ်အတွင်း အထက်တန်းကျောင်း အများစုမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် ကျောင်းအပ် လက်ခံရန် အခက်အခဲ ဖြစ်နေကြသည်ဟု မြို့နယ်ပညာရေးမှူ ဆလိုင်းအောင်မင်းက ပြောခဲ့သည်။ ပလက်ဝမြို့နယ်တွင် အထက်တန်းကျောင်းပေါင်း ၃၈ ကျောင်း ရှိသည့်အနက် ၁၃ ကျောင်းကသာ ကျောင်းအပ် လက်ခံနိုင်ပြီး ကျန်အထက်တန်းကျောင်းပေါင်း ၂၅ ကျောင်းမှာ ဆက်လက် ပိတ်ထား ခဲ့ရကြောင်း ပညာရေးမှူးက ခေါနူးသုမ်သတင်းဌာနကို ပြောကြားခဲ့သည်။ အလားတူ အဆိုပါနှစ် တွင် အခြေခံပညာကျောင်းပေါင်း ၃၉၁ ကျောင်းရှိသည့်အနက် ကျောင်းပေါင်း ၂၀၀ သာ ဖွင့်လှစ် နိုင်ဖွယ်ရှိပြီး စစ်ဘေးဒဏ်ကြောင့် ၁၉၁ ကျောင်းမှာ ဖွင့်လှစ်နိုင်မည့် အနေအထား၌ မရှိကြောင်း ခေါနူးသုမ်မှ ဖော်ပြခဲ့သည်။
(င) အင်တာနက်ပိတ်ဆို့မှု၊ ဖြတ်သန်းသွားလာခွင့် ကန့်သတ်မှုနှင့် ကုန်ဈေးနှုန်း မြင့်မားမှု
မူလကတည်းမှပင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ဖွံ့ဖြိုးမှုနည်းပါးမှုနှင့် ဆက်သွယ်ရေးအရ ရေလမ်း၊ ကုန်းလမ်းများအပြင် ဆက်သွယ်ပြောဆိုရန် ဖုန်းလိုင်းများပါ ခက်ခဲမှု ရှိနေခဲ့ရာ မှ စစ်ရေးပဋိပက္ခများကြောင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ထိုစဉ် NLD အစိုးရမှ ရခိုင်ရှိ မြို့နယ် ၆ မြို့နယ်အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုပါ အင်တာနက် ပိတ်ပင်မှုများ ပြု လုပ်ခဲ့သည်။ အကြောင်းပြချက်မှာ “အဆိုပါ ဒေသများအတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည့် အခြေအနေများနှင့် အင်တာနက်ကို အသုံးပြုပြီး ဥပဒေနှင့် မညီသည့် လုပ်ငန်းများ ကို လုပ်ဆောင်နေကြသည်” ဟူ၍ ဖြစ်သည်။
အင်တာနက်ပိတ်ပင်မှုများကြောင့် မူလကတည်းကပင် ဆက်သွယ်ရေး၌ အခက်ခဲကြုံနေ ကြရသည့် ပလက်ဝဒေသခံများမှာ စီးပွားရေး အခက်အခဲများ ပိုမိုရှိလာခဲ့ကြကာ၊ သတင်းအချက် အလက်များကို အချိန်နှင့်တပြေးညီ ရရှိနိုင်ရန် မလွယ်ကူနိုင်ခဲ့ကြပေ။ အလားတူ အင်တာနက် ပိတ်ပင်မှုများကြောင့် မြန်မာစစ်တပ်မှ ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြီးမားကျယ်ပြန့်စွာဖြင့် လုပ်ဆောင်နိုင်ရန် အခွင့်အလမ်း ပိုရသွားသည်ဟု သုံးသပ်မှုများ လည်း ရှိနေခဲ့သည်။ ထို့အပြင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့များမှာလည်း အင်တာနက်ပိတ်ဆို့မှုများကြောင့်ပင် လိုအပ်သော ဒေတာအချက်အလက်များကို စုဆောင်းရရှိနိုင်ရန် ခက်ခဲမှုများ ရှိသွားခဲ့ကြရသည်။ ထို့အတွက်ကြောင့် ဒေသခံများမှာ ယခင်ကာလများထက် အခက်အခဲပိုမို တွေ့ခဲ့ကြရကြောင်း စစ်ဘေးရှောင်အရေး လှုပ်ရှားသူများမှ ဆိုခဲ့ကြသည်။ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်မှ အင်တာနက် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ၇ လမျှကြာခဲ့ပြီး စက်တင်ဘာလတွင် ဒုတိယအကြိမ် ပြန်လည် ဖြတ်တောက်ခဲ့ပြန်သည်။)
ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူများမှာ ဆန်နှင့် စားသောက်ကုန်ပစ္စည်းများအတွက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကိုသာ အဓိက မှီခိုနေကြရသည်။ ပလက်ဝနှင့် ကျောက်တော်မှာ ကုန်းလမ်းရော ရေလမ်းပါ နှစ်မျိုးစလုံးဖြင့် သွားလာနိုင်သည်။ ၂၀၁၉ နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့ကာ နောက်ပိုင်းတွင် မြန်မာစစ်တပ်ရော AA ကပါ တိုက်ပွဲဖြစ်ပွားမှုများကို အကြောင်းပြခဲ့ကြပြီး ပလက်ဝ ဒေသခံများအပေါ် သွားလာဆက်သွယ်ရေးဆိုင်ရာ လမ်းကြောင်းများ မကြာခဏဆိုသလို ပိတ်ဆို့ကန့်သတ်ချက်များ ရှိသည်ဟု CHRO မှ ဖော်ပြခဲ့သည်။ ထို့အတွက်ကြောင့် ဒေသခံ ပြည်သူ သောင်းနှင့်ချီ၍ ဆန်နှင့် စားနပ်ရိက္ခာများ ပြတ်လပ်ခဲ့ကြသည်ဟု သတင်းမီဒီယာများ၏ ဖော်ပြချက်များကိုပါ တွေ့ရှိရသည်။
ထိုသို့ ပိတ်ဆို့ကန့်သတ်မှုများ ရှိနေစဉ် သွားလာပါက ပစ်ခတ်မှုများရှိနေပြီး စက်လှေသမား အများစုလည်း စက်လှေများကို ရပ်နားခဲ့ကြရသည်မျိုး ရှိခဲ့သည်။ ထိုသည်ကို “သွားရင် ပစ်တယ်။ မသွားဘဲ နေရင်လွတ်တယ်။ ဘယ်ကပစ်မှန်းလည်း မသိဘူး” ဟု RFA ထံ စက်လှေပိုင်ရှင်တစ်ဦး၏ ပြောဆိုချက်ကို တွေ့ရှိရသည်။
သွားလာဆက်သွယ်ရေးဆိုင်ရာလမ်းများ ပိတ်ဆို့ကန့်သတ်ထားမှုကြောင့် ပလက်ဝမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု အားနည်းသွားကာ အခြေခံစားသုံးကုန်များ ပြတ်လတ်ကုန်ပြီး ကုန်းဈေးနှုန်းမှာလည်း အဆမတန် မြင့်မားလာခဲ့ရသည်။ ဒေသခံဖြစ်သည့် ကျောင်းဆရာတစ်ဦးမှ “ရေလမ်းခရီးက ပိတ်ဆို့ထားလို့ ကုန်စည်တွေ မရောက်ဘူးပေါ့နော်။ လုံးဝ ကို။ ဒီဇယ်ဓာတ်ဆီတွေလည်း အဲဒီလိုပဲ ဈေးတက်တယ်၊ အကုန်လုံးက။ ဆန်ဈေးနှုန်းက ဆန် တောင် ဈေးထဲမှာ မရှိတော့ဘူး။ ဝယ်ဖို့အတွက်တောင်“ ဟူ၍ ပြောဆိုခဲ့သည်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပလက်ဝမြို့နယ်မှာ ယခင်ဆန်ဈေး ၂၀,၀၀၀ ရှိနေခဲ့ရာမှ ထိုအချိန် ၅၀,၀၀၀ အထိ ရှိခဲ့သည်ကိုပါ တွေ့ရှိရသည်။ ထို့အတူ အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီ၏ ဆန်သယ်ယူခွင့် ပိတ်ပင်ထားမှုကြောင့် ပလက်ဝမြို့နယ်အတွင်း ဆန်ဈေး အဆ မတန်မြင့်မားသွားခဲ့ပြီး ယခင် ဆန်တစ်အိတ်ကို ငါးသောင်းကျော်ကနေ ယခု ရှစ်သောင်းအထိ ပေးဝယ်နေကြရသည်ကိုလည်း တွေ့ရှိရသည်။