(006SV)
ချင်းပြည်နယ် ပလက်ဝမြို့နယ်က “နှုံးဘူးဗျူဟာ” နှင့် “ထရွန်အိုင်ဗျူဟာ” တို့ကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲအတွင်း ယမန်နေ့က စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် ဓါတုဓါတ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့သည် ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာတည်ရှိသည့် ပလက်ဝမြို့နယ်ထဲက အခိုင်အမာအထိုင်ချထားသော ယင်းဗျူဟာကုန်းကြီး (၂) ခုကို ရက္ခိုင့်တပ်တော် (AA) က နိုင်ဝင်ဘာလ ၁၄ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၄ ရက်အထိ ၂၀ ရက်ကျော်ကြာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။
ယင်းဗျူဟာကုန်းများကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) သည် ထိုးစစ်အရှိန်ကိုလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိနေသောကြောင့် ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်တွင် စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တိုဖြင့် လေကြောင်းပစ်ကူ ၃၀ ကျော်အထိ ရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ညနေပိုင်း ၆ နာရီခွဲခန့်တွင် စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး ယမန်နေ့က တိုက်ပွဲကာလအတွင်း ထိုးစစ်မှာ အမြင့်ဆုံးဖြစ်သကဲ့သို့ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ အများဆုံး အသုံးပြုခဲ့သော နေ့လည်းဖြစ်သည်ဟု AA ထံမှသိရသည်။
စစ်ကောင်စီသည် ဓါတုဓါတ်ငွေ့ပါသော ဗုံးဖြင့် တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ဒေသအတွင်းက ၁၀၂၇ စစ်ဆင်ရေး၏ အထိနာသော အချိန်တွင်လည်း အသုံးပြုခဲ့ဖူးသည်ဟု သိရသည်။
ယင်းဗျူဟာကုန်း (၂) ခုစလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ကို ဆက်လက် အရှိန်မြင့်တင်သွားမည်ဟု ရက္ခိုင့်တပ်တော် (AA)က ကြေညာထားသည်။
“နှုံးဘူးဗျူဟာ” နှင့် “တရွန်အိုင်ဗျူဟာ”စခန်းကုန်းကြီးများသည် အနီးအနားရှိ ဒေသခံပြည်သူများနှင့် ရက္ခိုင့်တပ်တော် (AA) ကို နှစ်ရှည်လများ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။
မရာလန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) သည်လည်း ပလက်ဝမြို့နယ်တွင်းက စခန်းသိမ်းစစ်ဆင်ရေးတိုက်ပွဲများတွင် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်း၍ ပါဝင်တိုက်ခိုက်နေသည်ဟု ဒီဇင်ဘာလ ၂ ရက်က ယင်းအဖွဲ့က ထုတ်ပြန်သည်။
ယင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်က မီးဇာရွာမှ အရပ်သားပြည်သူ ၉ ဦးမှာ နိုဝင်ဘာလက ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။