(002MG)
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းမှုများလည်း ပြုလုပ်ပြီးဖြစ်သောကြောင့် ၂ ပတ် နီးပါး စစ်ဘေးတိမ်းရှောင်နေကြသော ဒေသခံပြည်သူများ နိုဝင်ဘာလ ၁၂ ရက်နေ့ကစ၍ မြို့တွင်း ပြန်လည်နေထိုင်ကြပြီဟုသိရသည်။
CNO Upper Chindwin Region-UCR တာဝန်ရှိသူတဦးက “အခုက ပုံမှန်လေးဖြစ်နေပါပြီ ပြည်သူတွေကလည်း အသွားအလာကအစ၊ အရင်းတိုင်းပဲပေါ့ စျေးတွေလဲဖွင့်ပြီ။ စစ်ဘေးရှောင်တွေကလည်း အကုန်လုံးနီးပါး အိမ်ပြန်ကြပြီ။ အမှတ် (၁) ကခမ်းပတ်စခန်းနဲ့ကပ်ရပ်ကြီးဆိုတော့ လက်နက်ကြီးတွေ ပစ်လို့မကွဲတဲ့ဟာမျိုးအတွက် နယ်မြေရှင်းလင်း ရေးဆက်လုပ် နေတာနဲ့သူတို့က မနေ့တနေ့ကမှ သူတို့အိမ်ပြန်ကြတာပေါ့။” ဟု ပြောသည်။
ကလေး-တမူးကားလမ်းမ ပေါ်တွင်ရှိသော ခါမ်းပါတ်မြို့က စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၃ ရက်နေ့ကစ၍ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ခမ်းပတ်တမြို့လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြသည်။
ခါမ်းပါတ်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံပြည်သူအားလုံးသည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအခါ မိမိနေရပ်သို့ အသီးသီး ပြန်လည်နေထိုင်ကြပြီဖြစ်သည်။
ခါမ်းပါတ်တမြို့လုံးသည် စစ်ကောင်စီတပ်ဖွဲ့များ၊ပျူစောထီးများ ကင်းစင်သည့်နယ်မြေဖြစ်လာပြီး ပြည်သူလူထုများလည်း စိုးရိမ်ကြောက်ရွံမူကင်းစွာဖြင့် သွားလာလှုပ်ရှားနေကြပြီဟု သိရသည်။
”မနေ့က ပြန်ကြတာ၊ အခုကမြို့ထဲမှာ စစ်သားတွေမရှိတော့ဘူး။ ဘာမှစိုးရိမ်စရာ မရှိတော့ဘူး၊ ဘုရားကျောင်း လဲတက်လို့ ရပြီ။” ဟု ခါမ်းပါတ်မြို့ခံတစ်ဦးက ပြောသည်။
ခါမ်းပါတ်မြို့သည် ပုံမှန်အတိုင်းရှိလာပြီဖြစ်သော်လည်း ကလေး-တမူးကားလမ်းပိုင်းအား လုံခြုံရေးအခြေအနေများကြောင့် ပြည်သူများ ဖြတ်သန်းသွားလာအသုံးပြုခွင့်မပြုသေးသည့်အပြင် အရေးပေါ်ကျန်းမာရေးအခြေအနေများအတွက်သာ သွားလာခွင့်ပြုထားသည်ဟု CNO Upper Chindwin Region-UCR က တာဝန်ရှိသူက ပြောသည်။
ခါမ်းပါတ်မြို့တွင် ရပ်ကွက်ကြီး (၅) ခုရှိပြီး လူဦးရေ (၅၀၀၀) နီးပါးရှိကာ ချင်းလူမျိုးအများစုနေထိုင်သည့် မြို့ဖြစ်သည်။