ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ထွက်ခွာလာသော အင်အား (၂၀ဝ) ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ဖလမ်း-ဟားခါးကားလမ်းမပေါ်က တာလ်ကျေးရွာနှင့် တလန်ဇာကျေးရွာက အိမ်ခြေ ၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင် (၉) ရက်နေ့က ဖလမ်းမြို့နယ်၊ တားလ် (Taal) ကျေးရွာမှ နေအိမ် (၂၉) လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။
တားလ်ကျေးရွာသည် ဖလမ်း-ဟားခါးလမ်းမပေါ်တွင် တည်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် စကစတပ်မှ မီးရှို့ဖျက်စီးခဲ့ကြပြီး ယခု ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် (၅) လုံးကိုလည်း ဖောက်ထွင်းခဲ့ကြပါသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ထုတ်ပြန်သည်။
စစ်ကား ၂၇ စီးဖြင့် ဟားခါးမြို့ကို ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် CNDF, CNA, CDF နှင့် CJDC ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လမ်းတလျှောက် ခုခံတိုက်ခိုက်လျှက်ရှိပြီး အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် တလန်ရောန်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် သူနာပြုဆရာမနေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်ဟု သိရသည်။
ဇူလိုင်လ (၁၀) ရက်နေ့ မွန်းလွဲပိုင်းကလည်း တလန်ဇာရ်ကျေးရွာ ရှိနေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့ခဲ့ရာ နေအိမ် (၆) လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။