(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ပြည်သူများ မြင်ချင်နေသည့် စစ်ဆင်ရေးတိုက်ပွဲ ဖော်ဆောင်နေပြီး မကြာမီမှာ သတင်းထုတ်ပြန်ပေးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့မှာ ကြေညာသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ်က တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲလျက်ရှိနေသော်လည်း လက်ရှိမှာ အသေးစိတ် ဖြေဆို၍မရသေးသည့်အတွက် မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု CDF – မင်းတပ်မှ တာဝန်ရှိသူများက ပြောသည်။
တိုက်ပွဲများ ဆင်နွှဲနေကြသည့် CDF – မင်းတပ်အတွက် ဆုတောင်းပေးကြရန်လည်း CDF – မင်းတပ်၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်ကလည်း မင်းတပ်မြို့ပေါ်၊ ဘဝသစ်ရပ်ကွက်၊ စာတိုက်ရုံးအနီးမှာ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ရာ စစ်ကောင်စီက ၁ ဦး ပွဲချင်းပြီး သေဆုံးကာ၊ ၆ ဦး ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနေစဉ် တစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် ထိတွေ့ပစ်ခတ်မှုများ ပြန်ဖြစ်ပွားလာပြီး စစ်ကောင်စီက လမ်းမပေါ်နှင့် နေအိမ်အပြင်ထွက်သူများကိုလည်း မသင်္ကာလျှင် ပစ်မိန့်ပေးထားသည့်အတွက် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ဒေသခံတချို့က ပြောသည်။
ယခုနှစ်အတွင်း မင်းတပ်မြို့နယ်တွင် ထိတွေ့တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ၇၂ ဦးသေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်၊ CDF မင်းတပ်မှ တိုက်ပွဲအတွင်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။