ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁၃ အောက်ချိုင်ရွာကို ဧပြီလ ၃ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ရာမှာ နိုင်ငံတကာက ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့်ပေါက်ကွဲသည့် Cluster ဗုံးများကို စစ်ကောင်စီက အသုံးပြုကြောင်း တွေ့ရှိရသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် ဧပြီလ ၃ ရက်နေ့ နေ့လည် ၂ နာရီ၀န်းကျင်တွင် အောက်ချိုင်ရွာကို ဆင့်ပွား ထပ်ဆင့်ပေါက်ကွဲသည့် Cluster ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ (၂) နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ (၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၄၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် (၅၃) နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အခြား အသေးစား ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု သိရသည်။
ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာဝန်းကျင်ရှိ တောအုပ်များ၊ လူနေအိမ်များ မီးလောင်ပျက်စီး၍ လူနေအိမ် ၁၂ အိမ် အကြီးအကျယ်ပျက်စီးပြီး တစ်ရွာလုံးအနှံ့ လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်များ၊ ဆရာ/မ အဆောင်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ် ရေး- သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းက ထုတ်ပြန်သည်။
Cluster ဗုံးများကြဲချရာတွင် မပေါက်ကွဲခဲ့သော ဗုံးငယ်များ (droplets) သည် မိုင်းအသွင် ဆက်လက်ရှိနိုင်သောကြောင့် ဒေသခံများအတွက် မိုင်းအန္တရာယ်များနှင့် ဆက်လက်ကြုံတွေ့နေရသည်ဟု ဆိုသည်။
ဒေသခံပြည်သူများအနေဖြင့် မိမိတို့ နေအိမ်၊ ကျေးရွာဝန်းကျင်၊ တောင်ယာများသို့ သွားလာရာတွင်လည်း သတိဖြင့် သွားလာ၍ မပေါက်ကွဲသေးသော ကြွင်းကျန်ဗုံးများ၊ ဒုံးကျည်များ၊ မိုင်းများ၊ သံထည်ဝတ္ထုများ၊ ဝါယာကြိုးများ ကို တွေ့ရှိလျှင် ၎င်းတို့အား ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ခြင်း၊ နေအိမ်သို့ ယူဆောင်ခြင်းတို့ (လုံးဝ.. လုံးဝ) မပြုလုပ်ဘဲ တွေ့ရှိသည့်နေရာကို အမှတ်အသားပြုလုပ်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များကို အကြောင်းကြားရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ကလည်း အလားတူ ဆင့်ပွားထပ်ဆင့် ပေါက်ကွဲစေသည့် Cluster ဗုံးများအသုံးပြု၍ မင်းတပ်မြို့နယ်၊ တိုက်နယ် (၁) အတွင်းရှိ ပန်းပါရွာကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ယင်းလေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၃) ဦးသေဆုံးပြီး ဒဏ်ရာရသူ ၆ ဦးထက်မနည်းရှိခဲ့သည်ဟု သိရသည်။
ထပ်ဆင့်ပေါက်ကွဲစေသော Cluster ဗုံးသည် အသုံးပြုချိန်တွင် တချို့အစိတ်အပိုင်းများမှာ ထပ်ဆင့်မကွဲဘဲ ကျန်ရှိပြီး မြေမြုပ်ဗုံးကဲ့သို့ နောင်မှ ထပ်မံပေါက်ကွဲ၍ အရပ်သားပြည်သူများကိုလည်း ထိခိုက်စေသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ထပ်ဆင့်ပေါက်ကွဲစေသော ဗုံးအသုံးပြုမှု တားမြစ်ချက် ၂၀၀၈ ခုနှစ် သဘောတူညီကို လက်မှတ်ရေးမထိုးထားကြောင်း သိရသည်။