(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က (၅) လကျော်ကြာ ရေမီးဖြတ်တောက်ထား မှုကို အမြန်ဆုံးပြန်လည်ရရှိရေးအတွက် မင်းတပ်မြို့ပေါ်ပြည်သူများက တောင်းဆိုနေကြသည်ဟု သိရသည်။
နိုဝင်ဘာလ ၅ ရက်က မြို့မစည်ပင်ခန်းမတွင် မင်းတပ်မြို့ပေါ် ရေမီး အမြန်ဆုံးပြန်လည် ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေး ၂၀၀၀ ကျော် မြို့ခံလူထုက နိုဝင်ဘာလ ၁၅ ရက်က သဘောထား ထုတ်ပြန်သည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
“ရေမီးရရှိရေးက အကြိမ်ကြိမ် မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးဆီမှာလည်း မြို့မိမြို့ဖနဲ့ ဘာသာရေးခေါင်းဆောင်းတွေက သွားရောက်ညှိနှိုင်းပါတယ်။ သူတို့က တစ်ပတ်ဆို အစည်းအဝေးလုပ်မယ်၊ တစ်လဆိုရင် အစည်းအဝေးလုပ်မယ်။ တစ်လကြာပေးမယ်နဲ့ မျှော်နေရတာ ကြာပြီ။ မင်းတပ်က မိဘများပဲ နေကြပါတယ်။ သားတို့သမီးတို့ သနားကြပါဆိုပြီး ဘုန်းဘုန်းက အစ တောင်းဆိုကြပေမယ့် ဘာမှ မရဘူး။ မရတဲ့အတွက်ကြောင့် ပြည်သူလူထုက ဆန္ဒတောင် ပြချင်တာ။ ဆန္ဒပြတာတော့ မလုပ်ပါနဲ့ဆိုပြီး လူထုအစည်းအဝေးကို စည်ပင်ခန်းမမှာ စည်းဝေးကြပြီးတော့ ရေမီးရရှိဖို့ ဖော်ထုတ်ချင်ဖြစ်ပါတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
မြို့ရွာအနှံတွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် ငွေကြေးခက်ခဲ၍ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိပြီး နေထိုင်ရာတွင် မြို့ပေါ်ရှိ စာသင်ကျောင်းများ၊ ဆေးရုံရှိ လူနာများ၊ သာရေး နာရေး အချိန်များတွင် ထင်း၊ မီးသွေး၊ ရေများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသည်ဟု မင်းတပ်မြို့ခံလူထုက သဘောထားထုတ်ပြန်သည်။
ပွင့်လင်းနွေရာသီ ရောက်ရှိလာပြီးဖြစ်သောကြောင့်လည်း သောက်သုံးရေ ဝယ်ယူသုံးစွဲရန် ခက်ခဲလာမည်ဖြစ်သည်ဟု သိရသည်။
မင်းတပ်မြို့ခံ လူထုသည် ယခင်က လျှပ်စစ်မီးနှင့်သောက်သုံးရေးများကို အဆင်ပြေစွာ ရရှိခဲ့ပြီး နိုင်ငံအနှံရှိ မြို့များ၏ တိုက်ပွဲများတွင်လည်း မြို့များကို ရေ/မီးကို ဦးတည်ဖြတ်တောက်မှု မရှိသည့်အတွက် မင်းတပ်မြို့ပေါ်ကိုလည်း ရေမီး အမြန်ဆုံးပြန်လည် ပေးစေချင်သည်ဟု သိရသည်။
မင်းတပ်မြို့ခံ ၂၀၀၀ ၏ သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ CDF မင်းတပ်နှင့် မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။