(06SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးသို့ ရိက္ခာပို့ရန် ထိုးစစ်ဆင်နေသော အင်အား ၃၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်တန်းသည် မဆာတွီကျေးရွာတွင် နှစ်ရက်နေသွားစဉ် ကျေးရွာပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့် ယူဆောင်ခြင်းတို့ ပြုလုပ်သွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်ထံမှ သိရသည်။
“ဘာသာရေးနဲ့ ကျောင်းအဆောက်အဦးအတွင်းက ပရိဘောဂတွေ စာရေးကိရိယာတွေ၊ မီးစက်၊ ဘက်ထရီ၊ ဆိုလာတွေ ယူသွားကြတာပါ။ ပြည်သူနေအိမ်အတွင်းက သေတ္တာ၊ စတီခုံတွေလည်း ယူသွားကြတယ်၊၊ ကျောင်းပိုင်ပစ္စည်းလည်း အကုန်ပျောက်ကုန်တယ်။ အိမ်မွေးတိရစ္ဆာန်တွေ သတ်ဖြတ်စားသောက်မှုကတော့ အရေတွက် မသိရသေးဘူး” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် မဆာတွီကျေးရွာမှ ဘာသာရေးအဆောက်အအုံများ စာသင်ကျောင်းများနှင့် နေအိမ်များကို ဖျက်စီးမှုများ ပြုလုပ်သွားပြီး အရပ်သားပြည်သူပိုင် ပစ္စည်းများကိုလည်း ယူဆောင်သွားကြသည်ဟု သိရသည်။
ဒေသခံပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်မှု၊ ပိုင်ဆိုင်မှုများကို ယူဆောင်သွားမှုများနှင့်ပတ်သက်၍ စစ်ရှောင်ပြေးနေရသော ရွာသားများ ပြန်လာမှသာ အသေးစိတ် သိရှိနိုင်မည်ဟု သိရသည်။
၎င်းစစ်ကြောင်းသည် စစ်ကားအစီး ၂၀ ကျော်၊ အင်အား ၃၀၀ ကျော်ဖြင့် ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် ဇူလိုင်လ ၁၆ ရက်မှ စတင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ဇူလိုင် ၂၁ ရက်က မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာကြား ၎င်းစစ်ကောင်စီစစ်ကြောင်းနှင့် ချင်းပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ထိခိုက်သေဆုံးမှုများရှိသည်ဟု CDF- ကန်ပက်လက်ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇူလိုင် ၂၄ ရက်က မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီးမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ၇ ဦးခန့် သေဆုံးပြီး ချင်းကာကွယ်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့မှ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရဿည်။
ကန်ပက်လက်တွင် အင်အားအများအပြားနှင့် စစ်ကောင်စီ၏ စစ်မျက်နှာ ၂ ခုကို ရင်ဆိုင်နေရသော ချင်းပူးပေါင်းတပ်များသည် တိုက်ပွဲရက်ရှည်လာသည်နှင့်အမျှ ခဲယမ်း၊ ရိက္ခာနှင့် အကူအညီများ လိုအပ်နေသည်။
ကျင်ဒွေးသို့ ရိက္ခာပို့ရန် ဇူလိုင် ၁၄ ရက်နေ့ကတည်းက စတင်ထွက်ခွါလာသော စစ်ကောင်စီယာဉ်တန်းသည် ယနေ့ ဇူလိုင် ၂၅ ရက်နေ့တွင် လှိုင်ဒုတ်ရွာသစ်နားသို့ ရောက်ရှိပြီဖြစ်ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်ဖွယ်ရှိကြောင်း သိရသည်။