ချင်းပြည်နယ်၊ မတူပီမြို့ပေါ်တွင် ကုန်တင်ကားများ ပြေးဆွဲမှုမရှိသည်မှာ လချီကြာနေပြီဖြစ်သောကြောင့် လက်ရှိ တွင် ဆန်နှင့် စက်သုံးဆီးများ ပြတ်လပ်နေသည့်အပြင် ကုန်စျေးနှုန်းများအဆမတန်မြင့်တက်နေမှုကြောင့် ပြည်သူများ နေထိုင်စားသောက်ရေးတွင် အခက်တွေ့နေကြရကြောင်းသိရသည်။
“ဆန်တွေက အခုလုံးဝ ဝယ်လို့မရတော့ဘူး။ ရောင်းတဲ့လူလည်းမရှိဘူး။ ဆန်ရယ်ဓာတ်ဆီရယ် အကုန်လုံး ပြတ်တယ်။ အဓိကတော့ ကားတွေမဝင်နိုင်ဘူး။ ဆန်က ပခုက္ကူကနေရောက်တယ်ဆိုတော့ လိုင်းကား လည်းသွားလို့မရ ကုန်တင်ကား လည်း လာလို့မရဆိုတော့။ ဒီအရင်တုန်းက စုဆောင်းတဲ့ဟာတွေပဲ စားသုံး နေရတယ်။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။
မတူပီမြို့သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အဓိကအသုံးပြုသည့် မတူပီ-မင်းတပ်လမ်း၊ ဟားခါး-မတူပီလမ်း တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ မကြာခဏထိတွေ့ ဖြစ်ပွားပြီးနောက်ပိုင်း ပြည်သူများဖြတ်သန်းသွားလာ အသုံးမပြုတော့သည့်အပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကုန်တင်ကားများပြေးဆွဲမှု မရှိတော့ခြင်းဖြစ်သည်။
မတူပီမြို့ပေါ်တွင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ကာလကြာရှ ည်ပြတ်တောက်နေပါက ပြည်သူများ ယခုထက်ပိုမိုခက်ခဲမှုများကြုံ လာနိုင်သောကြောင့် ခရိုင်ထွေအုပ်နှင့် မြို့ နယ်ထွေအုပ်ထံတွင် တင်ပြထားသော်လည်း ယခုချိန်ထိအကြောင်းပြန်မလာသေးကြောင်း မတူပီမြို့ ရပ်မိရပ်ဖ တစ်ဦး ကပြောသည်။
“ထွေအုပ်နဲ့ စည်းဝေးထိုင်တော့ တင်ပြထားတယ်။ ဓာတ်ဆီတွေ ဒီဇယ်ကလည်း ပြတ်တယ်ဆိုတော့ ဆန် ကြိတ်တဲ့ သူတွေ နောက် မေလ-ဇွန်လထိတောက်လျှောက် ပြတ်မယ်ဆိုရင်တော့ လယ်ထွန်မဲ့သူတွေလည်း ဒုက္ခရောက်မယ် လယ်ထွန်စက်တွေလည်းသုံးထားတယ်ဆိုတော့။ ဖြစ်နိုင်လို့ရှိရင် မြို့နယ်လူထု၊ နယ်ကလူတွေ လယ်ထွန် နိုင်အောင် ကျွန်တော်တို့ ဆန်တွေလည်း သယ်နိုင်အောင်။ ဆန်သယ်ကားတွေပေါ့ ဘယ်လိုစီစဉ်မ လဲဆိုတာ တင်ပြထားတာ တစ်ပတ်လောက်ရှိပြီ အဲ့တာဘာမှ အကြောင်းမပြန်လာသေးဘူး။ ဘာမှမထူးသေးဘူး” ဟု မတူပီမြို့ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။
မတူပီမြို့ပေါ် ပြည်သူအများစုမှာ ဆန်ပြတ်လပ်မှုကြုံတွေ့နေကြရပြီး လက်ရှိတွင် လယ်လုပ်ပြီး ဆန်ကြိတ်ရောင်းသူများထံမှ ဝယ်ယူစားသုံးနေကြသည်ဟုလည်း သိရသည်။
ထို့အပြင် မတူပီမြို့ပေါ်တွင် ကုန်ပစ္စည်းများစျေးတက်နေပြီး ဆန်အမျိုးအစားအမျိုးမျိုးများထဲမှ မှုလဆန်တစ်အိတ်ပုံမှန် စျေး ၃၇၀၀၀ ကျပ်တန်သည် ယခုတွင် ၅၈၀၀၀ ကျပ်အထိမြင့်တက်နေသည့်အပြင် ဓာတ်ဆီတစ်လီတာမှာလည်း ယခင်က တစ်ထောင် ကျပ်မှ ငါးထောင်ကျပ်အထိမြင့်တက်နေကြောင်း သိရသည်။
မတူပီမြို့နယ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းစတင်ပြီး MPT စက်တွင် အသုံးပြုသော စက်သုံးဆီများ ပြတ်လပ်ခြင်း ကြောင့် ၄ ရက်အကြာ MPT ဖုန်းလိုင််းပျက်တောက်ခဲ့ရပြီး ယမန်နေ့တွင် ဖုန်းလိုင်းများပြန်လည် ရရှိပြီဖြစ်သည်။
လက်ရှိ မတူပီမြို့နယ်တွင် ဆက်သွယ်ရေးအတွက် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC-Sim Card နှင့် MPT- Sim Card ကိုသာ အသုံးပြုနိုင်သည်ဟု သိရသည်။