ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းက မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF-Thantlang တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါမိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF-Thantlang တပ်ရင်း ၄ မှ ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ကြပြီး ၎င်းတို့အနက် ရဲဘော် ၂ ဦးမှာ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြသည်ဟု Chin Broadcasting Network (CBN) သတင်းဌာနက ဖော်ပြသည်။
မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားသော ရဲဘော်နှစ်ဦးမှာ Tum Bawi Tling နှင့် Biak Tha Peng တို့ဖြစ်ကြသည်ဟု သိရသည်။
ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူခဲ့ကြစဉ်တွင် သိမ်းဆည်းရမိသော မိုင်းများကို နေထုတ်လှန်းရာတွင် ယခုကဲ့သို့မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။