အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် Assam ပြည်နယ်စပ်တွင် ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့က နှစ်ဖက်ရဲများအကြား နယ်နိမိတ်အရေး တင်းမာမှုဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် မိနစ် ၅၀ ကြာ ပစ်ခတ်ခဲ့ကြပြီး မီဇိုရမ်ပြည်ဘက်၌ သေဆုံးသူမရှိကြောင်းနှင့် Assam ပြည်နယ်ရဲများ ဒဏ်ရာရရှိသူနှင့် သေဆုံးသူများရှိနေကြောင်းသိရပြီး တိကျခိုင်လုံသည့် သတင်းအချက်အလက်မရရှိသေးကြောင်း ဒေသသတင်း Zonet တွင် ဖော်ပြသည်။
ဖြစ်ပုံမှာ နှစ်ဖက်နယ်နမိတ်ပြဿနာနဲ့စပ်လျဉ်း၍ ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့ နေ့လည်တွင် Assam ပြည်နယ် လက်နက်ကိုင်ရဲတပ်ဖွဲ့တို့သည် မီဇိုရမ်ပြည်နယ်ထဲကိုဝင်ရောက်ပြီး မီဇိုရမ်ပြည်နယ် Vairengte ကျေးရွာ သုံးဘီးဂိတ်ရှိသည့်နေရာအထိ ဝင်ရောက်လာသည့်အပြင် မီဇိုရမ်ပြည်နယ် နယ်စပ်လုံခြုံရေးစခန်း Duty post ကိုလည်း အတင်းကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်ရဲများနှင့် ဒေသခံမီဇိုးလူငယ်များက ထွက်သွားဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း Assam ပြည်နယ်ရဲများက လှည့်မပြန်ခဲ့ကြသည့်အတွက် အခြေအနေတဖြေးဖြေးတင်းမာလာပြီး ယခုလို ညနေ ၄ နာရီခွဲလောက်တွင် နှစ်ဖက်လက်နက်ကိုင်ရဲများ မိနစ် ၅၀ ကြာ ပစ်ခတ်ခဲ့ကြပြီးနောက် Assam ပြည်နယ်ရဲများ ပြန်လှည့်ထွက်သွားခဲ့ကြကြောင်း သိရသည်။