မြန်မာ့ရုပ်ရှင်ဒါရိုက်တာ ကိုပေါက်မှ ပုံဖော်ဖန်တီးထားသော “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၉ နေ့တွင် ပြသခဲ့ကြပြီး ရုံအပြည့် အားပေးမှုရှိခဲ့သည်။
ယင်းအစီစဉ်ကို မီဇိုရမ်ပြည်နယ်အခြေစိုက် မြန်မာအရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့အစည်းများမှ ပူးပေါင်စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အိုင်ဇောလ်မြို့ Dawrpui Multipurpose ခန်းမတွင် ယနေ့ မွန်းလွဲပိုင်း တစ်နာရီတွင် ပြသခဲ့ကြပြီး လာရောက်ကြည့်ရှုသူ ပရိတ်သတ် ၅၀ဝ ဝန်းကျင်ခန့်ရှိခဲ့သည်။
ယနေ့ရုပ်ရှင်ပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေး ဒု-ဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ NUG ၏ အိန္ဒိယနိုင်ငံဆိုင်ရာ သံကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်တို့က တော်လှန်ရေးအမှာစကားများ ပြောကြားခဲ့သည်။
ယင်းရုပ်ရှင်ဇာတ်လမ်းတိုကို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူ အနုပညာရှင်တစ်ဦးဖြစ်သည့် ဒါရိုက်တာကိုပေါက်က တောတွင်းတနေရာမှာ အိုင်ဖုန်းတလုံးဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသော ဇာတ်လမ်းဖြစ်သည်။