(003PT)
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့၏အမည်ကို ခုတုံးလုပ်ပြီး နာမည်ဆိုးထွက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မှုများ ရှိနေသည့်အတွက် ရပ်တန်းကရပ်ကြရန် CDF-Paletwa က အောက်တိုဘာ လ ၈ ရက်နေ့က သတိပေးထုတ်ပြန်သည်။
ယခုရက်ပိုင်းတွင် ပလက်ဝမြို့နယ်အတွင်းရှိ အင်္ဂလီကန် အသင်းတော်မှ အသင်းသူ/သား တစ်ချို့တို့သည် လက်နက်ကိုင် အဖွဲ့၏ အမည်ကို ခုတုံးလုပ်ပြီး အင်္ဂလီကန် အသင်းတော်၏ အသင်းလူကြီးများထံ ခြိမ်းခြောက်စာပေးပို့ခြင်း၊ မဟုတ် မမှန်သတင်းများဖြန့်ေ၀ခြင်း၊ လက်နက်ကိုင်အဖွဲ့များ၏ နာမည်ဆိုးထွက်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း၊ အချင်း ချင်းစိတ်၀◌မ်းကွဲစေမည့် သတင်းအချက်အလက်များဖြင့် ၀◌ါဒမှိုင်းတိုက်ခြင်းစသည်တို့ကို လုပ်ဆောင်လျှက်ရှိသည်ဟု CDF-Paletwa ကဆိုသည်။
ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သူ ဆလိုင်းမျိုးထိုက်က “ကျွန်တော်တို့က မြေပြင်မှာ ဖြစ်နေတဲ့ ဘာသာ ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ပြောရမယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တဲ့ကိစ္စတွေမှာ အခုနလို လက်နက် ကိုင်အဖွဲ့အစည်းတွေဆိုပြီးမှ လက်နက်ကိုင်အဖွဲ့တွေကို နာမည်ပျက်အောင် အဲ့လိုလုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့က လုံးဝကို ရှုတ်ချပါတယ်၊ ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတာက အာဏာရှင်ဖြုတ်ချရေးနှင့် ပြည်သူ့လွတ်မြောက် ရေးပဲ၊ ကျွန်တော်တို့ က အဲ့ဒီ ဘာသာရေးတွေ၊ လူမှုရေးတွေကို အခြေခံပြီးမှ မလုပ်ဘူး” ဟုပြောသည်။
CDF-Paletwa သည် ချင်းပြည်နယ်အတွင်း ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ တစ်နိုင်ငံလုံး၏ ဘုံရန်သူဖြစ်သည့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းလျက်ရှိပြီး ပြည်သူ့လွတ်မြောက်ရေးအတွက် တစ်စိုက် မတ်မတ် ဦးတည်လျက် တော်လှန်နေသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့်အလျောက် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွပ်ဖက်ခြင်း လုံးဝမရှိကြောင်း CDF-Paletwa ကဆိုသည်။
ထို့ကြောင့် ယခု ထုတ်ပြန်သည့်နေ့မှစ၍ တော်လှန်ရေးအမည်ကို ခုတုံးလုပ်ကာ အဖျက်အမှောက် အဟုန့်အတားဖြစ်စေသော မည်သည့် လုပ်ရပ်ကိုမဆို ရပ်တန်းကရပ်ရန်နှင့် ဆက်လက်ကျူးလွန်မှု လုပ်ဆောင်နေပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF-Paletwa ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။