(005MK)
လူနည်းစု တိုင်းရင်းသားများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည့် လုပ်ရပ်များ ကျူးလွန်နေသော အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဝိုင်းပယ် ကန့်ကွက်ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အလေးအနက် ပန်ကြားတောင်းဆိုလိုက်သည်။
အာဏာသိမ်း စစ်ကောင်စီသည် ယမန်နေ့ အောက်တိုဘာလ (၉) ရက် ည (၁၁) နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေးသူငယ်များ၊ အသက် အရွယ်အိုမင်းသူများနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ (၃၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ (၅၀) ဦးထက်မနည်း ထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု ICNCC ကပြောသည်။
ထိုနည်းတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နှင့် (၈) ရက်နေ့များတွင် ချင်းလူမျိုးများ အများစုနေထိုင်သော စစ်ကိုင်း တိုင်း၊ ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာအား နှစ်ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့ရာ အနည်းဆုံး အိမ်ခြေ (၈၀) ကျော် ပျက်စီးဆုံး ရှုံးခဲ့သည့်ပြင်၊ ချင်းအမျိုးသမီး Pi Ngai Hnem (အသက် ၆၇ နှစ်) နှင့် မြေးဖြစ်သူ Salai Van Bawi Lian (အသက် ၁၄ နှစ်) တို့အား စစ်ကောင်စီတပ်ဖွဲ့က ရက်စက်စွာသတ်ဖြတ်မီးရှို့ခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီက လူနည်းစုတိုင်းရင်းသားများအပေါ် ဤကဲ့သို့ အကြိမ်ကြိမ်ပြုကျင့်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများအပါအဝင် အရပ်သားပြည်သူများ၏ အသက်ရှင်သန်ပိုင်ခွင့်တို့ကို မျက်ကွယ်ပြုရာရောက်ပြီး၊ လူနည်းစုတိုင်းရင်းသားများအား လူမျိုးတုံးသတ်ဖြတ်မှုမြောက် သည့်လုပ်ရပ်များဖြစ်သဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်း စစ်ကောင်စီအား ဝိုင်းပယ် ကန့်ကွက်ကြရန် မိမိတို့ကောင်စီအနေဖြင့် အလေးအနက် ပန်ကြားအပ်ပါသည်ဟု ICNCC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုအချိန်သည် မိမိတို့နိုင်ငံ၏သမိုင်း၌ အလွန်အရေးကြီးသည့်အချိန်ကာလဖြစ်ရာ ကချင်နှင့် ချင်းလူမျိုးများအပါအဝင် လူနည်းစုတိုင်းရင်းသားများနှင့် နွေဦးတော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် တောင်တန်း-ပြည်မ စည်းလုံးညီညွတ်စွာ အချင်းချင်း လက်တွဲမဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင်ရောက်ရှိသည်အထိ နည်းမျိုးစုံဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်သွားကြရန်လည်း ICNCC က အလေးအနက် တိုက်တွန်းထားပါသည်။